"တစ်ခုထဲရှိသောအရာ၏ တန်ဖိုးသည် မည်သည့်အခါမှ တိုင်းတာ၍မရပေ"
I'm ATM.
ဒီအကြောင်းအရာကို ကျွန်မတမင်တကာ ရှာဖွေနေခဲ့တာတော့မဟုတ်ပါဘူး။ ကမ္ဘာ့ရူပဗေဒသဘောတရားရေးရာ ပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်းရဲ့အထ္တုပ္ပတ္တိကို ဖတ်ရင်း တွေးလိုက်မိတဲ့အတွေးစလေး တစ်ခုသာ ဖြစ်ပါတယ်။
တစ်ခုထဲရှိတဲ့အရာဝတ္ထုတိုင်းရဲ့ တန်ဖိုးကို တိုင်းတာဆုံးဖြတ်လို့မရဘူးတဲ့။
ဒီသဘောတရားအရ အရှင်းဆုံး ဥပမာ ပေးရရင် ကျွန်မတို့ ဈေးထဲမှာ ကြက်သားသွားဝယ်တယ်ဆိုပါစို့။ကြက်သားကို ကြက်သားချည်းတိုင်းတာလို့မရနိုင်တာကြောင့် ချိန်ခွင်နဲ့အလေးကို အသုံးပြုရတယ်။ အဲ့ဒါကြောင့် ကိုယ်လိုချင်တဲ့ အတိုင်းအဆကို အလေးရဲ့အရွယ်အစားနဲ့ ချိန်ထိုးကြည့်ရတယ်။ ပြီးတော့မှ အစိတ်သားတွေ ငါးဆယ်သားတွေ ဆုံးဖြတ်ကြတာ မဟုတ်လား။
တကယ်တော့ ငွေစက္ကူမှာလည်း အတူတူပါပဲ။တစ်ထောင်တန် ငါးထောင်တန် စသဖြင့် ဂဏန်းတွေ သတ်မှတ်ထားပေမဲ့ အဲ့ဒါဟာ ငွေစက္ကူရဲ့ တန်ဖိုးကို တိုင်းတာထားတာပါပဲ ဆုံးဖြတ်ထားတာ မဟုတ်ပါဘူး။ အဲ့ဒီငွေရဲ့ တကယ့်တန်ဖိုး ငွေစက္ကူတစ်ရွက်ထဲသာဆိုရင် ဆုံးဖြတ်လို့မရပါဘူး။
ငါးထောင်တန်တစ်ရွက်မှာ နည်းတယ် များတယ် ဘယ်လို ဆုံးဖြတ်သတ်မှတ်မလဲ။
တစ်ထောင်တန်နဲ့ချိန်ထိုး နှိုင်းယှဉ်လိုက်ရင် ငါးထောင်တန်ဟာ များတာပေါ့။ တစ်သောင်းတန်နဲ့ ချိန်ထိုး နှိုင်းယှဉ်လိုက်တော့ ငါးထောင်ဆိုတာ နည်းနေပြန်ရော...။
အဲ့ဒီငါးထောင်တန်နဲ့ ပစ္စည်းတစ်ခုဝယ်လိုက်တဲ့အခါ ပစ္စည်းနဲ့ငွေကြေးကို ချိန်ထိုး နှိုင်းယှဉ်လိုက်တာပဲ မဟုတ်လား။
ငါးထောင်တန်တစ်ခုထဲဆိုရင်တော့ ဘယ်လို နှိုင်းယှဉ်မှုမှမရှိလို့ သူ့တန်ဖိုးကို ဘယ်လိုမှ အဆုံးအဖြတ်ပေးလို့မရတော့ဘူးလေ..။
ဒါကြောင့် တစ်ခုထဲရှိတဲ့ ဘယ်အရာရဲ့တန်ဖိုးကိုမှ နှိုင်းယှဉ်ဆုံးဖြတ်လို့မရဘူးလို့ ယူဆမိတာပါ။
လူတစ်ယောက်ဆိုပါစို့။
လူတစ်ယောက်ထဲရှိနေရင်လည်း ထိုနည်း၎င်းပါပဲ။ လူတစ်ယောက်ထဲရှိနေရင် သူ့အရည်အချင်း သူ့တန်ဖိုးကို တိုင်းတာဆုံးဖြတ်လို့မရနိုင်ပါဘူး။ သာမန် လက်လုပ်လက်စားတစ်ယောက်ကို အင်ဂျင်နီယာလို လူမျိုး ဆရာဝန်လို လူမျိုးနဲ့ နှိုင်းယှဉ်လိုက်တာမျိုးတို့ ၊သာမန်လူတစ်ယောက်ကိုပဲ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ လူမျိုးတွေနဲ့ နှိုင်းယှဉ်လိုက်တာမျိုးတို့ကြောင့်သာ လူတစ်ယောက်ရဲ့ဘဝ လူတစ်ယောက်ရဲ့အရည်အချင်းကို တော်တယ်ညံ့တယ်ဆိုပြီးတန်ဖိုးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။
ငွေကြေးလို တံဆိပ်ရိုက်ပြီး တန်ကြေးတစ်ခုသတ်မှတ်ထားတဲ့ ပစ္စည်းတစ်ခုကိုတောင် တန်ဖိုးတစ်ခုကို တိုင်းတာလို့မရဘူးဆိုရင် ဘဝတစ်လျှောက်လုံးမှာ ရှင်သန်လှုပ်ရှားတွေးတော ကြံဆနေလေ့ရှိတဲ့ လူသားတစ်ယောက်ရဲ့ တန်ဖိုးကို အဆုံးအဖြတ်ပေးဖို့ဆိုတာကတော့ အတော်ကြီး စဉ်းစားသင့်ပါတယ်။
အမြဲတစေ ရှင်သန်နေတဲ့ လူ ၊ အချိန်နဲ့အမျှ အသက်နဲ့အတူ တွေးတောကြံဆ ဖန်တီးနေတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အချိန်နဲ့အမျှ ရှင်သန်နေတာပဲ ဖြစ်လို့ သူ့တန်ဖိုးကို ပိုပြီးတော့တောင် တိုင်းတာရ ခက်ခဲပါလိမ့်မယ်။
ဒီနေ့ မူးယစ်ဆေး သုံးစွဲနေတဲ့ ကျောင်းသားတစ်ယောက်ကို ပါမောက္ခလို ပုဂ္ဂိုလ်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ဘယ်လို အခြေအနေနဲ့ ဘယ်သူ့ဖက်မှာ ချိန်သား သာမလဲ စဉ်းစားဖို့တောင်မလိုပါဘူး။
ဒါပေမဲ့ နောက်ထပ် ဆယ်နှစ်လောက် အချိန်ကြာတဲ့အခါ ဒါမှမဟုတ် ဆယ့်ငါးနှစ် အချိန်ရှိတဲ့အခါ အဲ့ဒီလူနှစ်ယောက်ရဲ့ တန်ဖိုးတွေဟာ ဘယ်လိုဖြစ်နေနိုင်မလဲ ?
ဘယ်သူကများ အတိအကျ ပြောနိုင်ပါမလဲ။
ဒါဟာ တိုင်းတာရခက်ခဲတဲ့ လူ့တန်ဖိုးတွေပါပဲ။
ကျွန်မရဲ့ ထင်မြင်ယူဆချက်အနေနဲ့ ဘယ်လိုအရာမျိုးပဲ ဖြစ်နေပါစေ တစ်ခုထဲရှိနေတဲ့အရာမှန်သမျှရဲ့ တန်ဖိုးတိုင်းဟာ ဘယ်လိုမှ တိုင်းတာလို့မရနိုင်ဘူးလို့ပဲ ထင်ပါတယ်။
အရာရာတိုင်းကတော့ သူ့တန်ကြေးနဲ့သူ သူ့အသုံးဝင်မှုနဲ့ ရှိနေကြပြီးသား မဟုတ်လား။
အခုနေ ရောဂါတစ်ခုအတွက် သူ့ရောဂါကုသနေတဲ့ ဆေးတစ်လုံးလောက်မစားရရင် သေဆုံးတော့မဲ့ လူနာတစ်ယောက်အတွက် သူ့ဆေးဟာ သူ့အတွက်အလိုအပ်ဆုံး အရာမို့ အဲ့ဒီဆေးဟာ သူ့အတွက် အလိုအပ်ဆုံး တန်ဖိုးအရှိဆုံးပါပဲ။အဲ့ဒီအချိန်မှာ ဆေးမပေးဘူး ရွှေပေးမယ် ငွေပေးမယ် ဆိုရင် သူ့အနေနဲ့ ငြင်းမှာပဲလေ။ ဒါဟာ သူ့လိုအပ်ချက်နဲ့ သူ့အတွက် အရေးကြီးနေတဲအရာအပေါ် ထားတဲ့ တန်ဖိုးပါပဲ။
တန်ဖိုးတစ်ခုက လိုအပ်နေသူရဲ့ သက်ရောက်မှုနဲ့ပဲ ဆိုင်ပါတယ်။
သူ့လိုအပ်ချက် ကိုယ့်လိုအပ်ချက်မတူညီသလို သူတန်ဖိုးထားရာ ကိုယ်တန်ဖိုးထားရာ မတူညီကြတာမို့ နှိုင်းယှဉ်မှုတစ်ခုနဲ့ ဘယ်အရာကိုမှ တန်ဖိုး မဖြတ်သင့်ဘူး တန်ဖိုးအပေါ်အဆုံးအဖြတ်မပေးသင့်ဘူးလို့ပဲ ထင်မိပါတယ်.။
I'm ATM.
@ayethatmon
SMT37