ဧည့်သည် ပြန်ပြီလား

fb_img_1638790212152.jpg

ဒီနေ့တော့ ခါတိုင်း ထနေကြ အချိန်အတိုင်း အိပ်ရာမှ ထ၏။ ကျနော် အိပ်ရာထချိန်က မနက် ဆယ်နာရီ ပတ်ခြာလည်လောက် ဖြစ်၏။ လုပ်စရာ ရှိသည့် ရက်မျိုးဆိုလျှင်တော့ အစော ထဖြစ်၏။ ထွေထွေထူးထူး မရှိလျှင်တော့ ဆယ်နာရီထိ အိပ်၏။ ထိုထက်တော့ ပို အိပ်လို့ မရပေ။ အမေက ဆယ်နာရီ ကျော်သည်နှင့် နှိုးတော့၏။ ထိုထက် ပို၍ ပေး မအိပ်ပေ။ ညဘက် ဘယ်အချိန် အိပ်သည် ဖြစ်စေ၊ မနက်ကိုတော့ ဆယ်နာရီ မဖြစ်မနေ ထရ၏။

ပုံမှန် အားဖြင့် မနက် အိပ်ရာထ အိမ်အောက်ဆင်းလာသည်နှင့် အသင့်စောင့်နေတတ်သည့် ကိုရွှေကြောင်ကို တွေ့ရလေ့ ရှိ၏။ မနက်စာ စားရန် အလို့ငှာ ကျနော့်ကို စောင့်ဆိုင်း နေတတ်၏။ သူ အိမ်ကို ရောက်လာပြီး ကတည်းက မနက်ဖက် သူ့ကို မတွေ့ရတာ ပထမဆုံး အကြိမ် ဖြစ်၏။ တနေရာရာ သွားနေသည် ထင်၏။ ခဏနေတော့ ရောက်လာပေလိမ့်မည်။ ပြီး တညှောင်ညှောင်နဲ့ အစာ တောင်းပေလိမ့်မည်။

ခဏနေ မဟုတ် နေ့လည်ခင်း ကျနော်တို့ ထမင်း စားချိန်မှာလည်း သူ ပေါ်မလာပေ။ ဘယ်များ သဝေထိုးနေသနည်း။ တဖြည်းဖြည်း ညနေစောင်းသို့ ရောက်၏။ ထို့နောက် ညစာ စားချိန်၊ ဒီအချိန်မှာလည်း သူ မပေါ်လာပေ။

img_0.3900989244337982.jpg

သံယောဇဥ် မထားဘူး ဆိုပေမယ့် တပတ်လောက် အိမ်မှာ လာနေ နေပြီး သွားလေရာ တကောက်ကောက်လိုက် အစာတောင်းနေလေ့ ရှိသဖြင့် အချိန်တန်တော့လည်း မျက်စိ ရှာမိ၏။ သံယောဇဥ် ဆိုသည့် အမျိုးက ခက်သားရယ်။ သိစိတ်က မထားဘူး မထားဘူး လုပ်သော်လည်း မသိစိတ်က ရှာနေမိ၏။

ဘယ်များ သွားနေသနည်း။ သူ့ မူလနေရာ ကိုပဲ ပြန်သွားလေ သလော။ တယောက်ယောက်များ ဖမ်းသွားလေသလော။ ခွေးတွေများ ကိုက်ပစ် လိုက်လေသလော။ စိတ်မပူဘူးဆိုပေမယ့် တွေးတော့ ပူနေမိ၏။ နင့်ကြောင်လေ နင့်ကြောင်နှင့် ပြောတတ်သော အမေတောင် ကြောင်လေး မလာဘူးပဲ။ မနက် အစော ငါ ဆွမ်းလောင်းဖို့ ဆင်း ကတည်းက ကို မတွေ့တာဟု အမေကတော့ ပြော၏။

ဒီကောင် စိတ်များ ​ကောက်သွား လေသလားပေါ့။ မနေ့က မနက်စာ တနပ်ကိုသာ ကြောင်စာ ကျွေးပြီး၊ နေ့လည်စာ၊ ညစာကို ထမင်းနှင့် အသား အရိုး အနည်းငယ် နယ်ဖတ်ပြီး ကျွေးလိုက် လို့များလားပေါ့။ (မစားဘဲတော့ မနေ၊ စား၏။) ကြောင်စာပဲ စားချင်တာကို ထမင်းတွေ လာကျွေးနေတယ် ဆိုပြီးတော့ များ စိတ်ဆိုးသွားတာ ဖြစ်နိုင်တယ် အမေဟု ကျနော်ပြောတော့ အမေရယ် လေ၏။ အင်း ခဏတာ အလည်လာသည့် ဧည့်သည် နှုတ်မဆက်ဘဲ ပြန်သွားပြီ ထင်၏။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center