ကျွန်တော် အကြိုက်ဆုံး ဂျပန်စကားလုံး Kaizen(ခိုင်ဇန်)

Kaizen ဆိုတဲ့ အဓိပ္ပါယ်ဟာ ဂျပန်လို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ခြင်းကိုဆိုလိုတာပါ။ ဒီစကားလုံးဟာ ကျွန်တော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေကျင့်သုံးလုပ်ဆောင်နိုင်ကြမယ်ဆိုလျှင် ပို၍ကောင်းမွန်တဲ့နိုင်ငံတစ်ခုဖြစ်တည်လာနိုင်တယ်ဆိုတာကို ယုံကြည်မိပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် ပြောင်းလဲမှုတွေ များများလာပါတယ်။ထိုပြောင်းလဲမှုတွေအပေါ် လက်ခံမှုတွေရှိကြသလို လက်မခံမှုတွေလဲရှိကြပါတယ်။ ချက်ချင်းအပင်စိုက် ချက်ချင်းအသီးစားလို့မရပါဘူး။ ထို့ကြောင့် Kaizenဆိုတဲ့ စိတ်ဓာတ်ထားရှိဖို့ကို အားလုံးကိုတိုက်တွန်းလိုပါတယ်။ Kaizenနဲ့ ပါတ်သက်လို့ ကျွန်တော်ဖတ်ဖူးတဲ့ အကြောင်းအရာလေးကို နဲနဲရေးပြချင်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ရှုံးသွားတဲ့ ဂျပန်နိုင်ငံဟာ သူ့နိုင်ငံကို စီးပွားရေးအရ ပြန်လည်ထူထောင်ဖို့ အသည်းအသန်ကြိုးစားပါတယ်။ အနောက်တိုင်းက နည်းပညာအသစ်တွေကို အတုယူပြီး လိုက်လုပ်တယ်။ အနောက်တိုင်းရဲ့ စီးပွားရေးလုပ်နည်းလုပ်ဟန်တွေကို သင်ယူလေ့လာတယ်။ တစ်ချိန်တည်းမှာ ဂျပန်အစိုးရဟာ မူလတန်းကျောင်းသားကစပြီး လူကြီးအလုပ်သမားတွေအထိ လူထုအကြားမှာ Kaizen စိတ်ဓာတ်ကို လှုံ့ဆော်သွင်းပေးလိုက်တယ်။ အစိုးရက လူတိုင်းကို မိမိတို့လုပ်နေတဲ့ အလုပ်မှာ တစ်နေ့ကို နည်းနည်းစီ တိုးတက်အောင်လုပ်ကြဖို့ တိုက်တွန်းပေးလိုက်တာပါ။ အဲဒီစိတ်ဓာတ်ကြောင့် ဂျပန်လူမျိုးတွေဟာ သူတို့အလုပ်မှာ အမြဲတိုးတက်အောင်လုပ်တတ်တဲ့ အကျင့်ရလာကြတယ်။ ဒီအကျင့်ကြောင့် ဂျပန်နိုင်ငံဟာ စစ်ရှုံးပြီး သိပ်မကြာခင်မှာပဲ ကမ္ဘာ့စီးပွားရေး ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။ ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေဟာ ဈေးသက်သာသလို အရည်အသွေးပိုင်းမှာလည်း ကမ္ဘာ့အဆင့်အတန်းကို မီခဲ့ပါတယ်။
ဒါကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံး စကားလုံးဖြစ်တဲ့ Kaizenရဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ အတုယူချင်စရာကောင်းတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ Kaizen စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့နေ့စဉ်လုပ်ဆောင်တဲ့ လုပ်ငန်းဆောင်တာများကို အသုံးချကြည့်ပါ။ ဥပမာအားဖြင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒိုက်ထိုးတာတို့ ပြေးတာတို့ စတဲ့နေရာတွေမှာ ဒိုက်ထိုးတာ ဒီနေ့ကိုယ် (၂၀)ကြိမ်လုပ်နိုင်ရင် မနက်ဖြန် (၂၅)ကြိမ်လုပ်ကြည့်မယ်။ ဒါမှမဟုတ် တရားထိုင်တဲ့အခါမှာလည်း (၅)မိနစ်ထိုင်ခဲ့ပြီး နောက်တစ်ကြိမ်မှာ (၁၀)မိနစ်ထိုင်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်မှာလဲ အေးချမ်းမှု၊ တည်ငြိမ်မှု၊ အာရုံစူးစိုက်မှုအားတွေ ကောင်းလာနိုင်ပါတယ်။ ချက်ချင်း အများကြီး တိုးတက်အောင် လုပ်ခိုင်းတာမဟုတ်လို့ မလုပ်နိုင်စရာ မရှိဘူးလို့ ထင်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ အတုယူဖို့ကောင်းတဲ့ Kaizen စိတ်ဓာတ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို တိုးတက်ပြောင်းလဲနိုင်ကြပါစေလို့ မျော်လင့်မိပါသည်။
#ကျွန်တော်ရေးခဲ့တဲ့ စာအလည်ပိုဒ်ဟာ ကျွန်တော်လေးစားအားကျမိတဲ့ ဆရာကြီး ဗန်းမော်သိန်းဖေရဲ့ စာအုပ်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး ဗန်းမော်သိန်းဖေအား လေးလေးစားစားနဲ့ တောင်းပန်အပ်ပါတယ်။ ဒီစာကိုရေးရခြင်း ရည်ရွယ်ချက်က Kaizen စိတ်ဓာတ်ကိုသိရှိ၍ လိုက်နာကျင့်သုံးစေချင်သောကြောင့်သာဖြစ်ပါတယ်။ KaizenMeaning2.jpg Photo credit by Google.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center