Love is green
ရွာထိပ်ကညောင်ပင်ကြီးအောက်မှာ သူတစ်ယောက်တည်း။
ညမိုးချုပ်ကာနီးအချိန်မို့ လူသွားလူလာပြတ်ပြီ။
ရွာကလူတွေ အလုပ်သိမ်းပြန်ကြတာ မကြာလှသေး...။ကြက်သွန်ခင်းဆေးဖြန်းပြန်လာတဲ့ ထွန်းခင်နဲ့တောင် အခုနကမှ ဆုံလိုက်သေးသည်။
” ဟရောင့် ဖိုးကျော် မပြန်သေးဘူးလား ” မေးလို့ ခေါင်းရမ်းပြလိုက်သေး။ဆေးဖြန်းပုံးကြီး လွယ်ထားတဲ့သူ့ကို ဘယ်သူက သံသယဖြစ်မှာတဲ့လဲ ။
သူ ရွာအဝင်လမ်းကို မျှော်ကြည့်မိသည်။
ဒီနေ့မှ ခင်ထားနောက်ကျလွန်းလှပါလား....။
လကုန်ရက်တိုင်း အပြန်နောက်ကျတတ်တာ သိနေပေမယ့် ဒီနေ့ပိုနောက်ကျသည်ကော....။
မိုးချုပ်တော့မည်။
မှောင်ရီပျိုးတော့မည်။
ရှိခဲ့ဖူးသော ချစ်ခြင်း
ထားခဲ့ဖူးသော သံယောဇဉ်ကြောင့် စိတ်ကပူမိသလို ဖြစ်သွားသေးသည်။
ခေါင်းကို ရုတ်ခြည်းယမ်းပစ်ကာ ထိုချစ်ခြင်းတို့ကို မောင်းထုတ်မိပြန်သည်။
မချစ်ဘူး...
နင့်ကို ငါမချစ်ဘူး ခင်ထား.....။
ငါက ပညာမဲ့
နင်က ပညာတတ်ကျောင်းဆရာမ....
ခေါင်းတွေ တွင်တွင်ယမ်းရင်းမှ သူ မျက်ရည်များဝဲတက်လာသည်။
ခင်ထား ရယ်။
နင် ရက်စက်တယ်ဟာ....။
ကျောပေါ်မှ ဆေးဖြန်းပုံးကို ဖြုတ်ချပြီး ညောင်ပင်ခြေရင်းမှာ ခြေဆင်းထိုင်ရင်း ကောင်းကင်ပေါ် မော့ကြည့်မိသည်။
လခြမ်းကွေးရေးရေးသည် သူ့ရင်အပူကို မငြိမ်းနိုင်.....
.....
.....
ခင်ထားနှင့် သူသည် ငယ်ချစ်ဟု ဆိုနိုင်သည်။
ဒီရွာမှာမွေး ဒီရွာမှာကြီးတွေမို့ တစ်ယောက်အကြောင်း အတွင်းသိအစင်းသိ။
ပညာရေးကံခေသောသူကရှစ်တန်းနှင့်ကျောင်းထွက်လိုက်ရပေမယ့် စာတော်သောခင်ထားက ဆယ်တန်းအောင်ကာ ပညာရေးကောလိပ်တက်ပြီးကျောင်းဆရာမဖြစ်သွားသည်။
ခင်ထားဆယ်တန်းနှစ်မှာ သူနှင့်ချစ်သူတွေဖြစ်ခဲ့သည်။
ရွာနှင့်နှစ်တိုင်သာသာ သာ ဝေးသော ရွာလေးမှာ ခင်ထားတာဝန်ကျတော့ သူ့မှာ ပျော်လိုက်သည်ဖြစ်ခြင်း။
ချစ်သူကို နေဝင်မိုးချုပ်တွေ့ခွင့်ရမည့် ကိစ္စ...။
ဘယ်သကောင့်သား မမြူးပဲ နေမတုန်း....
မနက်ဆို
ချစ်သူကို ရွာထိပ်ထိလိုက်ပို့
ပြီးမှ လယ်တွေယာတွေ ထဲဆင်း
ညနေ ရွာထိပ်ကပြန်စောင့်
တစ်ရွာလုံးက သိနေတဲ့ ချစ်ခြင်းဟာ တစ်သက်လုံးကြည်နူးရလိမ့်မည်ဟု သူမိုက်မိုက်မဲမဲကို တွေးထားခဲ့ခြင်းသည် မှားယွင်းသွားခဲ့မှန်း သူသိလိုက်ချိန်၌ အလွန်နောက်ကျခဲ့ပြီ.....။
ခင်ထား ရက်စက်သည်......
မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး.....
သူတာဝန်ကျရာကျောင်းမှ ဆရာလေးနှင့် ဘာလိုလို ဟု သတင်းကြားကာစ က သူ ခင်ထားကို မေးခဲ့သည်ကောလေ....
ငြင်းလိုက်စမ်းပါ ခင်ထားရယ် ဟု အားတင်းရင်း မေးပေမယ့် ငြင်းဆန်ခြင်းမပြုခဲ့တဲ့ ခင်ထားကို ကြည့်ရင်း သူ....ကြေကွဲခဲ့ရသည်။
နောက်ဆုံးတော့
” ငါ့ကို ခွင့်လွှတ်ပါ ငကျော်ရယ်...”
ဟူသော စကားတစ်ခွန်းသာ ရင်နာနာနှင့် ကြားခဲ့ရသည်လေ။
သိပ်ရင်နာရသည်။
အရမ်းကာရော ကြေကွဲ ရသည်။
ပြီးတော့ မုန်းသည်။
အမုန်းမှသည် ရက်စက်သောစိတ်တို့ ထွက်ပေါ်လာသည်။
ရက်စက်ခြင်းတို့မှသည် မနာလိုမှုတို့ ထွက်လာသည်။
ငါ နင့်ကို မရမှတော့ ဘယ်သူမှ မရစေရ ဟု တွေးမိလာသည်။
ခင်ထားရေ နင်ရက်စက်မှတော့ ငါကလဲ ရက်စက်ရမှာပဲလေ။
...
ဒီညဟာ နင်အသက်ရှင်ရမယ့်နောက်ဆုံးညပဲ။
နင့်ကို ငါ သတ်ဖို့ စောင့်နေတယ် ခင်ထား ရေ...
......
.......
ဘေးနားချထားသော ဆေးဖြန်းပုံးကို တစ်ချက်ငဲ့ကြည့်ရင်း သူပြုံးလိုက်သည်။
မဲ့ပြုံးတစ်ချက်ပြုံးရင်း ပုံးကို လှုပ်ကြည့်လိုက်သည်။
အထဲကဆေးရည်တို့ လှုပ်ခါသံကို နားဝင်ချိုစွာနားထောင်ရင်း သူအားရပါးရ ရယ်မိသည်....။
” ဟား ဟား ဟား ဟား... ”
ညောင်ပင်ထက်မှ ညဥ့်ငှက်တစ်ချို့ ဝုန်းကနဲ ထ.ပျံသည်။
ထပ်ရယ်မိသည်။
” ဟား ဟား ဟား ဟား ဟား.... ”
....
....
....
မှောင်ရီပျိုးပြီ။
အမှောင်ရိပ်နှင့်အတိတ်သည် လွန်စွာလိုက်ဖက်နေသည်။
သူဘယ်လောက် အတွေးလွန်သွားသည်မသိ။
အဝေးဆီမှ ဆိုင်ကယ်စက်သံသဲ့သဲ့ကို ကြားမှ သူသတိပြန်ဝင်လာသည်။
ခင်ထား ပြန်လာပြီ။
ဆေးဖြန်းပုံးကို ပြန်လွယ်လိုက်သည်။
ဆေးဖြန်းပိုက်တံကို ကိုင်ပြီး ဘယ်လက်က လေထိုးတံကို ထိုးနေလိုက်သည်။
ဆေးထွက်နှုန်း ပြင်းထန်မှ ဖြစ်မည်...။
တွေ့ကြသေးတာပေါ့ ခင်ထားရယ်
ချစ်သူရယ်....
မျက်ရည်က ဝိုင်းလာပြန်သည်...
ခေါင်းပြန်ရမ်းရင်း ပိုက်တံကို အဆင်သင့်ပြင်လိုက်ရသည်....
ခင်ထား....ရေ
ဆောရီးပါဟာ
နင် ကောင်းရာသုဂတိလားပါစေ....
.....
.....
ဆိုင်ကယ်မီးရောင်ကို မြင်ရပြီ
သူ အလွတ်ရနေတဲ့ ဆိုင်ကယ်စက်သံ
ဒါ ခင်ထားပဲလို့ သူသိနေပါသည်။
အနားရောက်သည်နှင့် သူညောင်ပင်အောက်က ထွက်လိုက်သည်။
ဆိုင်ကယ်မီးရောင်ရှေ့မှာ မြင်လိုက်ရသည်မို့ ခင်ထား အံ့သြသွားမည်ထင်ပါရဲ့...
ဆိုင်ကယ်သည် ရုတ်ခြည်းရပ်သွားသည်။ဆိုင်ကယ်ဦးထုပ်ကို ပင့်ရင်း သူ့ကို ကြည့်သည်...
” ဟင် ငကျော်....ဒီအချိန်.....ကြီး နင်....”
တုန်ယင်နေသော ခင်ထားအသံကို အရသာရှိစွာနားထောင်ရင်း သူရယ်လိုက်သည်...။
ဗီဒီယိုတွေထဲက လူကြမ်းတစ်ချို့ရီသံနှင့်နည်းနည်းများ ဆင်သွားမလား....။
မတူဘူးထင်ပါရဲ့။
ထပ်ရီလိုက်သည်။
” ဟင်း ဟင်း ဟင်း..... ”
နဲနဲတူသွားပြီ။
” နင် ငါ့ရှေ့က ဖယ်စမ်း ငကျော် ဒါဘာလုပ်တာလဲ နင်...”
သူ ပခုံးတွန့်ပြလိုက်ပေမယ့် ပခုံးထက်က ဆေးပုံးအလေးချိန်ကြောင့် သိပ်မပီပြင်လိုက်....။
” ငါ နင့်ကို လာစောင့်နေတာ ခင်ထား....”
” ဘာ.... ဘာလုပ် မလို့လဲ... ”
သူ ဆေးဖြန်းပိုက်တံကို အဆင်သင့်ပြင်ရင်း တစ်လုံးချင်းပြောလိုက်သည်။
” နင့်ကို သတ်မလို့ ”
” ဘာ ”
အထိတ်တလန့်ဖြစ်သွားသော ခင်ထားကို အရသာခံကြည့်ရင်း ဆိုင်ကယ်ဘေးနားကို သူတစ်လှမ်းချင်းတိုးကပ်သွားလိုက်သည်။ခင်ထားကဆိုင်ကယ်ပေါ်မှ ဆင်းရန် ဟန်ပြင်သည်။
” သတ်မလို့ ဟလား....”
” အေး ”
သူ့ကို ခင်ထား အနုလုံပဋိလုံကြည့်သည်။
” နင်က ငါ့ကို ဘာနဲ့ သတ်မှာလဲ... ”
သူမျှော်လင့်ပြီးသားမေးခွန်းပဲ။
ဆေးဖြန်းပိုက်ကို မြှောက်ပြလိုက်သည်။
” ဒါ နဲ့ သတ် မှာ.... ”
” ဟင် ပိုးသတ်ဆေးတွေလား ငကျော်.... နင်မယုတ်မာနဲ့နော်.. ”
” ဟင်း ဟင်း နင်တောင်ငါ့ကို ရက်စက်မှတော့ ငါကလဲ နင့်ကို
အရှင်မထားဘူး ခင်ထား.....ကဲ.....”
သူ ဆေးဖြန်းပိုက်ကို ခင်ထားထမီဆီ ဦးတည်လိုက်ပြီး ခလုတ်ဆွဲညှစ်လိုက်တော့သည်။
” ရှူး ရှူး.... ”
” ဟဲ့ ဟဲ့ ဘယ်ဖြန်းနေတာလဲ ဟဲ့ ငကျော်....”
ခင်ထား၏ ခါးအောက်ပိုင်းကို တရစပ်ဖြန်းပစ်လိုက်သည်။
” ငကျော်..... ဟဲ့ နင်ဘာလုပ်တာလဲ ဟဲ့ ငကျော်...”
သူ ဘာကိုမှ ဂရုမစိုက်ပါ။
ဆေးကိုတွင်တွင်ဖြန်းရင်း.....
” သေ... နင်သေစမ်းခင်ထား ငါ့ကို ရက်စက်တဲ့ဟာမ
သေလိုက်စမ်း ခင်ထား နင်သေစမ်း....”
တတွတ်တွတ်ရွတ်ရင်း ဖြန်းပစ်နေတာ ဘယ်လောက်ကြာသွားသလဲ မသိ....
ခင်ထား ဆိုင်ကယ်မောင်းထွက်သွားမှ သူသတိဝင်လာသည်။
” ဟင်..... ခင်ထား မသေပါလား....”
ရွာထိပ်ညောင်ပင်အောက်တွင် ဆေးဖြန်းပုံးကြီး လွယ်ရင်း သူကြောင်ပြီး ကျန်နေခဲ့သည်။
ညသည် ပိုမှောင်လာခဲ့ပြီ......
.....
......
နောက်တစ်နေ့ မနက်ခင်း...။
ရာအိမ်မှူးကိုကြာမှုံက သူ့ကိုလာခေါ်သည်။
ဥက္ကဌက မေးစရာရှိလို့ တဲ့။
ဘုရားရေ ခင်ထား သေများသွားပြီလား...။
” ကိုကြာမှုံ ခင်ထားရောဗျ ခင်ထားလေ...”
” သူကြီးအိမ်မှာ မင့်စောင့်နေတယ်...”
” ဟင် ”
ဒါဖြင့် ခင်ထားမသေဘူးပေါ့ ။
ဝမ်းသာခြင်းနှင့်အတူ ဒေါသက ငယ်ထိပ်တက်စောင့်သည်။
ဘာလို့ မသေတာလဲ
ဒါ ဖြင့် ဟိုလူပြောတာ မဟုတ်ဖူးပေါ့ ။
သူကြီး ခေါ် ဥက္ကဌအိမ်ရောက်တော့ လူတွေအတော်စုံနေပြီ။
အားလုံးအလယ်မှာ တရှုံ့ရှုံ့ငိုနေသော ခင်ထားကိုတွေ့ရသည်။
ခင်ထားအဖေသည် ရွာ၌ မျက်နှာကြီးမျိုးမို့ သခင်အားရကျွန်ပါးဝလုပ်ချင်သော လူတစ်သိုက်က သူ့ကို ရိုက်မည် တကဲကဲ...။
သူကြီးတားထားလို့သာ သက်သာရာရပေချိမ့် ။
” လာ ထိုင်...ငကျော်... ”
ငိုနေသော ခင်ထားက သူ့ကိုမော့ကြည့်ပြီး မျက်ရည်များကို ဆတ်ကနဲသုတ်ကာ ခပ်တင်းတင်းကြည့်၍ ဖြတ်ကနဲမျက်နှာလွှဲသည်။
အော်.... ခင်ထား ရယ်...။
နင် အရမ်းပြောင်းလဲသွားခဲ့ပြီကိုး... ။
” ကဲ ငကျော် ခင်ထားက တိုင်ချက်ဖွင့်ထားတယ်
မနေ့ညက မင်း သူ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်ဆို ”
မငြင်းလိုတော့ပါ ခင်ထားရယ်...။
ရင်နာလှချည့် ။
” ဟုတ်ကဲ့ သူကြီး ကြံစည်မိပါတယ်...”
လူတွေ အုပ်အုပ်ကျက်ကျက်ဖြစ်သွားသည်။
ထိုးကွာ ချကွာတွေ ဖြစ်ကုန်သည်။
ခင်ထားအဖေက တောက်တစ်ချက်ခေါက်ပြီး ငကျော်မင်းကွာ ဟု ရေရွတ်သည်။
သူကြီးက လက်ကာပြရင်း...
” မေးပါအုံးမယ် ငကျော်ရ မင်းခင်ထားကို ဆေးဖြန်းပုံးထဲက
ဆေးရည်နဲ့ ဖြန်းသတ်တာဆို...ကွ ”
သူခေါင်းညိတ်ပြလိုက်သည်။
” ပုံးထဲမှာ ဘာတွေပါလဲ ပိုးသတ်ဆေးလား.. ”
သူခေါင်းရမ်းပြလိုက်သည်။
” မင်းဆေးဖြန်းပုံးကို ငါတို့ သိမ်းလာခဲ့ပြီနော်
ညာဖို့ မကြိုးစားနဲ့
ပြော အထဲကဘာဆေးတွေလဲ ”
ခေါင်းပဲငုံ့နေခဲ့သည်။
” ငကျော်.... ပြောလေကွာ ပိုးသတ်ဆေးမဟုတ်ရင်
ဘာတွေလဲ....ပြော ”
သူ ခင်ထားကို လှမ်းကြည့်လိုက်မိသည်။
ချစ်ခဲ့ဖူးသော ချစ်သူ၏မျက်နှာသည် တင်းမာလွန်းစွ။
မာထန်လွန်းစွ....။
သူ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
” အဲ့ ပုံးထဲမှာ ထည့်ထားတာ ပေါင်းသတ်ဆေးတွေပါ ”
လူတွေ ကြွက်စီကြွက်စီဖြစ်ကုန်ပြန်သည်။
ပေါင်းသတ်ဆေးတဲ့ဟဲ့
ပေါင်းသတ်ဆေးဆိုပါလား....
ဘယ်ပေါင်းသတ်ဆေးလဲ....တွေ ဘာတွေ ဖြစ်ကုန်သည်။
သူကြီးက ထိုင်ခုံအောက်က တစ်စုံတစ်ခုကို လှမ်းယူသည်။
စားပွဲပေါ် တင်သည်။
” ဒီဆေးလား....”
လူတွေက ထူးဆန်းသော သတ္တဝါတစ်ကောင်လို ထိုဗူးကို ဝိုင်းကြည့်ကြသည်။သူတို့ရွာက ပေါင်းသတ်ဆေးဖြန်းခဲသည်။ပိုးသတ်ဆေး ရွက်ဖြန်းဆေးတွေသာ ဖြန်းနေကျမို့ ပေါင်းသတ်ဆေးဆိုတော့အထူးအဆန်းဖြစ်ပုံပေါ်သည်။
ဟဲ့ ဗူးကြီး ဟဲ့
ဒါကြီးလားပေါင်းသတ်ဆေးဆိုတာ....
ငကျော်ရယ်ရက်စက်ချက် .... အသံတွေက ဗလုံးဗထွေးပြန်ပေါ်လာကြပြန်သည်။
” ပြီးတော့..... ”
သူကြီးကပြောရင်း ခင်ထားကို ငဲ့ကြည့်လိုက်သည်။
” ပြီးတော့ မင်း ခင်ထားကို ခါးအောက်ပိုင်းပဲ လှိမ့်ဖြန်းနေတာဆို”
လူတွေအကြည့်က သူ့အပေါ်ပြန်ကျလာသည်။
ခင်ထားကလဲ လှမ်းကြည့်သည်။
” ဟေ့ကောင် ငါမေးနေတယ် ဖြေလေကွာ... ”
” ဟင်းးး ”
သက်ပြင်းတစ်ချက် ခပ်လေးလေး ချရင်း....
” ဟိုလူ့ကြောင့်ပေါ့ဗျာ... ”
” ဘယ်သူလဲ ”
” ဟိုလူပါဆိုဗျာ သူကြီးကလဲ ”
” အေးလေ ဘယ်သူလဲ လို့..... ”
ခင်ထားအဖေက ဝုန်းဆို မတ်တပ်ရပ်သည်။
” ခင်ထားကို သတ်ပေးဖို့ မင်းကို တစ်ယောက်ယောက်က ခိုင်း
တာလား ဟေ့ရောင်... အဲ့ကောင်ဘယ်သူလဲ ပြောစမ်း
မင်းကို ဘယ်လောက်ပေးသလဲ ပြောစမ်း.. ”
” ဒီကောင်ကွာ ငွေအတွက်နဲ့ လုပ်ရက်တယ်ကွာ ”
ရှုပ်ပါတယ်ကွာ ရိုက်ကွာ နှက်ကွာ....။အခြေအနေက ရှင်းမရပြုမရပြန်ဖြစ်ကုန်သည်။
” ခင်ဗျားတို့ကလဲ နေစမ်းပါအုံးဗျာ ကျုပ်မေးပါရစေအုံး... ”
သူကြီးငေါက်လိုက်မှ အားလုံးငြိမ်သွားသည်။
”...ကဲ ငကျော် ဘယ်သူလဲ မင်းပြောတဲ့ ဟိုလူဆိုတာ.. ”
...
...
” ဟေ့ရောင် ငကျော် ”
” ဈေးဖိတ်နေ့က ရွာကို ဆွေးနွေးပွဲလာလုပ်သွားတဲ့ ကုမ္ပဏီက လူ
ကို ပြောတာပါ.... ”
” ဟေ.... ”
အကုန်ငြိမ်ကျသွားသည်။
” နေပါအုံး ...(---)ကုမ္ပဏီက ဆရာလေး လား.... စိုက်ပျိုးရေးဆွေးနွေးပွဲ လုပ်သွားတာလေ.... ငါတောင် ဖိတ်စာတွေဝေပေးလိုက်တာပဲ ကြာမှုံလိုက်ဖိတ်ခဲ့တာမဟုတ်လား.... သူလား ခင်ထားကို သတ်ခိုင်းတာ ”
” အာ မဟုတ်ပါဘူးဗျာ....အဲ့ဆရာလေးနဲ့ခင်ထားကသိတောင်
မသိဘူး....”
” ဒါဖြင့် အဲ့ဆရာလေးနဲ့ ဘာဆိုင်သတုန်း မင့်ဟာ....”
” ကျွန်တော်နဲ့ခင်ထား ကြိုက်နေကြတာ တစ်ရွာလုံးသိတယ်နော်”
အရေးထဲကွာ....
ပြောမှာမပြောဘူး
မင်းသား ရယ်
လွမ်းချင်းတွေလုပ်နေပြန်ပြီ...
ပွစိပွစိပြောကြပြန်သည်။
” အခု ခင်ထားက ကျုပ်ကို မကြိုက်တော့ဘူးဗျ... ”
ခင်ထားဖက်လှည့်ကြည့်ကြသည်။
” ရက်စက်တဲ့ခင်ထားကို ကျုပ်သတ်ချင်တယ် ဒါပေမယ့်
သတ်လဲ မသတ်ရဲဘူး ....”
ခဏ နားလိုက်သည်။
သူ မေးကြောတွေတင်းနေမလား မသိ...။
” အဲ့ဒါ ဈေးဖိတ်နေ့က ကုမ္ပဏီကကြော်ငြာတဲ့ ပွဲမှာ ဟောပြောတဲ့
ဆရာလေးက ပေါင်းသတ်ဆေးအကြောင်းထည့်ပြောတယ်လေ ”
” အင်း ဟုတ်တယ်လေ......”
” အဲ့မှာ အဲ့ဆရာလေးက ပြောတယ်လေ သူကြိးမှတ်မိလား...
ရွေးချယ်ပေါင်းသတ်ဆေးနဲ့ရွေးချယ်မဲ့ပေါင်းသတ်ဆေးဆိုတာ...”
သူကြီးက ခပ်တည်တည်ဖြင့် မေးစေ့ပွတ်ကာ မှတ်မိယောင်ပြသည်။
” အိမ်း... ”
” ရွေးချယ်ပေါင်းသတ်ဆေးဆိုတာ ကိုယ်စိုက်တဲ့အပင်ကျန်ပြီး
ပေါင်းပင်ပဲ သေတဲ့ဆေး ....... ရွေးချယ်မဲ့ဆိုတာ စိုက်ထားသမျှ
အပင် အကုန်သေတဲ့ဆေး....
အဲ့ဆရာလေးက ဆက်ပြောသေးတယ်လေ
ရွေးချယ်မဲ့ဆေးဟာ စိမ်းစိမ်းမှန်သမျှ အကုန်သေတယ် တဲ့
ကျောင်းဆရာ ကျောင်းဆရာမတွေအခင်းနားမဖြတ်စေနဲ့ တဲ့
လုံချည်အစိမ်း ထမီအစိမ်းဝတ်ထားရင် သေသွားလိမ့်မယ် တဲ့
ခင်ဗျားတို့တောင် ဝိုင်းရယ်ခဲ့ကြသေးတာ.....
အဲ့ဒါနဲ့ အဲ့ဆရာလေးကိုဆေးနာမည်မေး မြို့ပေါ်တက်ဝယ်
ကျန်တာကတော့ အားလုံးသိပြီးသားပဲ.... ”
အားလုံးကြောင်သွားကြသည်။
ရုတ်တရက် သူဘာပြောလိုက်မှန်းမသိကြ...။
ပထမဆုံး သတိဝင်လာတာက သူကြီး... ။
” ဒါ.....ဒါဖြင့် မင်းက ခင်ထားကို ပေါင်းသတ်ဆေးနဲ့ ဖြန်းတာ
ထမီကိုပဲ ဖြန်းတာ.... အဲ့ဆရာလေးကြောင့်ပေါ့.... ”
ခေါင်းညိတ်ပြလိုက်တော့ ရယ်သံနဲနဲထွက်လာသည်။
သူကြီးကပြုံးစိစိလုပ်တော့ ဘယ်သူမှ မထိန်းနိုင်တော့။
ဝါးကနဲ ရယ်ကြတော့သည်။
ခင်ထားပင်ပြုံးစိစိ...။
” အားလုံးတိတ်စမ်း....”
ခင်ထားအဖေက ဝင်ငေါက်တော့မှ ရှဲကနဲ ငြိမ်။
” ထမီမဖြန်းမိပဲ ပါးစပ်ထဲဝင်သွားရင် ဘယ့်နှယ်လုပ်မလဲ
သူကြီး ခင်ဗျားလူကြီးဖြစ်ပြီး ဝင်ရယ်နေတယ် ဟုတ်လား...”
သူကြီးကမျက်နှာပိုးသတ်ပြီး....
” မဟုတ်ပါဘူးဗျာ ဟိုဆရာလေးက ရီစရာပြောသွားတာကို
တစ်ရွာလုံးသဘောပေါက်တယ် ဒီကောင်ယုံတာကို ရီချင်တာပါ”
” ဒါ ကြံစည်မှုပဲ ကျုပ် ရဲတိုင်မှာ... ”
” ကျုပ်ကတော့ ကိုယ့်ရွာသားအချင်းချင်း ခံဝန်ကတိ လေးပဲ.. ”
” ဘာ...ဗျ မရဘူး ကျုပ်မကျေနပ်ဘူး... ”
...
....
...
...
ညသည် ပိန်းပိတ်အောင် မှောင်နေပြီ....။
ခြင်တို့ကို ယမ်းရင်းက ကောင်းကင်ပေါ်မော့ကြည့်မိသည်။
မိုးသားတို့ တက်နေ၍ လ,ခြမ်းကွေးလေးပင် မမြင်ရ။
သူကြီးအိမ်အောက် ထိတ်တုံးထဲ သူ့ခြေထောက်နှစ်ဖက်ကိုထည့်ထားခြင်းခံနေရတဲ့ ဘဝ....။
ခင်ထားအဖေကတော့ မနက်မြို့တက်ပြီး ရဲစခန်းသွားမည်တဲ့ ။
သူ ထောင်ကျတော့မည်လား... မသိနိုင်ပါ။
အခုတော့
တစ်ရွာလုံးကိုမုန်းနေသည်။
သူကြီးကို မုန်းသည်။
ခင်ထားကို မုန်းသည်။
အဆိုးဆုံးက
ဟို စိုက်ပျိုးရေးကုမ္ပဏီက ဆရာလေးကို ပိုမုန်းသည်....။။။
” တောက် ”