ဖိုးလမင်းကို လူကြုံပါးလိုက်တယ် အမေ

image
ဒီနှစ် သီတင်းကျွတ်လည်း ပြီးသွားပြန်ပြီ။ ရည်မှန်းထားသလိုလည်း ပြန်လာဖို့ကလည်း မဖြစ်နိုင်သေးဘူးလေ။ ဒီနှစ်လည်း အဝေးကနေပဲ အမေနဲ့အဖေကို ကန်တော့လိုက်ရပြန်ပြီလေ။ အော် သီတင်းကျွတ်ဆိုတော့ ကောင်းကင်ယံမှာ မိုးပုံးပျံလေးတွေ မီးပန်းတွေ ရှိနေမှာပဲလို့ မော့ကြည့်မိတယ်။ လမင်းကြီး နဲ့ ကြယ်လေးတွေကလွဲပြီး အခြားအရာတွေ မတွေ့ရဘူး။ ဘာလို့လဲ။ဘာကြောင့်လဲ။ အော် ငါရောက်နေတာ ငါမွေးရပ်မြေ မြန်မာပြည်ကြီးမှ မဟုတ်တာလေ။


အေးမြတဲ့ လရောင်လေးရဲ့ အောက်မှာ လမင်းကြီးကို ကြည့်ပြီး လွမ်းဆွတ်တမ်းတာနေတာက မြန်မာပြည်ကြီးကိုလေ။ ဘဝပေးအခြေအနေရ မွေးရပ်မြေကို စွန့်ပြီး တိုင်းတစ်ပါးမှာ စီးပွားထွက်ရှာနေရာတာ ဒီနှစ်သီတင်းကျွတ်ဆို ၅နှစ်တောင် ရှိတော့မယ်။ မွေးရပ်မြေက မိသားစုကိုတော့ ၃လတစ်ခါလောက် ထောက်ပံ့ငွေလေးတွေ ပို့နိုင်ခဲ့တယ်။ မိသားစုကို လွမ်းလို့ ဖုန်းလေး၁၅မိနစ်လောက် ဆက်လိုက်ရင် ၁၅ရက်လုပ်ခလောက်က ကုန်နေတော့ ဖုန်းလည်း မပြောနိုင်ခဲ့ဘူး။ ကျွန်တော် အမေ့ဆီကို လူကြုံနဲ့ စကားလေး ပါးလိုက်ချင်ပေမဲ့ ဒီမှာရောက်နေသူတွေက ကိုယ်လိုသူလိုတွေလေ။ ခုတော့ ကျွန်တော် စကားပါးလိုက်မဲ့သူ တွေ့ပြီ။ သူကတခြားသူ မဟုတ်ဘူး။ ကောင်းကင်က လမင်းကြီးလေ။ သူက ကျွန်တော့်ဆီမှာ သာပြီးရင် အမေ့ဆီသွားသာအုံးမှာလေ။ ကျွန်တော် လမင်းကြီးကို စကားလေးတွေ လူကြုံပါးလိုက်မယ်လေ။


ဖိုးရွှေလမင်းကြီးရယ် အမေ့ကို တွေ့ရင် ကျွန်တော် အခုပြောတာလေးတွေ ပြန်ပြောပေးပါအုံးနော်။
-အမေ.....သားအမေ့ကို အရမ်းလွမ်းတာပဲ အမေရယ်။ သား ဒီမှာနေရတာ မပျော်ဘူး။ ပျော်ရာမှာ မနေရ တော်ရာမှာ နေရဆိုပေမဲ့ ကျွန်တော်ပျော်ခဲ့ရတဲ့ အမေ့အိမ်လေးကို လွမ်းတယ် အမေ။ ကျွန်တော် အဖေ့ကိုလည်း လွမ်းတယ်။ ညီလေး၊ညီမလေးတွေကိုလည်း လွမ်းတယ် အမေရယ်။ ရွာက အပေါင်းအဖော်တွေကိုလည်း လွမ်းတယ်။ သူတို့တွေနဲ့ ပျော်ပါးခဲ့တာတွေကို သတိရတယ်။ သူတို့တွေနဲ့ ကျောင်းတူတူတက်ခဲ့တာတွေကို တမ်းတမိတယ်။ အဖြူအစိမ်း ဝတ်စုံလေးတွေနဲ့ ကျောင်းတက်နေတာလေးတွေကို လွမ်းတယ်။ ရွာဦးကျောင်းက စေတီလေးက ဆည်းလည်းသံလေးတွေကိုလည်း လွမ်းတယ်။ ရွာထိပ်က ကုက္ကိုပင်ကြီးကိုလည်း လွမ်းတယ်။ ပိတောက်ပန်းတွေကိုလည်း လွမ်းတယ်။ တမာပန်းလေးတွေနဲ့ တမာရနံ့လေးတွေကိုလည်း လွမ်းတယ်။ ငယ်က ချစ်တဲ့ ချစ်သူကောင်မလေးကိုလည်း အမေကနေပဲ ပြန်ပြောလိုက်ပါ။ သားကို ဆက်စောင့်မနေပါတော့နဲ့လို့။ သားခွင့်လွတ်ပါတယ်၊ နားလည်ပါတယ်လို့ ပြောပေးပါ အမေ။ သားကို သူစောင့်နေရင် သူ့ဘဝမသေချာဘူး အမေ။ သား ဒီကိုလာဖို့ ရောင်းလိုက်ရတဲ့ ခိုင်းနွားကြီးနှစ်ကောင်ကိုလည်း ကျေးဇူးတင် လွမ်းဆွတ်မိတယ်။ သား ဒီမှာ စီးပွားရှာရတာ ဝင်ငွေရပင်မဲ့ ကျွန်တစ်ယောက်လို နေရတယ်။ စားပွဲထိုး၊ ပန်းကန်ဆေး၊ ပန်းရံ၊ ကူလီထမ်း၊ ငါးဖမ်းနဲ့ သားတို့လို မြန်မာတွေ ရှိနေပေလို့ပေါ့ အမေရယ်။ မြန်မာလို ပြောဖော်လေး ရနေတာပေါ့။ အားလုံးကတော့ သားလိုပဲ မိတစ်ကွဲဖတစ်ကွဲတွေနဲ့ဆိုတော့ ဒီအချိန် သားလိုပဲ လွမ်းနေကြရောပေါ့။ သားဒီကို ရောက်တာ ငါးနှစ်ရှိပြီး။ အမေ့လက်ရာ ထမင်းလေးကို မိသားစုလက်စုံ မစားရတာ ငါးနှစ်ရှိနေပြီ။ ဒီမှာတော့ ထမင်းစားချိန် ပုံမှန်မရှိဘူး။ စားရပြန်တော့လည်း ပုံစံခွက်လေးတွေနဲ့ လူတစ်ယောက်ထိုင်လို့ရတဲ့ နေရာလေးတွေမှာ လက်ပေါ် ပန်းကန်တင် စားနေခဲ့ရတာ ခုဆို ၅နှစ်တောင် ပြည့်ပြီ။ ပြည်ပမှာဆိုတော့ သားတို့ရဲ့ ဘဝအာမခံချက်က မရှိဘူး အမေ။ မြန်မာပြည်မှာလောက် မလုံခြုံဘူး။ သူများနိုင်ငံမှာဆိုတော့ ဘာသာစကား အခတ်အခဲလေးတော့ အစပိုင်းမှာ ရှိခဲ့တယ်။ ခုတော့ နည်းနည်း ပြောတက်ဆိုတက်နေပါပြီ။ သား ပြန်လာချင်ပြီ အမေ။ အမေ့ဆီကို ပြန်လာချင်ပြီ။ သား နည်းနည်းအားတင်ပြီး နေရအုံးမယ်။ သားတို့မိသားစုကို တင့်တောင်းတင့်တယ် ထားနိုင်လောက်တဲ့ထိ သား အားတင်းပြီး တိုင်းတစ်ပါးမှာ နေရအုံးမယ် အမေ။ သားရည်မှန် ချက်တွေ ပြည့်တဲ့နေကျရင် အမေရှိတဲ့ အမိမြန်မာပြည်ကြီးဆီကို သားအပြေးပြန်လာခဲ့မယ် အမေ.......


လမင်းကြီးရယ် ဒီစကားတွေကို အမေ့ကို သေချာလေးပြောပေးပါနော်...



အော် လမင်းကြီး မေ့လို့ လူကြုံပါးစရာ စကားကျန်သေးတယ်


ကျွန်တော် ဒီကြားထဲ ပြန်လာဖြစ်ချင် ပြန်လာမယ်လို့ ပြောပေးအုံးနော်။ ဘယ်အချိန် ပြန်လာမှာလဲ ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော် တို့အတွက် ဘဝအာမခံရှိတဲ့ အလုပ်ကိုင် အခွင့်အလမ်းတွေ ပေါ်လာတဲ့နေ့ကျရင်ပေါ့။ တိုင်းတစ်ပါးထက် မသာတောင် သူတို့ထက် အရမ်းကြီး မနည်းတဲ့ လစာနှုန်းခတွေ ပေးတဲ့အချိန်ကျရင်တော့ ပြန်လာဖြစ်ရင် ပြန်လာခဲ့ပါ့မယ်။
အဲ့ဒါလေးလည်း ပြောပေးပါအုံးနော်။


စာမလာ၊ ဖုန်းမဆက်နဲ့မို့ ကျွန်တော့်ရဲ့ အမေ ကျွန်တော်ကို စိတ်ပူနေမှာ ဆိုးလို့ ကျွန်တော် ဖိုးလမင်းကို လူကြုံပါးလိုက်တယ်။ ။



( ပြည်ပရောက် အလုပ်သမားတစ်ဦး နေရာက ခံစားရေးသားထားခြင်း ဖြစ်သည်။ အမှားများပါသွားရင် နားလည်ခွင့်လွတ်ပေးစေချင်ပါတယ်။)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center