နှုတ်တစ်ခုတည်းကသာထွက်တဲ့ စကားများ

image
လူ့ဘောင်လောကကြီးမှာ တစ်ဦးတစ်ယောက်တည်း နေလို့မရတာ လူတိုင်းအသိပါ။ ပေါင်းသင်းဆက်ဆံရေးဆိုတာ ရှိရတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမှ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေဆိုတာ ရရှိလာနိုင်တယ်။ပေါင်းသင်းဆက်ဆံတတ်ဖို့ ဆိုရင်တော့ ပြောဆိဆပ်ဆံရေးက အလွန်အရေးကြီးတယ်။ ဆိုသာသော စကားဖြင့် ပြောဆိုဆက်ဆံတတ်ဖို့ လိုအပ်တယ်။ စကားပုံ တစ်ခုကြားဖူးတယ်။ ကောင်းစေလိုလည်း ခံတွင်းလက်လေးသစ်၊ ဆိုးစေလိုလည်း ခံတွင်းလက်လေးသစ် ဆိုတဲ့ စကားပုံလေးပါ။ အကောင်းစကားတွေ ထွက်လာတာလဲ ဒီနှုတ်၊ အဆိုးစကားတွေ ထွက်လာတာကလည်း ဒီနှုတ်ပဲလေ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့မရပါဘူး။ ဒါကြောင့် လူချင်းချင်း ဆက်ဆံရေးတွင် စကားကို ချိုသာစွာပြောဆို ဆက်ဆံတတ်ဖို့ လိုအပ်ပါတယ်။

တစ်ချို့လူတွေက စိတ်ရင်းအရမ်းကောင်းပြီး စကားပြောအရမ်းပွင့်လင်းကြတယ်။ တစ်ခါတစ်လေ စကားပြော ကြမ်းတမ်းကြတယ်။ ချိုချိုသာသာ မပြောတတ် မဆိုတတ် မဆက်ဆံတတ်၍ အများတကာရဲ့ ငြိုငြင်မှုကို ခံရတတ်ကြတယ်။ တစ်ခုခုဆို ရှေ့နောက်မကြည့်ပဲ ပြောတတ်လွန်းလို့ လူတွေကတောင် သူတို့ကို စကားမပြောချင် ဖြစ်လာတတ်ကြတယ်။ ဒီနေရာ သူ့တို့ရဲ့ စိတ်ရင်းကောင်းနေမှုလေးကို စကားပြောကြမ်းတမ်းမှုဆိုတဲ့ အမှောင်ထုက လွှမ်းမိုးသွားတတ်ကြတယ်။

တစ်ချို့ကတော့ ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ်။ စိတ်ရင်းမကောင်းဘူး၊ စကားပြော မပွင့်လင်းဘူး။ ဒါပေမဲ့ သူတို့က စကားပြော ကျွမ်းကျင်ကြတယ်။ သူ့နေရာနဲ့သူ စကားကို သုံးနှုန်းပြောဆိုတတတ်ကြတယ်။ ပြောရမယ်ဆိုရင် နှုတ်ချိုတယ်ပေါ့။ သူတို့ရဲ့ စိတ်ရင်းမကောင်းမှုဆိုတဲ့ အမှောင်ထုကို နှုတ်ချိုမှုဆိုတဲ့ အလင်းရောင်က ဖယ်ရှာပြစ်ပြီး နေရာကောင်း ရာထူးကောင်းတွေမှာ နေနိုင် ရပ်တည်နိုင်ကြတယ်။

ဒီနေရာမှာ ကျွန်တော့်ကို မေးခွန်းထုတ်ကြလိမ့်မယ်။ စကားပြောတာ ယဉ်ကျေးသူတိုင်း၊ နှုတ်ချိုတဲ့သူတိုင်းဟာ လူကောင်း လူတော်တွေလို့ သတ်မှတ်လားလို့ မေးစရာတွေ ပေါ်လာမှာပါ။ ပုံသေပြောလို့မရပါဘူး။ အပြင်ပန်းအပေါ်ယံ ချိုသာသိမ်မွေ့သော်လည်း အတွင်းစိတ်ရင်း မကောင်းသူတွေ ရှိတတ်သလို အပေါ်ယံ အပြောဆို ကြမ်းတမ်းသော်လည်း စိတ်ရင်းစေတာနာ ဖြူစင်ကောင်းမွန်တဲ့ သူတွေလည်း ရှိတာကို နားလည်ထားရမယ်။ ခွဲခြား သိမြင်တတ်ဖို့လည်း လိုသေးတယ်။

စိတ်လှလို့ စကားလှ၊ စိတ်ချိုလို့ စကားချိုဆိုတဲ့အတိုင်း ချိုသာတဲ့ စကားတွေ ထွက်လာဖို့ စိတ်ထဲက ဖြူစင်လှပနေဖို့ လိုတယ်။ နှုတ်ချို စကားချိုရင် ပြီးရော မုသားစကားတွေ၊ အကြီးကဲကို မျက်နှာရအောင် မဟုတ်မှန် လုပ်ကြံပြောဆိုမှုတွေ၊ ကိုယ့်စကားကြောင့် တခြားလူ နစ်နာစေတဲ့ စကားတွေ ပြောနေရင်တော့ သင်ဟာ နှုတ်ချိုပြီး စိတ်မလှတဲ့ လူတစ်ယောက်ဖြစ်နေမှာပါ။

စကားဆိုတာ ကိုယ်နှုတ်နဲ့ကိုယ်ပြောနေတာ မှန်ပါတယ်။ စကားပြောဖို့ ဘယ်သူ့အမိန့်မှ နာခံနေစရာမလိုပဲ ပြောပိုင်ခွင့်ရှိတယ်ဆိုတာလည်း မငြင်းပါဘူး။ ဒါပေမဲ့ မိမိပြောလိုက်တဲ့ စကားကြောင့် သူများတစ်ဖက်သားကို ထိခိုက်စေတယ်ဆိုရင်တော့ မိမိမှာ သူများတွေဖွင့်မပြောတဲ့ အပြစ်တစ်ခုရှိနေတယ်ဆိုတာ သတိမူရမယ်။ တစ်ဖက်စောင် ပြောဆိုမှုတွေကိုလည်း ရှောင်ရှားရမယ်။ ကိုယ်ဘက် သူ့ဘက် ကြည့်ပြီး ပြောဆိုတတ်ရမယ်။

စကားတစ်ခွန်းကိုလည်း ပြောသင့်မပြောသင့် သေချာ ချင့်ချိန် စဉ်းစားပြီးမှ ပြောဆိုသင့်တယ်။ ပြောပြီးမှ မှားမှန်းသိနေတော့လည်း ဘာလုပ်လို့ရမှာလဲ။ SORRYတိုတဲ့ စကားလေးတစ်ခွန်းက တစ်ဖက်လူရဲ့ ရက်ဘက်ထဲက ထိခိုက်နာကျင်မှုကို မသက်သာစေဘူး။ စကားဆိုတာဟာ ကျည်ဆံနဲ့တူတယ်။ ကျည်ဆံဟာ သေနတ်ကနေ ပြစ်လွတ်ပြီးရင် ဘယ်တော့မှ သေနတ်ဆီပြန်မလာသလိုပဲ စကားဆိုတာဟာလည်း ပြောပြီးရင် ပြန်ပြင်ဖို့ အရမ်းခတ်ခဲပါတယ်။ ဒါကြောင့် မပြောခင် သေချာချင့်ချိန်သင့်တယ်။

ချိုသာတဲ့ စကားကို လူတွေတင် နှစ်သက်တာ မဟုတ်ဘူး တောထဲမှာနေတဲ့ တိရစ္ဆာန်တွေတောင် နှစ်သက်ကြတယ်။ ဥပမာအနေနဲ့ ပြောရရင် တိရစ္ဆာန်ရုံထဲက ဆင်တွေက အရင်က ရိုင်းကြတယ်။ လူတွေကို အန္ဒာရယ်ပြုတတ်ကြတယ်။ ဆင်ဦးစီးတွေရဲ့ စကားပြော ချိုသာမှုနဲ့ ထိတွေ့သင်ကြားမှုတွေက သူတို့ကို အနိုင်ယူလိုက်ကြတယ်။ ယနေ့ တိရစ္ဆာန်ရုံထဲက ဆင်ကြီးတွေကို အဆပေါင်းများစွာ သေးငယ်တဲ့ လူတွေက အုပ်စိုးထိန်းကျောင်းနိုင်တာ ချိုသာတဲ့ စကားတွေရဲ့ အသီးပွင့်တွေလေ။ ဒါတင်မကပါဘူး တရိစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေ အားလုံးနီးပါးကို ချိုသာတဲ့ စကားလေးတွေနဲ့ ထိန်းကြောင်းသွန်သင်မှုတွေက အနိုင်ယူထားတာ သတိပြုမိရင် သိလာမှာပါ။

နေထိုင်မကောင်း၊ ကျန်းမာရေးမကောင်းတဲ့ လူတစ်ယောက်ကို ချိုသာသော စကားတွေဆိုပြီး ပြုစုစောင့်ရှောက်မှုတွေ ပေးရင် ရောဂါတစ်ဝက်ပျောက်ကင်းနိုင်တယ်လို့တောင် ယနေ့ ဆေးသိပ္ပံပညာရှင်တွေ ယုံကြည်ခဲ့ကြတယ်။

စကားကို အသုံးအနှုန်းမတတ်ရင်လည်း နားထောင်ရသူအဖို့ နားခါးတတ်ပါတယ်။ ဥပမာပေးရရင် ခင်ဗျာလို့ ထူးလို့ရတဲ့ နေရာမှာ ဘာလဲ၊ဘာတုန်းလို့ သုံးနှုန်းမိတတ်ခြင်းဟာ တစ်ဖက်လူအဖို့ နားခါးစေတယ်။ စကားပြောကြမ်းတယ်လို့ သတ်မှတ်ခံရတတ်တယ်။ ဒါကြောင့် စကားကို အထိုက်အလျှောက် ပြောင်းလဲ သုံးနှုန်းသင့်တယ်။

လူချစ်လူခင်များလာဖို့ နှစ်၂၀လောက် ကြိုးစားနေထိုင်ခဲ့ရရင်တောင် ၂မိနစ်နဲ့ လူမုန်းသွားအောင်လုပ်နိုင်တယ်။ လူတွေမုန်းသွားနိုင်တယ်။ ၂မိနစ်လောက် စကားပြော ကြမ်းရင် ရိုင်းရင် နှစ်၂၀လောက် ပြန်ပြင်ဖို့ ခတ်သွားတယ်။ ဒါကြောင့် စကားပြောဆိုတဲ့ နေရာမှာ ချိုသာစွာပြောဆိုပြီး လူတွေရဲ့ အချစ်ကို ရယူနိုင်ကြဖို့ လိုအပ်ပါပေတယ်။

ချိုသာတဲ့ စကားကလည်း ဒီနှုတ်က ထွက်သလို ကြမ်းတမ်းတဲ့ စကားဟာလည်းပဲ ဒီနှုတ်က ထွက်တာပါပဲ။ စကားနှစ်မျိုးလုံး နှုတ်တစ်ခုတည်းကသာ ထွက်လာတဲ့ စကားတွေပဲ ဖြစ်ပါတယ်။ ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center