ဘုရားဖက်​​တော့ အသက်​ရှည်

ဘုရားဖက်တော့ အသက်ရှည်

စဖြစ်ကာစကတော့ ကျောကုန်းထဲက အောင့်ရုံလေးပါ ။တစ်ခါတစ်ခါအောင့်ရင် ငါးမိနစ်လောက်နဲ့ တစ်နေ့ သုံးခါလောက် ။နောက်တစ်ရက်ကျတော့ အကြိမ် နဲနဲစိပ်လာပြီး အောင့်တဲ့အချိန်လဲပိုကြာ ၊နာလဲပိုနာပေါ့ ။ဖြစ်လာတဲ့ ဒုက္ခဝေဒနာကို ကြိုးစားရှုမှတ်ပေမဲ့ ကိုယ်ကလဲ တရားစအားထုတ်ကာစဆိုတော့ တရားအသိရော သမာဓိပါ နုစဉ်အချိန် ။
ဆေးခန်းတော့ လုပ်ရိုးလုပ်စဉ် သမားရိုးကျသွားပြ ၊ ဆရာဝန်ကလဲ စိုးရိမ်စရာ မရှိပေါ့ ။ ဒီလို အောင့်လိုက် သက်သာသွားလိုက်နဲ့ သုံးရက်မြောက်နေ့ ညဦးပိုင်းလဲကျရော မချိမဆန့်ဖြစ်လာတော့သည် ။အောင့်နေတာက နာရီဝက်နဲ့လဲ မပျောက်,တစ်နာရီနဲ့လဲ သက်သာမသွား ။အနာဒီဂရီကသာ တရိပ်ရိပ် တိုးတိုးလာတော့သည် ။
အောင့်တာကလဲ ကျောထဲ ဓားတစ်ချောင်းစိုက်ဝင်နေသလိုလို ၊ အသက်ရှုလို့ကလဲမရ ။နာလွန်းတော့ မျက်လုံးထဲမှာ မီးဝင်းဝင်းတောက် ။လူလဲအငြိမ်ထိုင် မနေနိုင် ၊သက်သာလိုသက်သာငြား ကယောင်ချောက်ခြားနဲ့ တစ်အိမ်လုံးအနှံ့ ဟိုသွားလိုက်သည်သွားလိုက်နဲ့ပေါ့ ။
မိန်းမကလဲ စိုးရိမ်တကြီး မျက်ရည်လည်ရွဲနဲ့ အနောက်က တကောက်ကောက်။ကိုယ့်မှာ သူ့ကို စကားပြန်ပြောနိုင်ဖို့ နေနေသာသာ အသက်ရှုဖို့တောင်အနိုင်နိုင် ။ သားလေးငိုနေတာမြင်ရတော့ စိတ်ထဲမှာလဲ မချိတင်ကဲ ။ကိုယ်တော့ ဒီဝေဒနာနဲ့ သွားရတော့မည် ထင်မိသည် ။ကလေးကငယ်လွန်းသေးသည် ။စိတ်ကမချ ။မချိမဆန့် နာတာရော ရင်ထဲက အပူမီးရောနဲ့ အဲဒီအချိန်က ခံစားရတဲ့ ဒုက္ခ စာနဲ့ရေးဖွဲ့ပြလို့ မှီမည်မထင်။
သတင်းကြားလို့ ရောက်လာကြတဲ့ ဆွေတွေမျိုးတွေ ၊တပည့်တပန်းတွေက အိမ်မှာအပြည့် ။ဆေးရုံတင်ဖို့ကားသွားငှါးသူငှါး ၊ ပစ္စည်းပစ္စယ ထည့်သူထည့်နဲ့ပေါ့ ။အဲဒီခေတ်ကာလတုန်းက ကိုယ်တို့တောမြို့လေးကနေ မကွေးတိုင်းဆေးရုံကြီးကို ညတွင်းခြင်း ချက်ခြင်းသွားလို့မရ ။ကားကူးဖို့ဇက်က မနက်ခုနှစ်နာရီ လောက်မှ မင်းဘူးဆိပ်ကမ်းက ထွက်မှာ ။ဒီတော့ ဆေးရုံလိုက်ပို့ဖို့ကားကို မနက်လေးနာရီ အရောက်အိမ်ကိုလာဖို့မှာပြီး ကျန်တာထိုင်စောင့်ပေါ့ ။
ဆွေမျိုးတွေ တပည့်တွေအနားရှိနေပေမဲ့ သူတို့လဲ မျက်စိမျက်နှာ ပျက်နေကြတာကလွဲပြီး ဘာမှတတ်နိုင်ကြတာမဟုတ် ။ကိုယ့်ဝေဒနာကလဲ အဆိုးဆုံး အခြေအနေ ရောက်လာတော့ တစ်ကိုယ်လုံး ဇောချွေးတွေက တဖြိုင်ဖြိုင် ။
မခံမရပ်နိုင်လွန်းတော့ သေမဲ့သေ ဘုရားဖက်ပြီးသေမယ် လို့ဆုံးဖြတ်မိပြီး ဘုရားစင်ရှိတဲ့ဆီ အားခဲသွားခဲ့သည် ။ဘုရားစင်ရှေ့ မတ်တပ်ရပ်ပြီး လက်အုပ်အနိုင်နိုင်ချီလို့ ကိုယ့်ကိုယ်ကိုယ် သရဏဂုံ တင်မယ်ပေါ့ ။”ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ , ” ဒါလေးဆိုမိဖို့ကို ဝေဒနာကပြင်းထန်ဆိုးရွားလွန်းတော့ ခက်ခက်ခဲခဲ ထစ်ထစ်ငေါ့ငေါ့ ။ဒီလို ကြိုးစားပမ်းစား ရွတ်နေရင်း အနာဒီဂရီ တစ်ရစ်စီ တစ်ရစ်စီ တဖြည်းဖြည်း လျော့ကျလာမှန်း သတိထားမိသည် ။နောက်ဆုံး ဝေဒနာဆိုးတွေ မရှိတော့တဲ့အထိတိုင်အောင် အခေါက်ခေါက် အခါခါ ဘယ်နှစ်ခေါက် ဘယ်နှစ်ကြိမ်တောင် ရွတ်နေမိသလဲ မသိ ။
သက်သာလာမှန်းသိတော့ တပည့်တွေက အိပ်ရာထဲ တွဲပို့ပေးကြသည် ။သူတို့ကသာ တစ်ညလုံးမအိပ်ပဲ စောင့်နေကြတာ ကိုယ်ကတော့ အိပ်လိုက်တာမှ တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် ။မနက်လေးနာရီ ထိုးကာနီးလောက်မှာ လာနှိုးမှ နိုးတော့သည် ။ဆေးရုံသွားဖို့ပြင်ကြဆင်ကြတဲ့အခါ ကိုယ်က ဘာဝေဒနာမှ မရှိတော့လို့ မသွားချင် ။ အပြတ်ငြင်းလို့ကတော့မရ ၊မိန်းမက လုံးဝလက်မခံနိုင် ။ပြန်နာလာမှာ သူကစိုးရိမ်နေသည် ။သူလဲ အတော် မှတ်လောက်သားလောက် ဖြစ်သွား.ပုံရသည် ။နောက်ဆုံးတော့ ကားကို မကွေးဆေးရုံကြီးထိ မပို့ခိုင်းတော့ဘဲ မင်းဘူးဆိပ်ကမ်း လောက်ပဲ ပို့ပေးဖို့ ညှိနှိုင်းလို့ရသွားသည် ။
ကိုယ့်ဟာကိုယ် ပဲ့ထောင်စီး မြစ်ကိုကူးမယ် ပေါ့ ။လိုက်ပို့ကြတဲ့ တပည့်တွေကလဲ စိုးရိမ်ကြလို့ နောက်က အရိပ်တကြည့်ကြည့်နဲ့ ။မကွေးရောက်တော့ သမားတော် သွားပြကြသည် ။ စမ်းသပ်ချက်တွေ ၊ဆေးစစ်ချက်တွေ အားလုံးလုပ်အပြီးမှာတော့ ဘာရောဂါမှ မရှိ ။all clear တဲ့ ။ သမားတော်ကို ညက မချိမဆန့် တကယ်နာခဲ့တဲ့ အကြောင်း သက်သေခံမဲ့ လူတွေအများကြီးပါလာလို့သာ တော်တော့သည် ။ဘာဆေးမှလဲ မပေးလိုက် ၊အသက်ရှုလေ့ကျင့်ခန်းလေး လုပ်ပေါ့ လို့သာ ပြောလိုက်သည် ။
သုံးရက်တိုင်တိုင် ခံစားခဲ့ရ့တဲ့ ဒီလောက်ဆိုးရွားတဲ့ ရောဂါကြီး ဘာလို့ အစရှာမရအောင် ပျောက်သွားပါလိမ့် ။အခုအသက်အရွယ် ရောက်လာတဲ့အထိလဲ တစ်ခါဆို တစ်ခါမှ ပြန်ပေါ်မလာတော့ ။ဒါကြီးက ဘာရောဂါပါလိမ့် ဘာကြောင့်ဖြစ်လာတာပါလိမ့် ။ကိုယ်ဘယ်လိုမှ စဉ်းစားလို့မရ ။တကယ့် unknown ပါဘဲ ။လောကကြီးမှာ ကိုယ့်ဉာဏ်နဲ့ လိုက်မမှီတာတွေက အများကြီး ။ဒီနေ့အထိ ဒီဖြစ်ရပ်ကြီးဟာ ကိုယ့်အတွက် အဖြေညှိမရတဲ့ ပဟေဠိ ဖြစ်နေဆဲ ။
ဘာကြောင့်ပဲ ဖြစ်လာလာ ပျောက်သွားတာကတော့ ဘုရားတန်ခိုးတော်ကြောင့် ဆိုတာကတော့ အသေအချာပါ ။တကယ်လို့များ ဘုရားစင်ရှေ့မသွားမိခဲ့ရင် ဘယ်လိုအခြေအနေ ရောက်သွားမည်မသိ ။ဘုရားသည်သာ ကိုးကွယ်အားထားရာ အစစ်ဆိုတာ ရင်ထဲ အသည်းနှလုံးထဲထိ နားလည် လက်ခံလိုက်မိသည် ။သရဏဂုံ တကယ်တည်သော ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်လာခဲ့ပြီ ။
နှလုံးသားထဲ ဘုရားတည်မိပြီ ။တရားကိုမြင်မှ ဘုရားကိုမြင်သည်တဲ့ ၊၊ဒါပေမဲ့ ဘုရားကိုမြင်ရင်လဲ တရားကို မြင်တာပါဘဲ ။ ဘုရားရှင်ကို ယုံကြည် ကိုးကွယ်မိတော့ တရားတော်ကို အားထုတ်ချင်စိတ် ပိုမိုဖြစ်လာခဲ့သည် ။ကြည်ညိုစိတ်ရှိတော့ တရားတော်တွေကို ထိုးထွင်းသိမြင်လာနိုင်သည် ။တကယ်တော့ အညမည အပြန်အလှန်ပါဘဲ ။
ဘုရားရှင် လက်ထက်တော်က တရားတစ်ကြိမ်ဟောရင် လူတွေ နတ်တွေ ဗြဟ္မာတွေ ကုဋေကုဋာချီပြီး ကျွတ်တန်းဝင်ကြသတဲ့ ။မြတ်စွာဘုရားကို ကြည်ညိုစိတ် လွန်လွန်ကဲကဲ ဖြစ်နေကြတဲ့အချိန်ဆိုတော့ သူဟောတဲ့ ခက်ခဲနက်နဲတဲ့ တရားတွေကို ထိုးထွင်းသိမြင် သွားကြတာပါ ။ဒါကြောင့် ပုဂ္ဂိုလ်ခင်ရင် တရားမြင်သတဲ့ ။
ကိုယ့်ရင်ထဲမှာ ဘုရားရှိလာတော့ လောကကြီးမှာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရဲပြီ ။ကြုံလာတွေ့လာတဲ့ အခက်အခဲတွေကို ဘုရားအဆုံးအမနဲ့အညီ ဖြေရှင်းတတ်လာပြီ ။တကယ်တော့ ပြဿနာ မရှာသူဆီကို ပြဿနာကလဲ မလာပါဘူး ။အသက်တစ်ရာနေရလဲပဲ အမှုတစ်ရာ မပွေပါဘူး ။
ဘုရားရဲ့ အဆုံးအမနဲ့မဟုတ်ပဲ အတ္တ,မာနတွေ ရှေ့တန်းတင် ဖြေရှင်းမယ် ဆိုရင်တော့ ပြဿနာတွေက တစ်ရာတောင်မကလောက် ။ဒီပြဿနာတွေ ဖြေရှင်းရင်ဆိုင်နေရတာနဲ့ပဲ စိတ်လဲမငြိမ်းချမ်း ၊ရှိတဲ့စွမ်းအားတွေလဲ ကုန်ပြီး သက်တမ်းစေ့လေးတောင် နေရဖို့မလွယ် ။ လောဘ , ဒေါသမီးနဲ့ လောင်မြှိုက်မခံရရင် ၊ စိတ်လေးအေးအေးချမ်းချမ်းနဲ့ နေရရင်တော့ သက်တန်းစေ့မက နေနိုင်ပါသည် ။ဒါကြောင့် ဘုရားဖက်တော့ အသက်ရှည်လို့ ဆိုကြတာပါ ။
အတ္တတွေ မာနတွေနဲ့ ဖောင်းပွနေတဲ့ လူတွေကြားထဲ နေရတာဆိုတော့ သူတို့နဲ့ မငြိအောင် ၊သူတို့လှမ်းပစ်တဲ့ ချိတ်တွေ ကိုယ့်မှာလာ မချိတ်အောင် ကိုယ်က စင်းလုံးချော ဖြစ်အောင် နေနိုင်ပါမှ ။ကိုယ့်မှာ့ အတ္တ, မာန ချိတ်တွေ မရှိဖို့ဖို့ဆိုတာကလဲ ဘုရားပေးတဲ့ ဝိပဿ နာ တရားဆေးကို သောက်ပါမှ ။
ဒီတရားဆေးလေး ဝင်သွားရင်တော့ သည့်းခံခြင်းသည် အောင်မြင်ခြင်းတို့ ၊စွန့်လွှတ်မှ ငြိမ်းချမ်းသည်တို့ ဆိုတာတွေကို နက်နက်နဲနဲ သဘောပေါက်လာမှာပါ ။
ခေတ္တခဏ အလည်ရောက်လာတဲ့ ဧည့်သည်ချင်း ....အို နာ သေ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသည်ချင်း လို့ မှန်မှန်ကန်ကန် မြင်လာ သိလာရင်တော့ အသက်တိုဆေးဖြစ်တဲ့ ဣဿာတို့ မစ္ဆရိယတို့ ကိုယ့်မှာ ရှိတော့မှာ မဟုတ်ပါဘူး ။ အဲဒီ မနာလို ဝန်တို စိတ်တွေအစား အသက်ရှည်ဆေး ဖြစ်တဲ့ ကရုဏာ,မေတ္တာ , မုဒိတာ , ဥပေက္ခာ စတဲ့ ဗြဟ္မစိုရ် တရားတွေ အစားထိုး လာပါလိမ့်မည် ။အသက်ကလေးရယ်ရှည်စေဖို့ မန်းတောင်ရိပ်ကိုခိုတာက မသေချာပေမဲ့ ရင်ထဲမှာ ဘုရားတည်ပြီး ဝိပဿ နာ တရား အရိပ်ကိုခိုရင်တော့ အသက်ကလေးရယ် ရှည်စေဖို့ကတော့ အသေအချာပါဘဲ ။
မေတ္တာဖြင့်
image

@claye

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center