ဟေမန်ကို ဒူးမထောက် လက်မမြောက်သူများ

image
နေ့တာတွေ တစ်ဖြည်းဖြည်းတိုလာပြီ။ ညတာကလည်း ရှည်လာသလိုလို ဖြစ်လာတယ်။ နေရောင်ကျပြီး မှောင်ရီပျိုးရင် အအေးဓာတ်လေးတွေ ရလာပြီ။ မနက်စောစောဆိုရင် ပတ်ဝန်းကျင်မှာ မြူလေးတွေ စိုင်းလာပြီ။ မြောက်ပြန်လေညင်းလေးကလည်း မနက်စောစောလေးမှာ နှင်းစက်လေးတွေနဲ့ အတူ လောကတစ်ခွင်ကို အေးမြမှုတွေ လွှမ်းခြုံနေတယ်။ ပတ်ဝန်းကျင်က ခြောက်သွေ့မနေသလို စိုစွက်နေတာလည်း မဟုတ်ဘူး။ အများခေါ်တဲ့ ပွင့်လင်းရာသီ ဟေမန္တဆောင်းရာသီကို ရောက်လာပြီလေ။ နွေလို ပူပြင်းမှုလည်း မရှိ။ မိုးရာသီလိုလည်း စိုစွက်မနေတော့ ပတ်ဝန်းကျင်က နေလို့ထိုင်လို့ ကောင်းနေရောပေါ့။ သဇင်ပန်းလေးတွေ ပွင့်လာတော့မယ်။ ခွာညိုပန်းလေးတွေလည်း သဇင်ပန်းလေးကို အပြိုင်ပွင့်လာကြတော့မယ်။ မနက်စောစော လမ်းမတွေထက်မှာ ဟေမန်ဆောင်းရဲ့ အေးမြကြည်နူးမှုလေးတွေကို ခံစားရင် ကိုယ်ကာယကျန်းမာရေး လုပ်နေသူတွေ မြင်ရတော့မယ်။ ဆောင်းရာသီ အားကစားပြိုင်ပွဲတွေ မြင်ရတော့မယ်။ ကျေးလတ်ဒေသတွေမှာဆို မနက်စောစောဆို မီးဖိုလေးတွေ ဖိုပြီး ဆောင်းရာသီရဲ့ အေးမြမှုကို အန်တုရပေအုံးမယ်။ အစောပိုင်းမှာ အရမ်းမအေးပေမဲ့ ပြာသိုလလယ်လောက်ဆိုရင်တော့ဖြင့် ခိုက်ခိုက်တုန်အောင် အေးလာချမ်းလာပြီ။ အေးနေချမ်းနေလို့ ပျင်နေတဲ့သူတွေ အိပ်ယာက မထသူတွေ ရှိကောင်း ရှိလိမ့်မယ်။ တာဝန်ဆိုတဲ့ ဝတ္တရားကြီးတွေရဲ့ စိုးမိုးမှုအောက်က လူတွေကတော့ ပျင်းနေလို့ မရသလို ချမ်းလို့ဆိုပြီး အိပ်နေလို့မရဘူးလေ။ ဆောင်းရာသီဟာ လယ်သမားတွေ အတွက် တာဝန်အကြီးဆုံးနဲ့ အပျော်ဆုံးလပေါ့။ သူတို့တွေ စပါးတွေ ရိတ်သိမ်းချိန်လေ။ လယ်ထဲယာထဲမှာ ညအိပ်ညနေကို သွားပြီး လုပ်ကိုင်ရတဲ့ အချိန်ပေါ့။ သူတို့တွေ ဆောင်းရဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး အပင်ပန်းခံ ကြိုးစားပြီးရင်တော့ စပါးတွေကို ပွဲစားလက်အပ်ပြီး ငွေကိုင်နိုင်ပြီပေါ့။ သူတို့အတွက်ကတော့ ဆောင်းရာသီက မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့လလေးပေါ့။ ပွင့်လင်းရာသီဆိုတော့ မြန်မာပြည်အနှံ့ ဘုရားဖူးတွေ သွားကြ၊ အလည်အပတ်တွေ သွားကြနဲ့ ဆောင်းရာသီက လောကကြီးကို အေးမြကြည်နူးမှုတွေ အပြည့်ဆောင်ကြဉ်းလာခဲ့တယ်။

ဟေမန္တဥတုဆောင်းက အားမာန်အပြည့်နဲ့ လောကလူသားတွေဆီ လာနေပြီး။ သူရဲ့နောက်မှာ ခိုက်ခိုက်တုန်လောက်စေတဲ့ အအေးဓာတ်တွေ အရိပ်လိုပါလာတယ်။ လေးလလောက် လောက လူသားတွေကို သူကြီးစိုးအုံးမယ်။ သူကြီးစိုးနေချိန်မှာ ကျွန်တော်တို့ လူသားတွေက သူ့ရဲ့ အအေးဓာတ်အောက်မှာ ဒူးမထောက်မိဖို့ လိုတယ်။ လုပ်မြဲလုပ်ဆဲ တာဝန်တွေကို ဆက်လက်လုပ်ဆောင်ရင်း ဟေမန်ဆောင်းကို ကြိုဆိုဖို့ လိုတယ်။

လူတိုင်း ဇိမ်ခံလိုစိတ် ရှိတာ မှန်ပါတယ်။ မနက်စောစောဆို အေးလွန်းလို့ စောင်ထူထူလေးနဲ့ ကွေးချင်ကျတာ ဖြစ်တတ်တဲ့ သဘောပဲလေ။ ဆောင်းရာသီဆိုတာ ဒြပ်မဲ့ကြီးလေ။ လက်နဲ့ ကိုင်လို့လည်း မရဘူး။ သူက သက်ရှိလူသားတွေကို ဘာလို့ အနိုင်ယူနိုင်ရမှာလဲ။ သူလည်း သူ့တာဝန်အရ အေးပေး၊ ချမ်းပေးရတာပဲလေ။ ကျွန်တော်တို့လူသားတွေကလည်း ကိုယ်တာဝန်အရ လုပ်စရာရှိတာတွေကို ဆောင်းရာသီကြောင့်တော့ တာဝန်မလပ်ဟင်းသင့်ဘူးပေါ့။

ကျွန်တော် ငယ်ငယ်က ရွာမှာ ကြီးပြင်းခဲ့ရတာ။ ငယ်သေးတော့ သိပ်နားမလည်ခဲ့ဘူး။ ဆောင်းရာသီဆိုတာနဲ့ ကွေးပြီပဲလေ။ အရွယ်ရောက်တော့ မြို့ပြမှာ ပြောင်းရွေ့နေထိုင်ခဲ့တယ်။ ကျွန်တော်က ကျေးလတ်ဓလေ့လေးတွေကို အရမ်းချစ်တာ။ ရွာတွေမှာဆို အရမ်းနေချင်တာ ခုထိပဲလေ။ ကျွန်တော် အရွယ်ရောက်မှ ရွာတစ်ရွာကို ရောက်ဖူးတယ်။ ဒီဇင်ဘာလလောက်ကြီးပေါ့။ အဲ့ရွာကို သွားခဲ့တဲ့ လမ်းခရီးအတွေ့အကြုံကို အခါသင့်ရင် တင်ပြပေးသွားပါမယ်။

ကျွန်တော်မနက်စောစောကြီး အိပ်ယာက နိုးနေတာနဲ့ ပတ်ဝန်းကျင်ကို စူးစမ်းမိခဲ့သည်။ ရွာထဲမှာ ခလောက်သံတွေ ဒိုးဒိုးဒေါင်ဒေါင်နဲ့ ထွက်နေတယ်။ ရွာပြင်က လယ်ခင်း၊ ယာခင်း၊ ကုန်းတွေကို မသဲကွဲအောင် မြူနှင်းတွေ စိုင်းနေတယ်။ ကျွန်တော် အံသြသွားတာ တစ်ခုက မြို့ပြက လူထုအိပ်နေတဲ့ ချိန်မှာ ကျေးလတ်က လူတွေ သူတို့ရဲ့ လယ်မြေ၊ယာမြေ၊ ကိုင်းတွေ ရှိရာကို ဟေမန်ဆောင်းရဲ့ မြူနှင်းထုကို ခွင်းကာ ခရီးဆက်နေကြတယ်။ သူတို့ ပါးစပ်တွေကတော့ အငွေ့လေးတွေ ထွက်နေတယ်။ သူတို့ချမ်းနေကြတယ်ဆိုတာ ကျွန်တော်သိတယ်။ သူတို့တွေ အိမ်က စောင်ထဲမှာ နွေးနွေးထွေးထွေးနေချင်နေကြတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ သူတို့မှာ တာဝန်တွေ ရှိတယ်။ ဒါလုပ်မှာ ဒါဖြစ်မှာဆိုတာ သိကြတယ်။ ဒီနေ့အလုပ်လုပ်တာ မနက်ဖြန် ထမင်းစားဖို့ အတွက်ဆိုတာ နားလည်ကြတယ်။ သူတို့နားနေလို့ မဖြစ်ဘူးဆိုတာ သိကြတယ်။

ကျွန်တော် သူတို့ကို စိတ်ထဲကနေ လေးစားစွာဖြင့် အလေးပြုမိခဲ့တယ်။ သူတို့သည်ကား ဟေမန်ကို ဒူးမထောက် လက်မမြောက်သူများသာ ဖြစ်တယ်။ ။

( အမှားပါရင် နားလည်စေချင်ပါတယ်။ ကျွန်တော့်ရဲ့ Messageကို အားလုံး သဘောပေါက်ကြပါစေ )

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center