အပြစ်ပေါ်မယူစေလို

image

မထွန်းညှိဘဲ
လင်းလက်တာတွေ နည်းလာပြီ
မငြှိမ်းသတ်ခင်
ပြာကျ လွင့်စင်တာများလာပြီ။

တွဲဖက်၍ မစားသင့်သော အစားအစာများထဲမှာ
အလင်းရောင်ကို ဘာနဲ့ ရောမြိုချရင် သေတတ်လဲ
လူအတော်များများ အလင်းနဲ့ မတည့်တော့ဘူး။

အမှန်တရားကိုတောင်
လက်သိပ်ထိုး ပေးဝေရတဲ့အထိ
ကမ္ဘာဟာ
မှောင်မိုက်လွန်းလာပြီ။ ။
နာရေးသတင်း

သေသင့်တဲ့သူတွေ
မသေသေးတာလည်း
နာရေးသတင်း တစ်မျိုးပါပဲ
ဒါဟာ ပိုဝမ်းနည်းဖို့ ကောင်းတယ်။

တချို့ နာရေးကြော်ငြာတွေဟာ
တချို့အတွက် ဝမ်းသာစရာဖြစ်နေတတ်တယ်
ဒါဟာ သံဝေဂ ပိုယူစရာပါပဲ။

ဟန်ဆောင်ပန်ဆောင် ငိုပြရတာက
သိပ်ထိရောက်တဲ့ လူမှုရေးလက်နက်ပေါ့
သေရမှာထက် အန္တရာယ်ကြီးတယ်။

အနိစ္စကို မြင်ရင်
မာယာကိုလည်း ပူးတွဲ မြင်တတ်ပါစေ
ငါ့ကိုယ်ငါ ကျင့်ပေးနေတယ်။

ကျောက်ခဲကို ဖျစ်
နို့ ညှစ်ကြည့်နေတာ
နှစ် ၃၀ ကျော်ကြာပြီ
သတင်းစာကို ပြောင်းညှစ်ကြည့်ပေါ့
ကျွန်မတော့ ခုတလော ပိုဝမ်းနည်းတတ်လာနေပြီ။

ယခုတစ်ပတ် မော်လမြိုင် ဟင်္သာဂျာနယ်ပါ ကျွန်မရဲ့ ဆောင်းပါးလေး

“နွေရာသီကျောင်းပိတ်ရက်တဲ့လား”

ဥသြက နွေကို သစ္စာရှိစွာ ဖွင့်လိုက်ပြီ။
ရော်ရွက်ဝါတို့ ကတိတည်စွာ မြေခ ကြွေကျပြီ။ လက်ပံပွင့်တို့ ရဲရဲနီလေပြီ။ ခေါင်းလောင်းသံဆိတ်၊ စာအံသံ တိတ်လို့ ကျောင်းကြီး ပိတ်တော့မည်။

နွေက တစ်နေ့ထက်တစ်နေ့ နွေပီသလာပြီ။ နွေရာသီကျောင်းပိတ်ရက်ဆိုတာကြီး လက်တွေ့ကျကျ ခံစားရတော့မည်။ ကျောင်းသားကျောင်းသူများရော ဆရာဆရာမများပါ ၁၀ လတာ ပင်ပန်းနွမ်းနယ်သမျှ ၂ လတာ အပန်းဖြေ နားနေရတော့မည်။ ဟိုအရင်အချိန်တွေ ပြန်ပြောင်းအောက်မေ့၊ လွမ်းမောဖွယ် ကောင်းလှပေတော့သည်။
နွေရာသီရောက်လျှင် ဝေးကွာနေသော မိသားစုများ ဆုံစည်းမိကြကာ အပန်းဖြေခရီးထွက်ကြသည်။ ဘုရားဖူး လည်ကြသည်။ အလှူအတန်းပြုကြသည်။ ပျော်ရွှင်ဖွယ် ကောင်းလေစွ။ ကြည်နူးဖွယ် ကောင်းလေစွ။ သာယာချိုမြိန်ပေစွ။ လွတ်လပ်လှပေစွ။

အင်း…ဟိုအရင်အချိန်တွေကတော့ နွေရာသီဆိုသည်မှာ ကျောင်းသားလူငယ်တို့အတွက် လွတ်လပ်ပျော်ရွှင်ဖို့ ကောင်းလှသလို ဆရာဆရာမများအတွက်လည်း ခြေညောင်းလက်ဆန့် ပြုခွင့်ရချိန် ဖြစ်ခဲ့ဖူးသည်။

နွေရာသီသည် အခြေခံပညာဆရာဆရာမများ၏ အားလပ်ရက်ရှည် အဖြစ် အခြားဌာန ဝန်ထမ်းများမှ မနာလိုဖြစ်ဖွယ် ပိတ်ရက်ရှည်။ ဆရာဆရာမများသည် နိုင်ငံ့ဝန်ထမ်းချင်းအတူတူ အခွင့်ထူးခံ လူတန်းစား။ ပိတ်ရက်အများဆုံးဌာန။ နိုင်ငံ့လစာ အလကား ထိုင်စားနေသောရာသီ။ အဲဒီလို အထင်ခံနေကြရသည်။

အမှန်က သို့ကလို မဟုတ်ပါ။ ကျောင်းပိတ်ရက်သည် ကျောင်းတံခါး ပိတ်ထားရုံမျှသာ။ မည်သည့်ကျောင်းသားမျှ ကျောင်းသားအခွင့်အရေး အပြည့်အဝ မရကြ။ နွေပိတ်ရက်ကို အပြည့်အဝ မပိုင်ဆိုင်ကြပါ။ ပညာရေး လောဘကြီးသော မိဘများ ကလေးမထိန်းချင်သော မိဘများကြောင့် နွေက နွေနှင့်မတူ။ ကျောင်းသားက ကျောင်းသားအခွင့်အရေး ဆုံးရှုံး။ နွေဆိုတာ ဘာမှန်းမသိ။ ယူနီဖောင်း ဝတ်ခြင်း ချွတ်ခြင်းသာ ကွာသည်။ အစိုးရကျောင်းနှင့် ကျူရှင်သာကွာသည်။ စာကျက်ကြရသည်။ စာသင်ကြရသည်။ နွေနေပူပူအောက်မှာ နားမလည်သော၊ နားလည်သော စာများ ရေးကြဖတ်ကြရသည်။

ဟိုအရင်တချိန်ကလို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းနှင့် ဝေးဝေးလာကြပြီ။ စာပြီးရင်းစာ၊ တစာစာ ဖြစ်နေကြသည်။ ဦးနှောက်ကို အနားပေးချိန်မရ။ ကစားချိန်မှာ ကစားခွင့်မရ။ ကစားချိန်လည်း စာကြည့်ချိန်။ စာကြည့်ချိန်လည်း စာကြည့်ချိန် ဖြစ်လာနေသည်။ အသွေးအသားနဲ့တည်ဆောက်ထားတဲ့ ဦးနှောက်ကို စက်ယန္တယား တပ်ဆင်ထားတယ်များ မိဘများ ယူဆလေသလားမသိ။
ဘယ်ရက် ကျူရှင်ပြန်ဖွင့်မလဲဆိုသည့် အသံကိုပဲ နားစွင့်နေကြသည်။ သားသမီးကို ရင်ဝယ်ပိုက်ဖို့ မေ့ထားကြသည်။ လွတ်လပ်ခွင့်ပေးဖို့ အနားယူခိုင်းဖို့ မေ့ထားကြသည်။

နွေနှင့်မတူသောနွေ၊ ပိတ်ရက်နှင့်မတူသော ပိတ်ရက်များကို လက်ခံယူထားကြရသည်။ သနားစဖွယ် ကျောင်းသားဘဝတွေပါလား။ KG ကလေးအစ တက္ကသိုလ်ဝင် ကလေးအဆုံး။ အားလုံးက ကျူရှင်များနှင့် နပန်းလုံးနေကြရသည်။

ကလေးများ ကလေးအခွင့်အရေး မရကြသလို ဆရာ၊ ဆရာမ ဝန်ထမ်းများလည်း နွေရာသီကျောင်းပိတ်ရက်သည် အမည်ခံသာ ရှိတော့သည်။
ကျောင်းတွင်းစာမေးပွဲများ ဖြေဆိုပြီးချိန်တွင် ကျောင်းတံခါး ပိတ်ထားသော်လည်း ဆရာဆရာမများ နားမနေရပါ။ အခန်းတံခါးပိတ်၍ စာစစ်ကြရသည်။ အမှတ်စာရင်းသွင်းကြရသည်။ အောင်စာရင်း ရိုက်နိုင်ရန် ပြင်ဆင်ကြရသည်။
image
ကျောင်းတွင်းစာမေးပွဲကိစ္စ မပြီးတပြီး အချိန်မှာပင် တိုင်းစစ်စာမေးပွဲဖြစ်သော အဋ္ဌမတန်းစာမေးပွဲနှင့် ခရိုင်စစ်ဖြစ်သော စတုတ္ထတန်း စာမေးပွဲအတွက် ပြင်ဆင်ကြရပြန်သည်။ ယခုနှစ်ဆိုလျှင် ၄တန်း၊ ၈ တန်းရှိသော မည်သည့်ကျောင်းတွင်မဆို စာစစ်ဌာန ထားပေးသည်။ ကလေးများ မိမိကျောင်း၌ပင် ဖြေဆိုခွင့်ရနိုင်စေရန် ရည်ရွယ်ပါသည်။ အဋ္ဌမတန်းအတွက် ကြီးကြပ်ရေးမှူးသီးသန့်၊ စတုတ္ထတန်းအတွက် ကြီးကြပ်ရေးမှူးသီးသန့် ထားပေးရသောအခါ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများနှင့် စာဖြေဌာန မမျှတ,တော့ပါ။

သို့အတွက် လုပ်ငန်းကျွမ်းကျင်သည်ဟု ယူဆရသော အထက်တန်းပြ ဆရာဆရာမများပင် ကြီးကြပ်ရေးမှူးတာဝန် ယူကြရသည်။ စာဖြေဌာနများလာသည့်အတွက် လက်ထောက်ကြီးကြပ်ရေးမှူးတာဝန်မှ ကင်းလွတ်သော ဆရာဆရာမဆိုတာတောင် မကျန်တော့ပါ။ ၄တန်း၊ ၈ တန်းတွေအတွက် ဆရာဆရာမများ ပြင်ဆင်ကြရပြန်ပါပြီ။

၎တန်း၊ ၈ တန်းပြီးလျှင် မိဘရပ်ထံ ပြန်၍ ရပြီထင်ပါသလား။ မရသေးပါ။ ၄တန်း၊ ၈ တန်းစာမေးပွဲ တိုင်းမေးခွန်း၊ ခရိုင်မေးခွန်း ဖြေကြရသော်လည်း မြို့နယ်မှ အပြီးစစ်ပေးရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ ဘာသာပြ ဆရာဆရာမများ စာစစ်ကြရလိမ့်ဦးမည်။ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများက စာစစ်မှူးချုပ်တာဝန် ဆက်လက်ထမ်းဆောင်ကြရလိမ့်ဦးးမည်။၎တန်း၊ ၈ တန်း အဖြေလွှာများ စစ်ဆေးပြီးသည်နှင့် တပြိုင်နက် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးတာဝန်များ ဆက်လက်ထမ်းဆောင်ရပါဦးမည်။

တက္ကသိုလ်ဝင်စာမေးပွဲ စောင့်ပြီးလျှင်ဖြင့် နွေရာသီ ပိတ်ပြီ၊ အိမ်ပြန်ရပြီဟုလည်း မထင်လိုက်ပါနှင့်။ အထက်တန်းပြများက တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများ စစ်ဆေးကြရမည်။ အချို့က ပညာရေးဘွဲ့(B.Ed) စာပေးစာယူ သင်တန်းတက်ကြရမည်။ အလယ်တန်းပြများ (သင်တန်းမပြီးသူများ) က လစယ (အလယ်တန်းဆရာအတတ် စာပေးစာယူ) သင်တန်းတက်ကြရမည်။ မူလတန်းပြများ (သင်တန်းမပြီးသူများ)က မစယ (မူလတန်းဆရာအတတ်စာပေးစာယူ) သင်တန်း တက်ကြရမည်။ မူလတန်းသင် ဆရာဆရာမများအားလုံးကတော့ စနစ်သစ်ပညာရေး Grade2 သင်တန်း တက်ကြရပါဦးမည်။ စာစစ်လွတ်သော၊ သင်တန်းလွတ်သော ဆရာဆရာမများကတော့ ကျောင်းမှာ ကလေးများကို ကာယသင်တန်း၊ ယဉ်ကျေးမှုသင်တန်းများ ပို့ချပေးကြရပါသည်။ ထိုမျှမက အောင်စာရင်းထုတ်ပြန်နိုင်ရေးအတွက် အောင်စာရင်းကပ်ခြင်း၊ မီးဘေးလုံခြုံရေးတာဝန်၊ ဖုန်းစောင့်တာဝန်များလည်း ပူးတွဲထမ်းဆောင်ကြရပါသေးသည်။

နွေရာသီသည် မည်သို့မည်ပုံ ကုန်ဆုံးသွားမှန်း မသိလိုက်မီမှာပင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်သို့ ပြန်လည် ရောက်ရှိလာပါလိမ့်မည်။ အခွင့်ထူးခံဝန်ထမ်းဟု အများမြင်နေကြသော ဆရာ၊ ဆရာမများလည်း သင်္ကြန်ပိတ်ရက် ၁၀ ရက်သာ နားခွင့် ရကြပါတော့သည်။

ကလေးများအဖို့မှာကား သင်တန်းတက်လိုက်၊ ကျူရှင်တက်လိုက်၊ စာကျက်လိုက်ဖြင့် နွေရာသီကျောင်းပိတ်ရက်ကို ဖြတ်ကျော်ပြီးမှန်း မသိလိုက်မီမှာပင် ကျောင်းဖွင့်ရာသီ ရောက်လာပါလိမ့်မည်။ လေ့လာရေးခရီးသွားခြင်း၊ ဘုရားဖူးထွက်ခြင်း၊ လည်ပတ်ခြင်းများ မလုပ်အားနိုင်ခဲ့ကြပါ။
တစ်နယ်တစ်ကျေးမှ လာရောက်ကာ တာဝန်ထမ်းဆောင်ကြရသော ဆရာဆရာမများလည်း မိသားစုနှင့် အလွမ်းသယ်ချိန် မရလိုက်ကြပါ။ အလွမ်းမပြေခင်မှာပင် ပြန်လည်နှုတ်ဆက်ထွက်ခွာ တာဝန်ထမ်းဆောင်ကြရပေလိမ့်မည်။ နွေရာသီကျောင်းပိတ်ရက်ဟုဆိုရာဝယ် ကျောင်းသူကျောင်းသားရော ဆရာဆရာမများပါ ပြည့်ပြည့်ဝဝနားခွင့်မရကြဘဲ ကုန်ဆုံးကြရသည့် သာမာန်ရာသီဥတု တစ်ခုမျှသာ။

ဥသြတွန်သံချိုပါသည်။ ဆရာဆရာမ၊ကျောင်းသူကျောင်းသားများ တေးဆိုခွင့်မရပါ။ နွေဦးလေရူးနှင့်အတူ ကျရာနေရာ၊ ကျရာတာဝန်ကို ကျေပြွန်စွာ ထမ်းရင်း တစ်နွေပြီးတစ်နွေဖြတ်လို့ ကျောင်းသားများက အခြေခံပညာပြီးမြောက်ကြပေလိမ့်မည်။ အခြေခံပညာ ဆရာဆရာမများကတော့ တစ်နွေပြီးတစ်နွေ စာတွေစစ်ရင်း၊ သင်တန်းတွေတက်ရင်း အသက်ခြောက်ဆယ်ပြည့်တဲ့အခါ အခုပင်ပန်းသမျှ လွမ်းလွမ်းတတ ဖြစ်ကြရပေအုံးတော့မည်။

သြော်--နွေရာသီ ကျောင်းပိတ်ရက်တဲ့လားလေ......။

                            ![image](https://img.esteem.ws/pxjaajg2i7.jpg)
H2
H3
H4
3 columns
2 columns
1 column
Join the conversation now