ပျောက်ဆုံးသွားသော ပျူရှေးဟောင်း ရုပ်ထုများ

image

ပျူကြေးရုပ်လေးရုပ် သမိုင်း

၁၉၆၇ ခုနှစ် ဇန်န၀ါရီလအတွင်းတွင် သုတေသန၀န်ထောက် ဦးစိန်မောင်ဦး ဦးစီးသည့်အဖွဲ့သည် သရေခေတ္တရာမြို့ဟောင်းအရှေ့မြောက်ဘက်မြို့ရိုး၏ အပြင်ဘက်ရှိ ဘုရားမာဘုရားအနီး တူးဖော်မှု ကုန်းအမှတ် ( ၈ ) မှ ကျက်သရေမင်္ဂလာ အထိမ်းအမှတ်သင်္ကေတ သီရိဝစ္ဆပုံနှင့် ကြာပန်းကြာခက်တို့ဖြင့် ခြယ်လှယ်ထားသော အမြင့် ( ၁၁ ) လက်မခန့်ရှိသည့် ကြေးခေါင်းလောင်းတစ်လုံးကို တူးဖော်တွေရှိခဲ့သည် ။ ထိုကြေးခေါင်းလောင်းအတွင်းမှ ထူးခြားသော ပျူခေတ်ကြေးရုပ် ( ၅ ) ရုပ်ကိုတွေ့ရှိခဲ့ပေသည် ။ ကြေးရုပ်( ၅ )ရုပ်သည် ထိုခေတ်တီးမှုတ်ကခုန်သည့် သဘင်ပညာသည်တို့၏ပုံသဏ္ဍန်ကို ဖော်ညွှန်းသွန်းလုပ်ခဲ့ဟန်ရှိပေသည် ။ အရုပ်တစ်ခုသည် ပလွေမှုတ်ဟန် အရုပ်တစ်ခုက ဗုံတီးဟန် နောက်တစ်ခုက ခွက်ခွင်းတီးပြီး တစ်ရုပ်က ပျော့ပျောင်းနွဲ့နှောင်းနူးညံ့ငြိမ့်ညောင်းစွာကပြဟန်နှင့် နောက်ဆုံးတစ်ခုက ပုပုကွကွခါးကုန်းကုန်း သူ့ကျောကုန်းမှာ အထုပ်တစ်ခုပိုးပြီး ပျော်တော်ဆက် (လူပြက် ) ဟန်ပါပါဟာသပြု သရုပ်ဆောင်နေပုံများဖြစ်သည် ။ ၎င်းတို့သည် ငယ်ပင်ငယ်စေကာမူ အလွန်အသက်ပါလှပြီး အလွန်မြတ်နိုးဖွယ်ဖြစ်အောင် အနုပညာလက်ရာမြောက်ကြပေသည် ။ ဆင်ယင်ထုံးဖွဲ့မှုနှင့် ဟန်ပန်အနေအထားများမှာ အိန္ဒိယဆန်လှသည် ။
ထိုကြေးရုပ် ( ၅ ) ရုပ်နှင့်တကွ အခြားတူးဖော်ရရှိသည့် ပျူခေတ်ပစ္စည်းအချို့တို့ကို ထိုစဉ်ကပြည်မြို့နယ်ရှိ သရေခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်၌ ခေတ္တပြသ ထားရှိခဲ့သည် ။ ထိုသို့ ပြသထားခဲ့ရာမှ ၁၉၆၇ ခုနှစ် မတ်လ ( ၆ ) ရက်နေ့ညတွင် သူခိုးခိုးခံရပါသည် ။ ပျော်တော်ဆက် ( လူပြက် ) ရုပ်တစ်ခုသာ သူခိုးလက်ပါမသွားဘဲ ကျန်ရှိခဲ့ပေသည် ။ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှသည် ၁၉၇၂ ခုနှစ်တွင် ပျူကြေးရုပ်များသည် အမေရိကန်နိုင်ငံတွင် အမည်မသိပုဂ္ဂိုလ်တစ်ဦး၏ လက်ရှိနေကြောင်း ခိုင်လုံသောသတင်းကိုရရှိသဖြင့် လုပ်သားအင်္ဂလိပ်သတင်းစာတွင် ပျူယဉ်ကျေးမှုအကြောင်း ဆောင်းပါးနှစ်ပုဒ်ရေးပြီး ပျူကြေးရုပ်များနှင့်ပတ်သက်၍ သူခိုးခိုးခံရသောပစ္စည်းများဖြစ်ကြောင်း ၀ယ်ထားသူသိရှိပြီး မိမိဆန္ဒအလျောက် ပြန်လည်ပေးပို့မှသာ အစားထိုးနိုင်တော့မည်ဖြစ်ကြောင်း နှိုးဆော်တိုက်တွန်းခဲ့သည် ။ ထို့အပြင် အမေရိကန် ဟားဗတ်တက္ကသိုလ်မှ သူ၏မိတ်ဆွေဟောင်းများကို ယင်းပျူကြေးရုပ်လေးများသတင်းကို စုံစမ်းပေးပါရန် အကူအညီတောင်းခံခဲ့သော်လည်း ( ၉ ) နှစ်ကျော်လာသည်အထိ အကြောင်းမထူးခဲ့သဖြင့် ၁၉၈၁ ခုနှစ်အဆုံးတွင် လုပ်သားအင်္ဂလိပ်သတင်းစာတွင် ဆောင်းပါး ( ၃ ) ပုဒ်ရေးသားပြီး ၎င်းဆောင်းပါးများကိုမိတ္တူကူးကာ အမေရိကန်ရှိ သူ၏မိတ်ဆွေများထံ ပေးပို့ခဲ့သော်လည်း မည်သူထံကမှ ပြန်ကြားချက်တစ်စုံတစ်ရာမရရှိခဲ့ပေ ။
၁၉၈၃ ခုနှစ် ဧပြီလတွင် အမျိုးသားပထ၀ီဝင်မဂ္ဂဇင်း ( National Geographic Magazine ) မှ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စတာ ဗရိုင်ဟောင်ဆင် ( Bryan Hodgson ) သည် မြန်မာပြည်သို့ မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ရန်ရောက်ရှိလာရင်း ဒေါက်တာနိုင်ပန်းလှ ရေးသားစီကုံးဖွဲ့ခဲ့သော ( The Lost Musicians ) ဆောင်းပါးကိုဖတ်ရှုရပြီး စိတ်မကောင်း ဖြစ်ကာ ဆရာကြီး ဒေါက်တာနိုင်ပန်းလှကို သွားရောက်တွေ့ဆုံပြီး ဆရာကြီး၏ဆောင်းပါးကို ဓာတ်ပုံဖြင့်ကူးယူပြီး အမေရိကန်ပြည်သို့ပြန်ရောက်လျှင် ပျူကြေးရုပ်များကို လက်ဝယ်ထားရှိသူကို ရှာဖွေပြီးပြသမည် ။ ထို့အတူ သြဇာတိက္ကမရှိသောလူကြီးများထံကိုလည်း ဆောင်းပါးမိတ္တူကိုပေးဝေကာ ပိုင်ရှင်ကို ကြေးရုပ်များကို အမိနိုင်ငံသို့ပြန်ပို့ပေးသင့်ကြောင်း ၀ိုင်းဝန်းနားချဖျောင်းဖျတိုက်တွန်းခိုင်းမည် မိမိအစွမ်းကုန်ကြိုးစားမည် အောင်မြင်မည်ဟု မိမိယုံကြည်သည်ဟု ပြောဆိုကတိပေးခဲ့သည် ။ မစ္စတာဗရိုင်ဟောင်ဆင်၏ ကြိုးပမ်းမှုကြောင့် ဆရာကြီး ဒေါက်တာနိုင်ပန်းလှ၏ဆောင်းပါးကို ဖတ်ရှုရသော ပျူကြေးရုပ်( ၄ ) ရုပ်ကို ၀ယ်ယူထားသူ၏မိတ်ဆွေများက ၀ယ်ယူထားသူကို ရုပ်တုများကို အမိနိုင်ငံသို့ ပြန်ပို့ပေးသင့်ကြောင်း စတင်တိုက်တွန်းကြသည် ။
ပျူကြေးရုပ် ( ၄ ) ရုပ်ကို အမေရိကန်ဒေါ်လာ ( ၅ ) သိန်းပေးပြီးဝယ်ထားသူမှာ နယူးယောက်မြို့နေ အနုပညာပစ္စည်းများကိုစုဆောင်းရောင်းဝယ်သူ သန်းကြွယ်သူဌေး မစ္စတာ ရောဘတ် အယ်လ်စ၀ပ် ( Robert Ellsworth ) ဆိုသူဖြစ်သည် ။
ပျူကြေးရုပ် ( ၄ ) ရုပ်သည် မူရင်းအစစ်အမှန်ဖြစ်ကြောင်းစစ်ဆေးပေးသော ဘော်စတွန်ပြတိုက်မှ အာရှတိုက်ဆိုင်ရာရှေးဟောင်းပစ္စည်းပါရဂူ ဒေါက်တာ ဂျန်ဖောင်တိန် ( Jan Fontein ) နှင့် ထိုအချိန်က အမေရိကန်သမ္မတဖြစ်သော ရော်နယ် ရေဂင် [ Ronald Wilson Reagan ] ( သမ္မတ သက် တမ်း 1981 - 1989 ) ၏ သမ္မတကတော် နန်စီရေဂင်တို့သည် မစ္စတာ ရောဘတ် အယ်လ်စ၀ပ် ၏ ရင်းနှီးသောမိတ်ဆွေဟောင်းများဖြစ်၍ မစ္စတာ ရောဘတ် အယ်လ်စ၀ပ်ကို ကြေးရုပ် ( ၄ ) ရုပ်သည် မြန်မာနိုင်ငံအတွက် အစားမထိုးနိုင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများဖြစ်ကြောင်း မြန်မာနိုင်ငံသို့ပြန်လည်ပေးပို့ ခြင်းဖြင့် သက်ဆိုင်ရာနိုင်ငံက ကျေးဇူးတင်ဂုဏ်ပြုမည်ဖြစ်သလို ကမ္ဘာအရပ်ရပ်မှစေတနာရှင်များက ချီမွမ်းပြီး အမေရိကန်အစိုးရကလည်း ကျေးဇူးတင်ဂုဏ်ပြုမည်ဖြစ်ကြောင်း မွန်မြတ်သော ထူးခြားသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ၀ိုင်းဝန်းတိုက်တွန်းကြလေသည် ။ မိတ်ဆွေများ၏တိုက်တွန်းချက်နှင့် မွန်မြတ်သောစေတနာအရင်းခံတို့ကြောင့် မိမိပိုင်ကြေးရုပ် ( ၄ ) ရုပ်ကို မြန်မာနိုင်ငံသို့ မိမိစားရိတ်နှင့်မိမိကိုယ်တိုင် ပြန်ပို့ပေးမည်ဟု မစ္စတာ ရောဘတ် အယ်လ်စ၀ပ်က နန်စီရေဂင်ကို ကတိပေးခဲ့သည် ။ သို့နှင့် အမေရိကန်နှင့် မြန်မာနိုင်ငံအစိုးရ ချင်းဆက်သွယ်ပြီး ပြန်လည်ပေးပို့ရန်စီစဉ်ခဲ့ကြသည် ။
မစ္စတာ ရောဘတ် အယ်လ်စ၀ပ် သည် ( ၁၇ . ၁၁ . ၈၃ ) နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး (၁၈ . ၁၁ . ၈၃ ) နေ့မွန်းလွဲ ( ၂ ) နာရီတွင် ပြည်လမ်း ခြောက်မိုင်ခွဲရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၌ တရားဝင်ပြန်လည်လွှဲပြောင်းပေးအပ်ရာ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဥက္ကာက ကျေးဇူးတင်စကားပြောကြားပြီး လက်ခံယူခဲ့သည် ။ အဆိုပါပျူခေတ် ကြေးရုပ် ( ၄ ) ရုပ်ကို လွှဲအပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုသံရုံးမှ ယာယီ တာဝန်ခံသံမှူးနှင့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ သုတေသနမှူးများတက်ရောက်ခဲ့ကြသည် ။ ဤသို့ဖြင့် ( ၁၆ ) နှစ်ကြာပျောက်ဆုံးနေသော ပျူကြေးရုပ် ( ၄ ) ရုပ်သည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပေသည် ။ မစ္စတာ ရောဘတ် အယ်လ်စ၀ပ် ( ၁၉ . ၁၁ . ၈၃ ) နေ့တွင် ပျူကြေးရုပ်လေးများအား တူးဖော်တွေ့ရှိရာသမိုင်းဝင်ဒေသဖြစ်သည့် ပြည်မြို့အနီး မှော်ဇာသို့သွားရောက်လေ့လာခဲ့ပြီး ( ၂၀ . ၁၁ . ၈၃ ) နေ့တွင် ပုဂံမြို့ဟောင်းသို့ နေ့ချင်းပြန် သွားရောက်ကာ ရှေးဟောင်းစေတီပုထိုးများနှင့်ယဉ်ကျေးမှုအနုပညာလက်ရာများကိုလေ့လာ၍ ဓာတ်ပုံများရိုက်ကူးခဲ့သည် ။ ( ၂၁ . ၁၁ . ၈၃ ) နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ သံရုံး အရာရှိများနှင့်အတူသွားရောက်ကာ ၀န်ကြီး ဦးအောင်ကျော်မြင့်အားတွေ့ဆုံခဲ့သည် ။ ၀န်ကြီးက မြန်မာနိုင်ငံအစိုးရကိုယ်စား သူ့အားကျေးဇူးတင်လက်မှတ်ထိုး ထားသော “ကျေးဇူးတင်လွှာ” ကိုပေးအပ်ခဲ့သည် ။ ထို့အပြင် အမှတ်တရဖြစ်ရန် ပါတီဥက္ကဌကြီး၏လက်ဆောင်ဖြစ်သော ပျူကြေးရုပ်ပုံတူ( ၅ ) ရုပ်တို့ကို ၀န်ကြီးက မစ္စတာ ရောဘတ် အယ်လ်စ၀ပ်အား ပေးအပ်ခဲ့ပါသည် ။
[ ခါးကုန်းနေသောအရုပ်ငယ်မှာ အမြင့်ပေ သုံးလက်မခန့်ရှိပြီး ကျန်အရုပ်လေးရုပ်မှာ လေးလက်မခန့်စီမြင့်သည် ။ ( လုပ်သားသတင်းစာ ၁၉ . ၁၁ . ၈၃ ) နေ့ အနုပညာကြေးရုပ် ( ၄ ) ခုတို့မှာ အမြင့်လေးလက်မခွဲစီရှိပြီး လူပြက်ရုပ်မှာ သုံးလက်မသာရှိပါသည် ။
Reference # နိုင်ပန်းလှ - ပါမောက္ခ ဒေါက်တာ ။ ။ “သုတေသနစာပေများ” အားမာန်သစ် စာပေ ၂၀၀၆ခုနှစ် နိုဝင်ဘာလ ဒုတိယအကြိမ် ရန်ကုန် ။ ]
[ ကချေသည်နှစ်ယောက် ပြွေမှုတ် တစ်ယောက် လက်ခုပ်တီး တစ်ယောက်နဲ့ လူပြက် ဂြီကွေတြ အရှေ့မြောက်မြို့ပြင်ရှိ ဘုရားမာအနီးကရတဲ့ ကုလားသဘင်သည် ( ၅ ) ဦး ပျူလက်ရာလို့ပြောကြပေမယ့် ကုလားပြည်ကသွင်းလာဟန်တူတယ် ။
သန်းထွန်း - ဒေါက်တာ ။ ။ “မြန်မာသမိုင်းပုံ ” မုံရွေးစာအုပ်တိုက် ၂၀၀၄ခုနှစ် ဇူလိုင်လ ပထမအကြိမ် ရန်ကုန် ။ ]
ကျမ်းကိုးစာရင်း ။ ။
မိုးမြင့်မောင် ။ ။ “ထူးဆန်းထွေလာပြည်မြန်မာ” မြ၀တ်ရည်စာပေ ရန်ကုန် ။
သန်းထွန်း - ဒေါက်တာ ။ ။ “မြန်မာသမိုင်းပုံ” မုံရွေးစာအုပ်တိုက် ၂၀၀၄ခုနှစ် ဇူလိုင်လ ပထမအကြိမ် ရန်ကုန် ။
ကျော်ဝင်း – မနုဿ ။ ။ “အခြေခံရှေးဟောင်းသုတေသနပညာ” စာပေဗိမာန် ၁၉၇၇ ပထမအကြိမ် ။
နိုင်ပန်းလှ - ပါမေက္ခဒေါက်တာ ။ ။ “သုတေသနစာပေများ” အားမာန်သစ်စာပေ ၂၀၀၆ခုနှစ် နိုဝင်ဘာလ ဒုတိယအကြိမ် ရန်ကုန် ။
လုပ်သားသတင်းစာ ။ ။ ၁၉ . ၁၁ . ၁၉၈၃ နေ့
ဌေးဝေ ။ ။ “ပျူမြို့ပြယဉ်ကျေးမှုသမိုင်း ” ထွန်းဖောင်ဒေးရှင်းဘဏ်စာပေကော်မတီ ၂၀၀၉ ခုနှစ် သြဂုတ်လ ပထမအကြိမ် ရန်ကုန်။
Photo Credit # National Geographic Magazine မှ ဖော်ပြသော ပျောက်ဆုံးသွားသည့် ပျူကြေးရုပ်( ၄ )ရုပ်
Original Writer credit# ဘဝဒဏ္ဍာရီ & kodawgyi

H2
H3
H4
3 columns
2 columns
1 column
Join the conversation now