MSO နှင့်ကျွန်တော်

image

Myanmar Steemit Organization (MSO) အဖွဲ့ ဟူ၍ ဖြစ်ပေါ်လာခဲ့ရာမှ အထီးကျန်သမားလေး ကျွန်တော့အဖို့ မိတ်ဆွေသူငယ်ချင်းအသစ်များ ရလာခဲ့ရလေသည်။

အချို့မှာ Steemit User အသစ်လေးများဖြစ်သဖြင့် အဖွဲ့ ၏ Messenger chat group အတွင်း steemit နှင့် ပတ်သက်သော မေးခွန်းကလေးများ၊ Tips and Tricks ကလေးများကို မေးတဲ့လူကမေးသဖြင့် တခါတရံကျွန်တော်အပါဝင်အဖွဲ့တစ်ခုလုံးမှ သိသူများက ၀င်ဆွေးနွေးကြစသဖြင့်
မသိသူနှင့် သိသူ အချင်းချင်း Sharing လုပ်နေကြသည်မှာ ကြည်နူးဖွယ်ရာကောင်းလှပါသည်။

အချို့မှာမူ Steemit Senior User များ ဖြစ်ကြသဖြင့် ကျွန်တော်နှင့် founder ကိုမျိုးမင်းအောင် တို့ထက်ပင် steemit ဟိုဘက်ခေတ် ဒီဘက်ခေတ် နှံ့စပ်ကြလေရာ ထိုသူများ၏ အတွေ့ အကြုံ Share ခြင်းများကိုလည်း အံ့သြမှင်သက်စွာ နားထောင်ခဲ့ရသည်လည်းရှိလေသည်။

သူတို့ပြောသော Steemit ရွှေရောင် ခေတ်ကြီးကို စိတ်ကူးပုံဖော်မှန်းဆရင်း နောက်တစ်ဖန်ထိုကဲ့သို့ ခေတ် ပြန်ရောက်ခဲ့လျှင် ဟူသော အတွေးများက နေ့စဉ်ရေးသားရမည့် စာသားများအတွက် အားဖြည့်ဆေးတစ်ခုပါပင်။

မည်သို့ပင်ဆိုစေကာမူ မိသားစုကွဲကွာပြီး အလုပ်အကိုင်လည်း မရှိသေးသဖြင့် အထီးကျန်ဆန်နေသော ကျွန်တော့်ဘ၀ထဲသို့ ၀င်ရောက်လာခဲ့သော အဆိုပါမိတ်သစ်ဆွေသစ် များကို အလွန်ကျေးဇူးတင်ပါသည်ဟု ယခု post လေးကနေ ကျေးဇူးတင်စကားပြောပါရစေ။

အထူးသဖြင့် အပေါင်းအသင်းနည်းပါးနေသော ကျွန်တော်သည် MSO စတင်သည့်နေ့မှ စ၍ တွေ့ဆုံခွင့်ရသော အသစ်အသစ်သော မိတ်ဆွေတို့ကို မောင်နှမ ညီအကိုအရင်းလို ရင်းနှီးခင်မင်မိနေပါသည်။ ကိုမျိုးမင်းအောင်မှပေးသော upvote link များကို နေ့စဉ် ပုံမှန် vote ပေးသည်သာမက အချို့မိတ်ဆွေများမှာ တနေ့လျှင် post တစ်ခုထက်မက တင်၊ Comment တစ်ခုထက်မက ရေးသားတတ်သူများရှိလျှင်လည်း အဆိုပါသူများအတွက် post တိုင်း post တိုင်း၊ comment တိုင်း comment တိုင်း နီးပါးလိုလို ကျွန်တော်၏ upvote တချက်ရရှိစေရန် အရံအကောင့်သစ်အနည်းငယ်ဖွင့်ကာ upvote ပေးခြင်းလည်းလုပ်ပေးဖြစ်ခဲ့ပါသည်။

Upvote တန်ဖိုးထက် Upvote အရေအတွက်သည် လတ်တလောတွင် မိမိနှင့်အတူ ညီအစ်ကိုမောင်နှမ များရှိသည်ဟူသော အသိကိုဝင်စေသဖြင့် စာရေးရန်အားဆေးတခွက် ဖြစ်မည်ဟုလည်း ယူဆမိပါသည်။

အချို့အဖွဲ့ဝင်များမှာမူ အကြောင်းအမျိုးမျိုးကြောင့် steemit အား စိတ်ဝင်စားမှုနည်းပါးနေပြီး နေ့စဉ် post တင်ခြင်း upvote ပေးခြင်းများ ပုံမှန်မလုပ်နိုင်သေးသည်ကို မြင်ရသည်မှာလည်း စိတ်မချမ်းမြေ့လှပါ။ ထိုသို့ ဖြစ်နေရခြင်းမှာ အဆိုပါကာယကံရှင်များ၏ စိတ်ဝင်စားမှု နည်းပါးခြင်းဟု ယူဆရသော်လည်း အပြစ်ဟုတော့မဆိုသာပါ။

အဘယ်ကြောင့်စိတ်ဝင်စားမှုနည်းရသနည်း?

image

အဖြေကတော့ရှင်းပါသည်။ လူဆိုသည်မှာ မိမိအတွက် အကျိုးအမြတ်တစ်စုံတစ်ရာမသေချာလျှင် နှစ်ရှည်လများစွဲမြဲနေသည့်အလေ့အကျင့်များကို ပြုပြင်ရန်ခဲယဉ်းလှပါသည်။

ဥပမာဆိုရသော် - Game ကစားရ၀ါသနာပါသူ Gamer တစ်ယောက်အတွက် နေ့စဉ် တစ်နေ့ တစ်နာရီခန့် ပုံမှန် game ဆော့ရန် မည်သို့မျှ ၀န်မလေးသော်လည်း (အမှန်မှာမဆော့ရလျှင်တောင် မနေနိုင်သူတွေများပါသည်။)
အဆိုပါ gamer ကို နေ့စဉ် တစ်နေ့ တစ်နာရီပုံမှန် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပါဟုဆိုလျှင် သူ့အတွက် အလွန်ခဲယဉ်းပေလိမ့်မည်။

ထိုနည်းတူစွာ Facebook ဟူသော Social Media တစ်ခုကို နှစ်ပေါင်းအတန်ကြာ အသုံးပြု လာမိသော ကျွန်တော်တို့သည် နိစ္စဓူဝ Facebook သုံးရသည်မှာ ၀န်လေးသော ပင်ပန်းသည်ဟုခံစားရသောအလုပ်မဟုတ်သော်လည်း Facebook မှာကဲ့သို့ ပေါ့ပေါ့ပါးပါး စာလေးငါးကြောင်းနှင့်ပုံတင် ပါ Like လုပ်ပေးကြပါဟုဆိုကာ Steemit သို့ဆွဲခေါ်ရသည်မှာမူ လွယ်မယောင်နှင့်ခဲယဉ်း သော အလုပ်တစ်ခုဟုဆိုရမည်ဖြစ်လေသည်။

ထိုသို့ဆိုရာတွင် Steemit ၏ လူသစ် New User များအတွက် အခွင့်အလမ်းဆွဲဆောင်မှု နည်းပါး သည်ကလည်း အကြောင်းရင်းတစ်ခုအဖြစ်ပါဝင်နေပါသည်။

ပထမဆုံးအချက်မှာ စတင်လုပ်ကိုင်ရန်အကောင့်ဖွင့်စဉ်ကပင် ချက်ချင်းမရဘဲ ဆယ်ရက်ကျော်အထိ စောင့်ရခြင်းများဖြစ်သည်။ ထိုသို့သောကြာချိန်ကာလသည် New User တစ်ယောက်ကို လက်လျှော့သွားစေနိုင် (သို့မဟုတ်) စိတ်ပြောင်းသွားစေနိုင် လေသည်။ အကြောင်းမှာမူ အကောင့်ရမှ ဟိုစမ်းဒီစမ်းလုပ် မေးမြန်းရမည်မဟုတ်ပါလော။
အကောင့်မရသေးသူမှာ သူများပြောသမျှသာနားထောင်ပြီး လက်တွေ့မရှိသဖြင့် ယောင်လည်လည် ဖြစ်နေရလိမ့်မည်။ ဤသည်မှာ steemit ၏ အားနည်းချက်နံပါတ်(၁) ဖြစ်လေသည်။ (ချက်ချင်းရနိုင်သော အကောင့်ဝယ် service များရှိပါသော်လည်း အလကားရနိုင်သော အကောင့်တစ်ခုအတွက် ငွေကြေး ရင်းနှီးမှုမပြုစေလိုသဖြင့် ထည့်သွင်းရေးသားခြင်းမပြုတော့ပါ။)

ဒုတိယအချက်မှာမူ Steemitသည် လူသစ်လေးများအတွက် ရေတိုအကျိုးအမြတ်မဖြစ်ထွန်းခြင်းပင်ဖြစ်လေသည်။ ဤအချက်မှာ ကျွန်တော်တို့ကဲ့သို့ steemit myanmar အဖွဲ့အစည်းတိုင်း၏ တာဝန်ရှိသူများနှင့်လည်း သွယ်ဝိုက်သောသဘောဖြင့် သက်ဆိုင်နေသောအချက်လည်း ဖြစ်လေသည်။

ဥပမာ- လူတစ်ယောက်ကမေးပြီဆိုပါစို့ ။ ဟုတ်ပြီ ကျွန်တော် ခင်ဗျားတို့ပြောတဲ့အတိုင်း အကုန် လိုက်လုပ်မယ်ဗျာ.. ကျွန်တော်တလဘလောက်ရနိုင်မလဲ ဟုမေးလာလျှင် ဖြေရခက်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် STEEMIT သည် ရေတိုအကျိုးအမြတ်ထွက်သည်မှ မဟုတ်ပေပဲကိုး။ အခြားတစ်ဖက်မှာမူ အွန်လိုင်းအလုပ်ဖြစ်သဖြင့် အာမခံချက် ဖြင့် လုပ်ကိုင်နိုင်သောအလုပ်မဟုတ်၍ သိန်းပေါင်းများစွာရင်းနှီးခြင်းဖြင့် Steemit ပေါ်တွင် အတိုးရယူခြင်း လုပ်ငန်း ကိုမူ အားမပေးလိုပါ။

အဖွဲ့ တာဝန်ရှိသူများနှင့်သက်ဆိုင်သည်ဆိုသည်မှာ Tips & Tricks ချပြနိုင်မှုကိုဆိုလိုပါသည်။ ရေတိုအကျိုးမဖြစ်ထွန်းနိုင်သည်မှာမှန်ကန်သော်လည်း ရေရှည်အကျိုးဖြစ်ထွန်းမှုကို လျှင်မြန် အောင် လုပ်ဆောင်ရမည့် နည်းလမ်း ဖြတ်လမ်းအသစ်များကို ရှာဖွေချပြပေးရန်လိုအပ်လေသည်။ တချို့နေရာတွင် လှေကြီးထိုးရိုးရိုးသွားလျှင် သုံးနှစ်ခန့် ကြာမည်ဆိုသော် မိမိကိုယ်တိုင်က ဖြတ်လမ်းနည်းသိ၍ တစ်နှစ်နှင့် ရောက်မည်ဆိုလျှင် အဆိုပါဖြတ်လမ်းနည်းကိုသုံးရမည်သာ။ ထို့ကြောင့် အဖွဲ့ဝင်များ၏ စိတ်ဝင်စားမှု နည်းသည် များသည်ဆိုသည်မှာလည်း အဖွဲ့တာဝန်ရှိသူများ၏ Tips & Tricks ချပြမှုနှင့်လည်း သက်ဆိုင်နေသဖြင့် MSO မှ စီနီယာတို့၏ တာဝန်လည်းမကင်းပါဟုဆိုချင်ပါသည်။

ထို့ကြောင့်အဖွဲ့သားများအနေဖြင့် steemit သည် ရေရှည်လုပ်ကိုင်ရသောအလုပ်တစ်ခုဖြစ်သဖြင့် ရင်းနှီးမြှုပ် နှံမှုမပါပဲ စတင်ခြင်းသည် အထနှေးမည်ဖြစ်ကြောင်း သဘောပေါက်နားလည်ထားရန်လို အပ်ပေသည်။ အစပိုင်းတွင် မိမိရေးသောစာသည် မိမိအင်တာနက်ဘေဖိုးပင် မကျေ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့ရာတွင် အချိန်ကာလတစ်ခုကို ကျော်ဖြတ်ပြီးလျှင် ယခုထက် Steem Power ပိုမို ကောင်းမွန်သော အဖွဲ့အစည်းတစ်ခုဖြစ်လာမည်ဖြစ်သဖြင့် ထိုအချိန်သို့ မရောက်မချင်း ဇွဲရှိရှိဖြင့် ကြိုးစားကြရမည်ဖြစ်လေသည်။ ထိုသို့ကြိုးစားရသည်ဆိုရာဝယ် ခက်ခဲသော အလုပ်တာဝန်များမဟုတ်သည်ကိုသတိပြုစေလိုပါသည်။ တနေ့ နာရီဝက် ခန့်မျှ အချိန်ပေးရုံဖြင့် Post တစ်ခုတင် ပြီး vote ပေးခြင်း ပြီးစီးနိုင်သဖြင့် ပေါ့ပေါ့ပါးပါး လုပ်ဆောင်ရုံသာဖြစ်ရာ ပုံမှန်ဇွဲရှိရှိလေးလုပ်နေဖို့သာလိုပေသည်။

မိမိတို့စိတ်ဝယ်နှလုံးသွင်းထားရန်မှာမူ “ငါသည် ဘယ်သောအခါမှ တစ်ယောက်တည်း လုပ်နေခြင်း မဟုတ်ပါ” ဟူ၍ဖြစ်လေသည်။ “MSO ဟူသော ညီအကိုမောင်နှမအားလုံးသည် ငါနှင့်အတူ ကြိုးစားနေကြပါလား” ဟု နှလုံးသွင်းနိုင်ခဲ့သော် ယခုထက် စာရေးရသည်မှာ ပိုမို အဓိပ္ပါယ်ရှိလာပေလိမ့်မည်။

နိဂုံးချုပ်ဆိုရသော် Myanmar Steemit Organization (MSO) သည် စည်းမျဉ်းစည်းကမ်း အများကြီးမထားဘဲ ညီအကိုများ လွတ်လွတ်လပ်လပ် သက်သောင့်သက်သာဖြင့် နေ့စဉ် မိမိတို့၏လုပ်ငန်းဆောင်တာထဲတွင် steemit စာရေးခြင်းနှင့် Upvote ပေးခြင်းလုပ်ငန်းကို သက်သက်သာသာပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အတတ်နိုင်ဆုံး လွယ်ကူစွာလိုက်နာနိုင်မည့် စည်းကမ်းချက်များကိုသာ ထည့်သွင်းဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါအလွယ်ကူဆုံးအလုပ်ကလေးများကို မိမိနေ့စဉ်ဆောင်ရွက်ရမည့် To Do List ထဲသို့ ရိုက်သွင်းနိုင်ခဲ့ပါမူ နောင်အခါတွင် Facebook ကဲ့သို့ပင် အကျိုးအမြတ်ရမှမဟုတ်ဘဲ တစ်ရက် Steemit တွင်Post မတင်ရလျှင် တစ်ရက် မနေနိုင်သည့်အခြေအနေရောက်လာလိမ့်မည်ဖြစ်ပါသည်။ ထို့ကြောင့် အစကနဦး စတင်ခြင်း တွင်အထနှေးသည်ကို ဇွဲရှိရှိဖြင့် ကျော်ဖြတ်သွားရန်လိုအပ်ကြောင်းနှင့် ကျွန်တော်ကိုယ်တိုင် လည်း steemit နှင့်ပတ်သက်သည့် အကျိုးရှိစေမည့်အကြောင်းအရာ ဖြတ်လမ်းအသစ်များ ကိုလည်း နေ့စဉ်လေ့လာ၍ အဆင်ပြေမည့်အရာများကို မျှဝေပေးသွားမည်ဟု ကတိပြုပါကြောင်း တင်ပြလိုက်ရပါသည်။

image

အားလုံးကိုခင်မင်လျှက်
MSO နှင့်အတူရှိနေမည့်
@zinmintun7
MSO-3

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center