ဆရာတစ်ယောက်အကြောင်း (၁၅)

မိုးလေကင်းစွာ
အေးမြလက်ဆက်နေတဲ့ ဆောင်းညထဲ ကိုယ့်ကိုယ်ကို ပစ်ကြဲ ချလိုက်တယ်
အစီအစဉ်ကျတဲ့ ကစဥ့်ကလျားဖြစ်စဉ်လေလား... ဒီညမှာငါ့ကိုယ်ငါပြန်ရှာမယ်

၂၈ ၂၉အရွယ် လူလတ်ပိုင်းတစ်ယောက်မှာ ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့ 
ပြတ်သားတဲ့ပန်းတိုင်လည်း ရှိနေလေရဲ့

ကိုယ့်အင်အားကို ကိုယ်မွေးမြူ ဖို့  လိုတယ်ဆိုရင် ဒီညဟာမျိုးဟာ ယုံကြည်ချက်တွေကို ထုဆစ်တဲ့ညပေါ့

ဖေဖေ့ကိုမမေးဘူး
သူငယ်ချင်းတွေကိုမမေးဘူး
တပည့်တွေကိုလည်းမမေးဘူး
ငါ့ကိုယ်ငါပြန်မေးမယ်
''မင်းက ဆရာကောင်းဟုတ်ရဲ့လား''
''အင်း''လို့  ကိုယ့်ကိုယ်ကို လိပ်ပြာလုံလုံဖြေခဲ့ဖူးတယ်

လောဘတွေသိပ်ကြီးမိတဲ့အခါတိုင်း
သင်လိုဇောတွေသိပ်ကြီးမိတဲ့အခါတိုင်း
တပည့်တွေကိုတတ်မြောက်စေချင်တဲ့ ဆန္ဒတွေသိပ်ပြင်းပြတဲ့အခါတိုင်းမှာ
ကျနော်အားမလိုအားမရဖြစ်မိတယ်
တပည့်တွေဟာ
ဘာလို့ များ အခြေခံတွေ သိပ်ညံ့ကြတာလဲ
ဘာလို့ များ သင်ယူလိုစိတ်တွေ သိပ်အားနည်းတာလဲ
ဘာလို့ များ ရည်မှန်းချက်ကိုစီ မရှိနိုင်ကြသေးတာလဲလို့ ပေါ့

အဲ့ဒိလိုစိတ်တွေ ဖြစ်လာတိုင်းမှာ ကျနော်ကိုယ်ကျနော် စာလေးတစ်ပုဒ်နဲ့  ပြန်ဆုံးမတယ်

''God grant me
the serenity to
accept the things
I can not change,
courage to change
the thing I can,
and wisdom
to know the difference
(Anonymous)
image
ကျနော်မပြောင်းလဲနိုင်တဲ့အရာများကို
လက်ခံနိုင်ရန်
တည်ငြိမ်အေးချမ်းသည့်စိတ်
ပေးသနားတော်မူပါအရှင်
ကျနော်ပြောင်းလဲနိုင်သည့်
အရာများကို
ပြောင်းလဲရန် ရဲရင့်တဲ့သတ္တိကိုပေးသနားတော်မူပါ
နောက်ပြီး ဒီနှစ်ခုရဲ့ခြားနားချက်ကို ပိုင်းခြားသိနိုင်ရန် ဥာဏ်ပညာကို ပေးသနားတော်မူပါ ဘုရားသခင်''

စိတ်နဲ့  ရွတ်ဆိုမိတဲ့စကား
စိတ်ထဲမှာ ပြန်ကြားမိတယ်
နက်နဲတဲ့အတွေးအခေါ်ဟာ ဒဿန ဖြစ်မယ်ဆိုရင် လှပတဲ့ဒီဒဿန လေးဟာ ကဗျာတစ်ပုဒ်ပေါ့
ဘယ်သူရေးမှန်းမသိတဲ့စာလေးကို ဆရာမဂျူးရဲ့ စာထဲမှာ ဖတ်လိုက်ရတယ်
တကယ်ပဲ ခွန်အားဖြစ်ရတယ်

တပည့်တွေနဲ့ ပတ်သက်ရင် ကျနော်ပြောင်းလဲနိုင်စွမ်းရှိသလောက် ပြောင်းလဲစေမယ်လေ
ခေတ်တွေစနစ်တွေကို အပြစ်ဖွဲ့ နေရုံ နဲ့ မပြီးဘူး...
တစ်နိုင်ငံလုံးမြေသြဇာမကောင်းသေးရင်
ငါစိုက်ပျိုးတဲ့ဥယျာဉ်ဟာ မြေသြဇာကောင်းရမယ်....

တချို့ မိဘတွေဟာ သိပ်ဆိုးကြတယ်
တချို့ ပတ်ဝန်းကျင်တွေဟာ တပည့်တွေကို ထိခိုက်စေခဲ့တယ်
ဒါငါပြောင်းလဲခွင့်မရှိတဲ့ အခြေအနေတွေပဲ
ငါလက်ခံမှရမယ်

တစ်ကမ္ဘာလုံးဖုန်းအသုံးပြုနိုင်ဖို့  လူတစ်ယောက်ကအစပြုခဲ့တယ်
တစ်ကမ္ဘာလုံး လျှပ်စစ်မီးရဖို့ 
လူတစ်ယောက်ကပဲ အစပြုခဲ့တယ်
ငါ့နိုင်ငံပညာရေးစနစ်ကောင်းဖို့ 
ငါ့မှာ အခွင့်အရေးရှိနေတာပဲ...
ငါဟာဆရာတစ်ယောက်ပဲ
သမ္မတကိုလည်း မွေးထုတ်ခွင့်ရှိတယ်
လွှတ်တော်ဥက္ကဋ္ဌတွေလည်း မွေးထုတ်ခွင့်ရှိတယ်
ပညာရေးဝန်ကြီးကိုလည်း မွေးထုတ်ခွင့်ရှိတယ်
အချိန်တော့ ကြာကောင်းကြာလိမ့်မယ်
အခြေအနေကို ဖန်တီးနိုင်ခွင့်ဟာ ငါ့လက်ထဲမှာရှိတယ်

အဲ့ဒိအတွေးတွေအတွက် ကျေကျေနပ်နပ်ကြီးပြုံးလိုက်စမ်းပါကွာ
အင်အားတွေရှိအောင်ပြုံးထားစမ်း
ဆရာတစ်ရဲ့နေ့ ရက်တိုင်းဟာ အဓိပ္ပာယ်များစွာရှိတယ်

လူတွေစာအုပ်ဖတ်ကြတယ်
ပညာရှာကြတယ်
ဘယ်သူတွေကများ အဲ့ဒိကရတဲ့အသိကို လူဘယ်နှစ်ယောက်ဆီသို့  မျှဝေခွင့်ရှိလို့ လဲ

နုနယ်ပါးလွှာတဲ့ တပည့်တွေရဲ့ရင်ကို မြင်အောင်ကြည့်မယ်
အဲ့ဒိရင်ထဲမှာ ကိန်းနေတဲ့ ဝါသနာအမြူ တေကို ရအောင်ဖော်ထုတ်မယ်
သူတို့ လေးတွေကို
နေ့ ရက်တိုင်းမှာ ပျော်ရွှင်စေမယ်
နေ့ ရက်တိုင်းမှာ အသိပညာတစ်ခုခုတိုးလာစေမယ်
နေ့ ရက်တိုင်း sharingလုပ်တတ်ဖို့  သင်ပေးရမယ်
နေ့ ရက်တိုင်းမှာ ပြုံးရယ်စေမယ်
နေ့ ရက်တိုင်းမှာ ကာယလေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်စေမယ်

မနက်ဖြန် ဘာသင်ရမယ်ဆိုတာကို ပြတ်ပြတ်သားသားသိပြီးနောက်
ကျနော် စိတ်ပေါ့ပါးစွာ အိပ်စက်ပစ်လိုက်တယ်

(၂)
''တပည့်တို့ ရေ ... လူတွေမှာ အနီးဆုံးပျော်ရွှင်မှုရည်မှန်းချက်လေးတွေရှိကြစမြဲပဲ ဆရာငယ်ငယ်ကဆို ဝုခုံးကလာမယ့်
နေ့ တွေကိုမျှော်တယ်
ဆရာလေးနှစ်သားလောက်ပေါ့
၉၄လောက်က ဆရာတို့  တစ်လမ်းလုံးမှာ TVတစ်လုံးပဲရှိတယ်
အဲ့ဒိအိမ်က အဖိုးကြီးအဖွားကြီး
မောင်နှမအိမ်မှာ သွားသွားကြည့်ရတာ

အင်းတပည့်တို့ အရွယ် ၈တန်းနှစ်လောက်ကျတော့ ကျောင်းပိတ်ရက်တွေမှာ TV ဂိမ်းကစားဖို့  မျှော်လင့်တယ်လေ
အနောက်နိုင်ငံတွေမှာ
Weekendလို့  ခေါ်တဲ့ စနေတနင်္ဂနွေဟာ သူတို့ ရဲ့ အားလပ်ချိန် တစ်ပတ်စာပျော်ရွှင်ချိန်ပဲ
အခုကိုယ့်ကိုယ်ကို ပြန်မေးထား
ငါ့ရဲ့တစ်ပတ်စာပျော်ရွှင်မှုက ဘာလဲ'လို့ 
ဆရာမေးတဲ့အခါ ဖြေနိုင်အောင် လုပ်ထားပေါ့

ကဲ ထွန်းအောင်ကျော် ...
သားရဲ့တစ်ပတ်စာပျော်ရွှင်မှုကဘာလဲ ကျောင်းပိတ်ရင်ဘာလုပ်လေ့ရှိလဲ''

''တစ်ပတ်နဲ့  တစ်ပတ်တော့ မတူဘူးဆရာ
Gameဆော့တဲ့ အပတ်ရှိတယ်
ရေသွားကူးတဲ့အခါလည်းရှိတယ်
ဒါမှမဟုတ် ဘယ်မှမသွားဘဲ စာအုပ်ငှားဖတ်တဲ့
နေ့ တွေလည်း ရှိတယ်''

''သမီး နော်ဖောအယ်မူးဆေးကရော''

''သမီးကတော့ ကျောင်းပိတ်ရက်တိုင်းကို ပျော်တယ်ဆရာ''

''ကျောင်းမှာ မပျော်လို့ လားသမီးရဲ့''

''အဲ့ဒိလိုမဟုတ်ဘူးဆရာ
ဖေဖေက စနေသို့ မဟုတ် တနင်္ဂနွေ တစ်ရက်ရက်မှာ မိသားစုကို တစ်နေကုန်အချိန်ပေးတယ်

ခြံထဲမှာ မြက်ဖျာတွေခင်းပြီး ပျော်ပွဲစားထွက်သလို ထိုင်တယ်
အဲ့ဒိနေ့ ကတော့ အစားအသောက် အလျှံပယ်ပဲ...

အဲ့ဒိနေ့ မှာ သမီးတို့ မိသားစုက စကားထာတွေဖွက်ကြတယ်
ပါဆယ်ဂိမ်းကစားတယ်
နောက်ပြီး ဖေဖေက သူသိထားတဲ့ အသိတွေကိုမျှဝေတယ်

ဘယ်သူက တစ်ပတ်အတွင်း ဘာကောင်းမှုလုပ်ခဲ့မိတယ်
ဘာမကောင်းမှုလုပ်ခဲ့မိတယ်ဆိုတာကို ဝန်ခံခိုင်းတယ်
ဖေဖေလည်းဝန်ခံတယ်
မေမေလည်း ဝန်ခံတယ်

ပြီးရင် ဘုရားသခင်ကိုအရိုသေပြု ရှိခိုးကြတယ်ဆရာ''

''ဘုရားကျောင်းမသွားဘူးလား သမီးရဲ့''

''သွားခဲတယ်ဆရာ
ဖေဖေကပြောတယ်
ငါက ဖခင်ကောင်းပီသအောင်နေတယ်
ခင်ပွန်းကောင်းပီသအောင်နေတယ်
နိုင်ငံသားကောင်း ပီသအောင်နေတယ်
ငါ့ကို ဘုရားသခင် ကောင်းချီးပေးမှာပါတဲ့''

ဘယ်လောက်သာယာတဲ့ အိမ်ထောင်ရေးလဲ
ဘယ်လောက်နွေးထွေးတဲ့ မိသားစုလဲ

တပည့်မလေးဆီက ဒီတစ်ခုကို ပြန်သင်ယူလိုက်မိတယ်

''ကဲ နောက်တစ်ယောက် သမီးအေးအေးသင်း''

နွမ်းပါးမှုဆိုတာ အဝတ်အစားတင်မက စိတ်ခွန်အားပါ နွမ်းပါးလေသလားကွယ်

အဝတ်နွမ်းနွမ်း မျက်နှာနွမ်းနွမ်းနဲ့  တပည့်မလေးထလာတယ်

''သမီးရဲ့ ပျော်ရွှင်ဖွယ် ကျောင်းပိတ်ရက်ကို ပြောပါဦး''

''သမီး ကျောင်းပိတ်ရက်တွေကို မပျော်ဘူးဆရာ''

''ဘာဖြစ်လို့ လဲသမီး'
အေးအေးသင်းက ဘေးဝဲယာကို ကြည့်ပြီး
ဖြေဖို့ မရဲဖြစ်နေလားမသိ

''သမီးရဲ့ကျောင်းပိတ်ရက်တွေဟာ ပျော်ဖို့ မကောင်းဘူးဆရာ''လို့ သာ သူဖြေနိုင်လေရဲ့....

လူအမျိုးမျိုးဘဝအဖုံဖုံနဲ့ 
တစ်ရက်လုပ်မှ တစ်ရက်စား မိသားစုက ပေါက်ဖွားလာကြသူတွေမှာ အားလပ်ရက်ဆိုတာ ရှိပါရဲ့လား
ကျောင်းပိတ်ရက်တွေမှာ တပည့်မလေး ဘာတွေများ လုပ်နေရမလဲ...
မွေးချင်းတွေသိပ်များပြီး ဖခင်လုပ်အားခတွေ
သိပ်နည်းလို့ လား
ဆရာတစ်ယောက်အနေနဲ့ 
တပည့်အခက်အခဲကို သိချင်လာမိသည်
သူကရော သူ့ နွမ်းပါးမှုကို ဖြေချင်စိတ်ရှိပါ့မလား
ပညာပါပါဖြင့် မေးဖို့ တော့လိုသည်ပေါ့လေ

''သမီး မွေးချင်းဘယ်နှစ်ယောက်လဲ''

''၅ယောက်ပါဆရာ''

''သမီးက''

''အကြီးဆုံးပါဆရာ''

အဖေဘာအလုပ်လုပ်လဲလို့ 
ကျနော်မေးဖို့ သင့်မသင့် တွေးရပြန်သည်

ပြည့်စုံလွန်းသော နော်ဖောအယ်မူးဆေးရဲ့ နောက်မှာ အေးအေးသင်းကိုမေးမိတာကိုက
ကျနော့်ရဲ့ လူကဲခတ်အမှားပေါ့

စာတွေဖတ်ကြပါ
ပျော်စရာတွေရှာကြပါ
sharingတွေလုပ်ကြပါလို့  ကျနော်တိုက်တွန်းနေမိပေမယ့်
ပျော်စရာသိပ်ရှားတဲ့လူတန်းစားကို ဘာလို့ များ ကျနော်မေ့လျော့နေမိတာလဲ

ကြားဖူးသည့်ဇာတ်လမ်းလေးတစ်ပုဒ် ခေါင်းထဲဝင်လာသည်
တရုတ်ပညာရှိအမတ်ကြီး လောင်ဇူးက အစာရေစာငတ်လို့  ဆူပူနေတဲ့ရွာသားတွေကို လာတရားချတယ်
ဘုရင်ကိုမပုန်ကန်ဖို့  မေတ္တာထားဖို့ 
ခွင့်လွှတ်တတ်ဖို့  ရွှေပြည်အေးတရားလာဟောတာပေါ့
အဲ့ဒိအချိန်မှာ ရွာသားလူငယ်တစ်ယောက်က
လောင်ဇူးရဲ့ပါးကို ရိုက်ချပစ်လိုက်တယ်

လောင်ဇူးလည်း သူလိုပညာရှိအမတ်ကြီးရဲ့ ပါးကို ရိုက်ရပါ့မလားဆိုပြီး ဒေါသထွက်ကာ ရဲမတ်တွေကို အမိန့် ပေးတယ်
''အဲ့ဒိကောင်ကို မှတ်လောက်သားလောက်ရှိအောင် ဆုံးမပစ်စမ်း''တဲ့

ရွာသားဟာ ရဲမတ်တွေရဲ့ အရိုက်အနှက်ကို ခံရပြီးနောက် စကားပြောစင်ပေါ်ကို ပြေးတက်သွားတယ်

ရွာသားတွေကို အော်ပြောလိုက်ပုံက
''ကျုပ်တို့ ရွာသားတွေဟာ မေတ္တာထားသင့်ပါတယ်လို့  လောင်ဇူးက လာဆုံးမတယ်
ဟုတ်ပါတယ် မေတ္တာထားသင့်ပါတယ်
ဒါပေမယ့်''
စကားကို ခဏရပ်ကာ သူ့ ပါးစပ်ပေါ်မှ သွေးစကို သုတ်လိုက်ရင်း
''ကိုယ့်ပါးကို လာအချမခံရမချင်းပေါ့''

လောင်ဇူးဘက်ကိုလှည့်ကာ
''အမတ်ကြီးကတော့ မေတ္တာထားနိုင်ပါတယ်
အမတ်ကြီးကို ဘယ်သူမှ လာမထိမချင်းလေ''တဲ့

ကျနော်အေးအေးသင်းကို ဆက်မမေးရဲတော့
အဖေက
နေ့ တိုင်းဆိုက်ကားနင်းရတယ်
အမေက သူများအိမ်အဝတ်လိုက်လျှော်တယ်
သမီးလည်း ကျောင်းပိတ်ရက်တိုင်း အမေနဲ့ ကူပြီး သူများအိမ်အဝတ်လိုက်လျှော်ပေးရတယ်
လို့ များဖြေခဲ့ရင် ကျနော်ဘာပြန်ပြောရမှာလဲ
တကယ်ဆို ကိုယ့်ကို သမ္မာအာဇီဝနဲ့  လုပ်ကိုင်ကျွေးမွေးနေတဲ့ မိဘ၏အလုပ်အကိုင်ကို ဝံ့စားစွာ ပြောရဲတဲ့ သတ္တိလေးတော့ ရှိစေချင်မိသည်ပေါ့

ဒါပေမယ့်
ပြောသင့်တဲ့စကားတစ်ခွန်းတော့ ပြောဖြစ်အောင် ပြောပြခဲ့တယ်

''သမီး လူရယ်လို့ ဖြစ်လာရင် ကိုယ့်ဘဝကို ကိုယ်ပျော်ရွှင်အောင်နေရတယ်
တိုးတက်အောင်ကြိုးစားရတယ်
ဘဝမှာ မပျော်ပါဘူးဆိုတဲ့ လူတွေက ဘဝကို အရှုံးပေးထားတဲ့ လူတွေချည်းပဲ

အခုသမီးကမပျော်ဘူးလို့  ပြောတယ်
ဒါသမီး အရှုံးပေးတဲ့သဘောဖြစ်နေတာ

ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ
တစ်နေ့ ကို ၂၄နာရီထက်ပိုမရဘူး

သမီးဟာ မိဘကို ကူညီနေတဲ့ သမီးလိမ္မာလေး ဖြစ်ချင်ဖြစ်နေလိမ့်မယ်
အကယ်၍သမီးရဲ့ နေ့ တစ်နေ့ မှာ မပျော်ဘူးဆိုရင် အဲ့ဒိတစ်နေ့ စာ ဘဝကိုအရှုံးပေးခြင်းပဲ

တပည့်တို့  ကို ဆရာက ကမ္ဘာ့ အချမ်းသာဆုံးသူဋ္ဌေးကြီး ဘေဂိတ်ရဲ့စကားလေးတစ်ခွန်းရွတ်ပြမယ်

''ဆင်းဆင်းရဲရဲမွေးဖွားလာတာ သင့်အပြစ်မဟုတ်ဘူး
ဆင်းဆင်းရဲရဲသေဆုံးသွားရရင်တော့ သင့်အပြစ်ပဲ''တဲ့

မွေးဖွားလာတဲ့ ဘဝအခြေအနေကို
ဆရာတို့ ရွေးချယ်ခွင့်မရှိဘူး
ဒီတော့ ပြောင်းလဲခွင့်မရှိတာကို
လက်ခံရဲရမယ်

ပြောင်းလဲခွင့်ရှိတာကိုကျတော့ ပြောင်းရဲတဲ့ သတ္တိရှိရမယ်

ရွေးခွင့်မရှိတဲ့ နိမ့်ကျမှုကိုလည်း အားမငယ်နဲ့ 
ရွေးချယ်မှုမပါတဲ့ ကြီးမြတ်မှုကိုလည်း
အထင်မကြီးနဲ့ 

လိပ်တစ်ကောင်ဟာ သိပ်မြန်တဲ့ မြင်းတစ်ကောင်ကို အားကျအထင်ကြီးနေရင်မှားတယ်
ကိုယ့်ရဲ့ ရွေ့ လျားနိုင်စွမ်းကို သိမ်ငယ်ပြီး ခြေလှမ်းတွေမလှမ်းရဲတော့ရင်မှား
တယ်

ကိုယ့်ခြေလှမ်းတိုင်းအတွက် ကျေနပ်နေရမယ်
တပည့်တို့ လည်း ကိုယ့်ရဲ့
တစ်နေ့ တာ ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခြင်းနဲ့  ကျေနပ်ကြပါစေကွာ''
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now