ကျွန်တော့်ဖေဖေ
သားဖြစ်သူက အိမ်ထဲကို မျက်နှာကြီး စူပုပ်ပြီး ဝင်လာတယ်
“သား ဘာဖြစ်လာသလဲ”
သားက စကားမပြောဘူး သူ့အခန်းထဲ ဝင်သွားပြီး တံခါး ဆောင့်ပိတ်လိုက်တယ်။
ဖခင်ဖြစ်သူက သတင်းစာ ဆက်ဖတ်နေတယ်။ ၁၅ မိနစ်လောက်နေမှ သားအခန်းက တံခါးကိုသွားခေါက်ပြီး အခန်းထဲ ဝင်လိုက်တယ်
“ဘာဖြစ်လာသလဲသား”
သားက အိပ်ချင်ယောင်ဆောင်နေတယ်
“မင်း မအိပ်ဘူးဆိုတာ ဖေဖေ သိပါတယ်။ ဘာဖြစ်လာလို့လဲကွ”
သားက ကုတင်ပေါ်ကဆင်းပြီးတော့ သူ့အဖေကို ရင်ဆိုင်လိုက်တယ်
“ဖေဖေက ဘာဖြစ်လို့ မချမ်းသာတာလဲ”
“နေဦးသား … သားဘာကို မကျေမနပ်ဖြစ်လာတာလဲဆိုတာ ဖေဖေ့ကို အရင်ပြောပြ။ ဒါမှ ဖေဖေက ဘာကြောင့် မချမ်းသာတာလဲဆိုတာ ပြောပြလို့ရမှာ”
“ဖေဖေ စဉ်းစားကြည့် သားသူငယ်ချင်း တင်မောင်ဆွေတို့အဖေဆိုရင် တိုက်နဲ့ ကားနဲ့။ ခုလည်း သူ့သားကို မွေးနေ့ လုပ်ပေးတယ်။ သူငယ်ချင်းတွေ အားလုံးကို ဖိတ်တယ်။ လက်ဆောင်တွေပေးတယ်။ ကိတ်မုန့်နဲ့ ရေခဲမုန့်တွေလည်း ကျွေးတယ်။ သားတို့ ပြန်တော့လည်း ကားနဲ့ လိုက်ပို့ပေးတယ်။ ဖေဖေကတော့ သားမွေးနေ့ကို တောင် မှတ်မိသေးရဲ့လား”
“ဟုတ်ပြီ သား ဒေါသထွက်လာတာကို ဖေဖေ သဘောပေါက်ပြီ။ သား သူငယ်ချင်း တင်မောင်ဆွေ အဖေက ဘာလုပ်သလဲသား”
“မသိဘူး”
“တော်တော်ချမ်းသာသလား”
“တိုက်ကလည်း အကြီးကြီး၊ ကားကလည်း နှစ်စီး။ သူတို့အိမ်ထဲမှာလည်း ဘာမှလိုလေသေးမရှိ”
“အရမ်းချမ်းသာတယ်ပေါ့”
“ဖေဖေ့ထက် အများကြီး သာတယ်”
“ဘာတွေသာသလဲသား”
“သူတို့က ငွေရှိ ဂုဏ်ရှိ ရာထူးရှိတယ်လေဖေဖေ”
“အင်း ဖေဖေကတော့ သားပြောတာတွေ မရှိဘူးပေါ့”
“အဲဒါပြောတာပေါ့ … ဖေဖေက သူတို့လို ပိုက်ဆံမရှိတော့ သားမျက်နှာငယ်ရတာပေါ့”
“ပိုက်ဆံမရှိတာ မျက်နှာငယ်စရာလားသားရယ်။ ဒါဆိုရင် လာ လိုက်ခဲ့။ သားကို လက်တွေ့ပြမယ်”
အဖေဖြစ်သူက သားကို လက်ဆွဲပြီး ခေါ်လာတယ်။ သူတို့ တိုက်အိမ်ကြီးတစ်အိမ်ရှေ့ကို ရောက်လာတယ်။
“ဟာ ဖေဖေ ဒါ တင်မောင်ဆွေတို့ တိုက်ပဲ။ ဖေဖေနဲ့ သိလို့လား”
“လာပါသားရယ်”
သူတို့တိုက်အိမ်ကြီးရှေ့မှာ ရပ်လိုက်တယ်။ လူခေါ်ခေါင်းလောင်းကိုထိုးလိုက်တော့ တံခါးဖွင့်ပေးတယ်။ တံခါး လာဖွင့် ပေးတဲ့သူက
“ဟာ … ဆရာကြီး”
“အေး”
“ဆရာကြီးက ကျွန်တော်ဖိတ်တော့ မလာဘူး။ ခုတော့ သားမွေးနေ့က ပြီးသွားပြီခင်ဗျ။ ဒါပေမဲ့ လာပါခင်ဗျာ။ ဒီနေရာမှာထိုင်ပါ။ မိန်းမရေ ဒီမှာ ဆရာကြီး ကြွလာတယ်”
အိမ်ထဲက အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ယောက်ပြေးထွက်လာတယ်။ ကောင်လေးက
“ဟာ ကောင်းမြတ် ဘာလဲဟင်”
“သိဘူးကွ ငါလည်း ငါ့ဖေဖေခေါ်လို့လိုက်လာတာ”
တင်မောင်ဆွေအဖေက
“ဆရာကြီး ဒီမှာထိုင်ပါခင်ဗျာ။ ဆိုဖာပေါ်ထိုင်ပါ”
ဆရာကြီးက ဆိုဖာပေါ်ထိုင်လိုက်မှ
“ဟဲ့ … ဘာလုပ်နေတာလဲ မိန်းမလာလေ … ထိုင် … သားလာခဲ့ … ဒီမှာထိုင်”
ကောင်းမြတ်ကလည်း ရောပြီး သူတို့နဲ့ ကြမ်းပြင်ပေါ်ထိုင်လိုက်တယ်။
“အားလုံး ဆရာကြီးကို ကန်တော့ကြရအောင်ဟေ့။ ဆရာကြီးက သူ့တပည့်တွေဆီကို ဘယ်တော့မှ သွားတာ မဟုတ်ဘူး။ ငါ့ဆီကို ထူးထူးခြားခြား ပထမဆုံးလာတာပဲ။ ကန်တော့ကြ … ကန်တော့ကြ”
ဆရာကြီးက ဆုပေးလိုက်တယ်
“ဆရာကြီး ခင်ဗျား … ကျွန်တော့်ဆီကို လာတာ အကြောင်းရှိပါသလားခင်ဗျာ။ ကျွန်တော်ကတော့ အရမ်းကို ဝမ်းသာနေပါတယ်ခင်ဗျာ။ ခဏလေးပါ ဆရာကြီး ခဏလေးပါ”
တင်မောင်ဆွေအဖေက အပေါ်ထပ်ကို တက်သွားတယ်။ ပြန်ပြီးတော့ အပြေးလေးဆင်းလာတယ်။ လက်ထဲမှာ ငွေလင်ပန်းလေးတစ်ချပ်ကိုင်လာတယ်။ လင်ပန်းထဲမှာ စာအိတ်ဖောင်းဖောင်းလေးတစ်လုံးပါလာတယ်။
“ဆရာကြီးခင်ဗျား ကျွန်တော့်သားလေးမွေးနေ့ အထိန်းအမှတ်အနေနဲ့ရော ကျေးဇူးကြီးလှတဲ့ ဆရာကြီးကို ပူဇော်ချင်လို့ပါ ကန်တော့တာပါခင်ဗျာ။ ဒါလေးကို လက်ခံပေးပါ။ ဆရာကြီးကျေးဇူး ကျွန်တော့်အပေါ်မှာ အများကြီး ရှိပါတယ်။ ဆရာကြီးကြောင့် ကျွန်တော် ဒီလိုဘဝမျိုးရောက်ခဲ့တာပါ”
ဆရာကြီးက မတ်တတ်ရပ်လိုက်တယ်။
“ဘာရယ်မဟုတ်ဘူးကွ မင်းသားမွေးနေ့ဆိုလို့ လာတာ။ ပြီးတော့ မင်းသားနဲ့ ငါ့သားကလည်း သူငယ်ချင်းတွေဆိုလို့။ ဘာမှမဟုတ်ပါဘူး။ မင်း စာအိတ်ငါ့ကို ပေးစရာ မလိုပါဘူး”
ဆရာကြီးက လင်ပန်းကိုဘေးဖယ်လိုက်ပြီး သူ့သားကို
“သားရေ ပြန်ရအောင်” လို့ပြောပြီး ထွက်ခဲ့တယ်
တင်မောင်ဆွေ အဖေက နောက်ကနေ ဆရာကြီးကို ကန်တော့နေတာကို သူသားကငေးကြည့်နေမိတယ်။
လမ်းမပေါ်ကိုရောက်တော့ ဆရာကြီးက သူ့သားကို မေးလိုက်တယ်
“သားရေ သားမျက်နှာငယ်ရသလားဟေ့” တဲ့
တင်ညွန့်
Photo : google