ငါးလေးတစ်ကောင်ဖမ်းမိတယ်

image

ငါးလေးတစ်ကောင်ဖမ်းမိတယ်

“ကဲဟေ့ … ဒီနေ့ ဆရာ မင်းတို့ကို ကဗျာသင်မယ် လိုက်ဆို”

“တစ် … နှစ် … သုံး … လေး … ငါး”

“ငါးလေးတစ်ကောင်ဖမ်းမိတယ်”

“ဘာဖြစ်လို့ လွှတ်လိုက်တယ်”

“ကျွန်တော့်လက်ကို သူကိုက်တယ်”

“အား လား လား … အား လား လား”

ကလေးတွေ အားလုံးပျော်ရွှင်စွာနဲ့ဆို။ ဟန်နဲ့ ပန်နဲ့ လက်ကလေးတွေခါ။ အဲဒီအချိန်မှာ သန်းနိုင်က ပေတေတေ ရပ်နေ

“ဟေ့ သန်းနိုင် ဘာဖြစ်လို့ လိုက်မဆိုသလဲ”

“ဆရာကြီး သားတစ်ခု စဉ်းစားနေတာ”

“အလိုကွယ် ဘာများပါလိမ့်”

“ဆရာကြီးက ၁ ၂ ၃ ၄ ၅ ဆိုပြီးတော့ သားတို့ကို လက်ငါးချောင်း ချိုးခိုင်းတယ်နော်”

“အေးလေ”

“အဲဒါဆိုရင် ငါးက ငါးကောင်ပေါ့ … ဘာဖြစ်လို့ ဆရာကြီးက တစ်ကောင်ပဲ ဖမ်းမိတယ်လို့ စာရင်းပြရတာလဲ”

ရစ်ပြီ ကျွန်တော့်အတန်းမှာ ရစ်စိန်လို့ နာမည်ပေးထားတဲ့ သန်းနိုင်တစ်ယောက် ကျွန်တော့်ကို ရစ်ပြီ။ သူ့စကားကို ကျွန်တော်မရှင်းနိုင်ရင် သွားပြီ

“ဒီလိုရှိတယ်ကွ … သား ဟို ပုံပြင်လေး ကြားဖူးသလား”

“ပုံပြင်တွေဆိုတာကတော့ ပြောလိုက်ရင် ကြားဖူးတာတွေကများများရယ်ပါ”

“အဟမ်း … ကြားဖူးတဲ့ ပုံပြင်ပဲ ထားပါကွာ။ သစ်ကိုင်းပေါ်မှာ စာကလေး ငါးကောင် နားနေတယ်ကွာ။ သေနတ်နဲ့ ပစ်လိုက်တယ်ကွာ။ တစ်ကောင်ထိသွားတယ်ကွာ။ ဘယ်နှကောင် ကျန်မလဲ”

image

“ဆရာကြီးက ငါးကောင်မှာ တစ်ကောင်နုတ်လိုက်ရင် လေးကောင်ကျန်တာကို ပြောစေချင်တာလား၊ သေနတ်သံကြားပြီးတော့ တစ်ကောင်မှ မကျန်တော့ဘူး လန့်ပျံသွားတယ်ဆိုတာကို ပြောစေချင်တာလား”

ဒီကောင်နဲ့တော့ ခက်ပြီ။

“သေနတ်သံကြောင့်ဆိုရင်ရောကွာ”

“လေးကောင်ပဲကျန်မယ်ဆရာကြီး”

“မင်းဟာက လန့်မပျံတော့ဘူးလားကွာ”

“ဆရာကြီး လေသေနတ်ဆိုရင် ဘာသံမှ မြည်မှာ မဟုတ်ဘူး။ ထိတဲ့ကောင်ပဲ ပြုတ်ကျပြီးတော့၊ ကျန်တဲ့ ကောင်တွေက ဒီကောင် အိပ်ငိုက်ပြီး ပြုတ်ကျသွားတယ်ထင်မှာ”

“ကဲကွာ သေနတ်က ဒိုင်းဆိုပြီး မြည်ရင်ကော”

“ပိုမဖြစ်နိုင်ဘူး ဆရာကြီး။ ဘယ်စာကလေးကိုမှ ဒိုင်းဆိုပြီးမြည်လောက်တဲ့ သေနတ်နဲ့ ပစ်မှာ မဟုတ်ဘူး။ ဆရာကြီးပဲ သင်ထားတယ်လေ။ သားတို့ဆိုရင် လေးခွနဲ့ ပစ်နေကျ။ စာကလေးဆိုတာ ဒီလောက်ပဲတန်တယ်”

“ခုဆရာ သင်နေတာ ကဗျာလေးပါကွ … ပျော်စရာကောင်းပါတယ်။ လိုက်ဆိုကြည့်ပါ”

“တစ် … နှစ် … သုံး … လေး … ငါး”

“ငါးလေးတစ်ကောင်ဖမ်းမိတယ်”

“ဘာဖြစ်လို့ လွှတ်လိုက်တယ်”

“ကျွန်တော့်လက်ကို သူကိုက်တယ်”

“အား လား လား … အား လား လား”

“ဆရာကြီး”

“ဟေလကွာ”

“ငါးကိုဖမ်းမိပြီးတော့မှ လက်ကိုကိုက်လို့ လွှတ်လိုက်တယ်ဆိုတာတော့ တော်တော်ညံ့တဲ့ ငါးဖမ်းသမားပဲနော်။ သားတို့တောမှာ ဖမ်းမိတဲ့ငါးကို ကိုင်ပေါက်ပြီးမှ ပလိုင်းထဲထည့်တာ”

ကျွန်တော် ငိုချင်လာပြီ။ ဒီကောင့်ကို စာသင်ရတာ အတော်လေးခက်ပြီ

မြို့မှာတော့ ဖမ်းမိတဲ့ငါးကို လက်ကိုက်မှာကြောက်သဖြင့် လွှတ်ပေးလိုက်ကြောင်း သင်တန်းတွေ ပေးခြင်း ခံလိုက်ရတာ ကျွန်တော်တို့ပါခင်ဗျား။

တင်ညွန့်

photo : facebook

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center