ဖေ့ဘွတ်ဟာ ဖန်စီဒိုင်းဆန်လာတယ်

ဈေးနှုန်းသက်သာတဲ့ ဖျော်ဖြေရေး ပစ္စည်းတစ်ခုအဖြစ်

ဖေ့ဘွတ်စာမျက်နှာကို လူတွေဟာ တရွရွနဲ့ တမေ့တမောကိုပွတ်တိုက်နေကြပြီ

ခြောက်လုံး လှန့်လုံးတွေ တ၀ုန်းဝုန်းနဲ့ ယင်းထနေတဲ့ အဖြစ်တွေ

အပျက်တွေ နောက်ထပ် ပျက်ပျက်ပြီးလာတာတွေမှာ ကပ်ပြီးတော့ ပါလာတဲ့ ချွဲတွေ အစွဲတွေနဲ့

ဖေ့ဘွတ်ဟာ အချိန်မှီ သောက်သုံးမှီဝဲရန် လိုအပ်နေတဲ့ ချောင်းဆိုးပျောက်ဆေးပျောက်ဆေးကြီးအဖြစ်

မားကတ်တင်း ဆင်းရန်မလိုဘဲ ရောက်နေပြီ

လက်ရှိနာရီတွေကနေ ထွက်ပြေး/ တွန်းလှန်/ ခိုအောင်ရင်း သူရဲကောင်းဆန်ဆန် ကျဆုံးပစ်ဖို့

သာယာမှုတွေကို ၆ ကျပ်၊ အစိတ် နဲ့ ပွတ်လိုက်ကြ ရှုလိုက်ကြ ဆင်းလိုက်ကြ တက်လိုက်ကြနဲ့

ခေတ်သစ်ရဲ့ ဖန်စီဒိုင်းထဲ လုံးလားထွေးလားနဲ့ ခုန်ဆင်းကူးခတ်နေကြပြီ

ဆိုက္ကားတွေ ဈေးဗန်းတွေ ဆေးရုံဆေးခန်း အက်ဆီးဒင့် အချဉ်ပေါင်း ကစ

မြန်မာဘီယာတွေလဲ ဖေ့ဘွတ်ပေါ် ယစ်မူးစွာ သာယာခုန်ပေါက်နေပြီ

ဆင်းရဲခြင်း၊ မပျော်ရွှင်မှု၊ သမိုင်းထဲက နာတာရှည်ဝေဒနာတွေဟာ

ပုန်းခိုရာကနေ ၀ုန်းဒိုင်းကြဲ ပြေးထွက်လာနေပြီ

ကိုယ်တိုင်တီထွင်ထားတဲ့ ဒဿနတွေဟာ အချင်းချင်း တွန်းမိကြ

တိုက်မိကြ လဲကျလိုက် ပစ်ချလိုက် ဒလှိမ့်ကောက်ကွေးနဲ့ ကျွံလိုက်ကြ ဆွဲထုတ်လိုက်ကြနဲ့

ကိုယ်တိုင်လွှင့်တဲ့အလံတွေဟာ နည်းအမျိုးမျိုး ဖေ့ဘွတ်တစ်ခွင် ပြဲပြဲစင် ပြိုဆင်းကျလာပြီ

မာရ်နတ်လိုလိုနဲ့ ပျော်ရွှင်ခြင်းတွေရဲ့ ဇစ်မြစ်တွေလိုလို စိတ်သက်သာရာလိုလို

ဘာဆိုဘာမှန်းမသိဘဲ ခြေဦးတည်ရာ ဖေ့ဘွတ်ဟာ

တုတ်ဓါးလက်နက်ခဲယမ်းတွေစွဲကိုင်ပြီးတော့ ဂန္တာဝင်စာပေ၊ သီချင်း၊ ယဉ်ကျေးမှုတွေဆီကို ချီတက်လာနေပြီ

အသွေးအသားထဲကို လှိုက်လှိုက်ပြီးတက်လာတဲ့ တပ်မက်မှုတစ်ခုအဖြစ်

ဖေ့ဘွတ်ဟာ လိင်အသားပေး အနုပညာတွေဝေဆာသစ်လွင်စွာ ပြဌာန်းလာကြပြီ

ဝုန်းလိုက်ကြ၊ ကျစ်လိုက်ကြ၊ Poke လိုက်ကြ ဖဲ့လိုက်ကြ

နိုင်ငံရေး ပညာရှင်(ထင်ရသူ)တွေ ငြင်းဆိုကြ၊ အနုပညာရှင် (ထင်ရသူတွေ) ကကြခုန်ကြ

အရှက်တရားဟာ သွေးကြောထဲမှာ မှိန်းနေပြီ

အချိုရည်ထဲကို ခပ်ပါးပါးရောမွှေထားတဲ့ ဖန်စီဒိုင်းရဲ့ ရီဝေထွေပြားမှုနဲ့

ဖေ့ဘွတ်ဟာ ယဉ်ကျေးမှုတွေနဲ့ လုံးလားထွေးလားဖြစ်လာပြီ

ရှောတီလေးတွေလည်း အုပ်စုဖွဲ့ပြီး Crush ကြပြီ

Fb ဟာ ကျောက်ကပ်ဆေးရုံနဲ့ ထွက်မသွားတော့ဘူး

သန့်စင်ထုတ်လိုက်တဲ့ သွေးရည်ကြည်မှာ fb က ကပ်ကျန်နေတုန်းပဲ

ပြောရင်း ဆိုရင်း ဒီစာလုံးတွေကို fb မှာ Update လုပ်ချင်စိတ်တွေ

အကြောအချဉ်တစ်လျှောက် စိမ့်ဝင်လာကြပြန်ပြီ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center