📝📝

စကားပြောကြပုံ အမျိုးမျိုး

လူအမျိုးမျိုး စရိုက်အထွေထွေဆိုသလိုပဲ၊ လူတွေရဲ့ အကျင့်စရိုက်ပေါ်မူတည်ပြီး စကားပြောဆိုပုံတွေလည်း မတူကြဘူးနော်။ တချို့က စကားကိုချိုချိုသာသာ ပြောတတ်ပြီး၊ တချို့ကတော့ ပိသာလေးဘေးပစ် နာသူခံခက်အောင်ပြောတတ်ကြတယ်။ တခါတလေလည်း ချီးမွမ်းသယောင်နဲ့ သရော်လှောင်ပြောင်ပြောတာမျိုး ဖြစ်နေတတ်တယ်။ တခါတရံတော့ ဘဝမှာ အရည်မရအဖတ်မရ အကျိုးမရှိတဲ့စကားတွေကို ကရားရေလွှတ် တတွတ်တွတ်ပြောတတ်သူတွေနဲ့ ခပ်ကင်းကင်းနေခွင့်ရပါစေလို့ ဆုတောင်းမိပါရဲ့။ အဲဒီလိုစကားတွေ နားထောင်ရတာ အချိန်လည်းကုန် လူလည်းစိတ်ပင်ပန်းလို့ပါ။

မှတ်မိနေတဲ့ အင်္ဂလိပ်စာ ဝါကျလေးတစ်ခု ဒီမှာ ကြုံတုန်းပြောပြချင်တယ်။
Only speak if your words are more beautiful than silence.
တိတ်ဆိတ်ငြိမ်သက်ခြင်းထက် သင့်ရဲ့ စကားလုံးများက ပို၍ လှပနေသည်ဆိုပါမှသာ စကားပြောပါ...တဲ့။ စကားကို မလိုအပ်ရင် မပြောနဲ့၊ အဓိပ္ပါယ်မရှိတာပြောမဲ့အစား တိတ်တိတ်လေးနေတာသာ ပိုကောင်းတယ်လို့ ပြောချင်တာပေါ့။

အဲဒါလေးကို စဉ်းစားမိလို့ ဒီတစ်ခေါက်တော့ အင်္ဂလိပ်စာမှာ "စကားပြောသည်" ကို talk, say, speak စသည့် ကြိယာလေးတွေကို collocation ကိုကြည့်ပြီး မှန်အောင်သုံးတတ်ရမယ်ဆိုတာကို အခြေခံအဆင့်တော့ သိထားပြီးလောက်ကြပြီလို့ ယူဆလို့ စကားပြောပုံ ပြောဟန်အမျိုးမျိုးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဝေါဟာရတွေ အသုံးတွေ words and usages ကိုတင်ပြလိုက်ပါတယ်။ စလိုက်ကြစို့......

❤️ကွယ်ရာမှာ သူများမကောင်းကြောင်းပြောတာ

  • speak ill of

He never speaks ill of any of his friends.
သူဟာ သူငယ်ချင်းတွေမကောင်းကြောင်း ဘယ်တော့မှ မပြောတတ်ဘူး။

  • talk behind one's back

I don't want a friend who talks behind my back.
ကိုယ့်ကွယ်ရာမှာ ကိုယ်မကောင်းကြောင်း အတင်းတုတ်မဲ့ သူငယ်ချင်းတော့ မလိုချင်ပါဘူး။

  • slag somebody off

I hate the way Bo Bo is slagging people off behind their backs.
ဘိုဘိုတစ်ယောက်ဟာ ကွယ်ရာမှာ လူတွေမကောင်းကြောင်း အပုတ်ချနေပုံကို ငါမုန်းလိုက်တာ။

tattle (verb) ကတော့ ကုန်းလျှောတာ
Mya Mya tattled on us to the teacher.
မြမြဟာ ဆရာ့ကို ငါတို့မကောင်းကြောင်း ကုန်းလျှောတိုင်ထားတယ်။
tattle on someone to somebody ဆိုတဲ့ အသုံးကို မြင်အောင်ကြည့်ပါ။

❤️ထေ့တာ၊ ငေါ့ပြောတာ၊ အတည်ကြီးနဲ့ နောက်နေတာ

  • tongue-in-cheek
  • tongue-in-cheek remarks

He said that Donald Trump was the best American president, but I think it's a tongue-in-cheek remark.
ဒေါ်နယ် ထရမ့်ဟာ အကောင်းဆုံး အမေရိကန်သမ္မတ လို့သူပြောလိုက်တာဟာ ငေါ့တာလို့ထင်ပါတယ်။

ရယ်ချင်ပေမဲ့၊ စနေ နောက်နေတာဖြစ်ပေမဲ့ မရယ်မပြုံး မျက်နှာထားတည်တည်ကြီးနဲ့ပြောတာကို to say something with a straight face လို့သုံးကြတာကိုလည်းမှတ်ထားသင့်ပါတယ်။ Speaking မှာ အသုံးများလို့ပါ။

❤️စကားကို ကပ်ပြီးပြောတာ၊ ကပ်သီးကပ်ဖဲ့ပြောတာ၊ အရေးမကြီးတာလေးကို ငြင်းခုန်နေတာ

  • split hairs

I hate to split hairs, but I think what you've said is wrong.
ကျွန်တော် စကားကိုကပ်မပြောချင်၊ အသေးအဖွဲလေးတွေ ဇာမချဲ့ချင်ပေမဲ့ ခင်ဗျားပြောတာ မှားနေတယ်ဗျ။

Don't waste your time splitting hairs. Accept it the way it is.
အရေးမကြီးတာလေးတွေ ကပ်သပ်ငြင်းမနေနဲ့။ အရှိကို အရှိအတိုင်း လက်ခံလိုက်ပါ။

  • labour the point (ထင်မြင်ချက်တစ်ခု၊ စကားတစ်လုံးကို အသည်းအသန် ထပ်ခါ ထပ်ခါတင်ပြပြောဆိုသည်)

There's no need to labour the point - I made a mistake - I admit it!
ဒါလေးကိုပဲ ထပ်ထပ်ပြောမနေပါနဲ့၊ ငါ အမှားလုပ်မိတယ်၊ ငါဝန်ခံတယ်ကွာ။

❤️ပြောပြီးသားကြီးကိုပဲ အပ်ကြောင်းထပ်အောင် ထပ်ခါထပ်ခါပြောတာ

  • harp on
  • harp on about

I know you're getting married next month. Don't keep harping on (about it)!
မင်း ရှေ့လမှာ လက်ထပ်တော့မယ်ဆိုတာ ငါသိပါတယ်။ ဒါကိုပဲ ထပ်ခါထပ်ခါပြောမနေပါနဲ့။

The teacher is harping on about the lack of discipline in the class.
ဆရာမက တခါလာလည်း အတန်းထဲမှာ စည်းကမ်းမရှိကြဘူးဆိုတဲ့ အကြောင်းပဲ ပြောနေတော့တာပဲ။

  • harp on the same string ဆိုတဲ့ idiom ရှိပါတယ်။ harp ဟာ စောင်း၊ စောင်းကောက်တီးတာ။ string ဟာ ဂစ်တာကြိုး။ ကြိုးတစ်ချောင်းတည်းကို ဂစ်တာမှာ တခြားကြိုး မပြောင်းဘဲ တဗြန်းဗြန်း တီးကြည့်ပါလား၊ ပျင်းစရာ၊ နားငြီးတယ်၊ စိတ်အနှောင့်အယှက်ဖြစ်လာစေတယ် ဆိုသလိုပေါ့၊ တစ်ခါလာလည်း ဒီ ဓာတ်ပြားဟောင်းကြီးပဲ ဖွင့်ပြနေတာကို to harp on the same string လို့သုံးပါတယ်။

❤️တောင်စဉ်ရေမရလျှောက်ပြောနေတာ

  • waffle
  • ramble

If you have nothing important to say, please stay quiet. It's no good waffling on for hours.
အရေးတကြီးပြောစရာမရှိရင်လည်း တိတ်တိတ်နေကွာ။ အကြာကြီး တောင်စဉ်ရေမရပြောနေတာ အလကားပဲ။

He is just rambling on. I don't know what he is getting at.
ဘာတွေလျှောက်ပြောနေမှန်းကိုမသိတာ။ သူ လိုရင်းဘာပြောချင်တယ်ဆိုတာ မသိပါဘူး။

❤️ရွဲ့ပြောသော

  • sarcastic
  • sarcastic comments
  • say something sarcastically

"You have been working very hard," the teacher said rather sarcastically as he looked at my empty page.
"မင်းတော်တော် ကြိုးစားထားတာပဲ" လို့ ဆရာက ကျွန်တော့်ရဲ့ ဘာမှမရေးရသေးတဲ့ ဗလာ စာမျက်နှာကို ကြည့်ပြီး ခပ်ရွဲ့ရွဲ့လေးပြောလိုက်တယ်။

❤️ချီးမွမ်းခြေကျောက်ပြောတာ

  • left-handed compliment
  • pseudo praise

I didn't expect you to pass the exams - congratulations!
ငါ မင်းကို စာမေးပွဲအောင်မယ်ကို ထင်မထားတာ၊ ဂုဏ်ယူပါတယ်ကွာ။
(ဒီထက် စော်ကားတဲ့ ချီးကြူးတာမျိုး ရှိနိုင်ပါသေးလား....)
left-handed compliment ကို backhanded compliment လို့လည်းသုံးတတ်ကြပါတယ်။

❤️တဲ့တိုးပြောသည်၊ ဘွင်းဘွင်းပြောသည်၊ အတုံးလိုက်အတစ်လိုက်ပြောသည်

  • not mince one's words

mince ဆိုတာ ဟင်းချက်ဖို့ အသားကို ဓားနဲ့ နုပ်နုပ်စဉ်းတာ။ စကားလုံးတွေကို နုပ်နုပ်မစဉ်းတော့ဘူးဆိုတော့ အတုံးလိုက် အတစ်လိုက်ပြောပစ်လိုက်တာပေါ့။

A frank person never minces his words.
ပွင့်လင်းတဲ့သူဟာ ဘွင်းဘွင်းပဲပြောတတ်တယ်။

❤️သိမ်းကြုံး၍ပြောသည်၊ ဝါးလုံးချေးသုတ်ရမ်းသည်

  • make a sweeping statement
  • make a sweeping generalization

Just point out which worker has been unproductive. Don't make sweeping statements like all of them are lazy!
ဘယ်အလုပ်သမားက အလုပ်မလုပ်သလဲဆိုတာကိုသာ ထောက်ပြပါ။ သူတို့အားလုံး ငပျင်းတွေလို့ သိမ်းကြုံးမပြောပါနဲ့။

❤️ခြဲ့ကားပြောတာ၊ ပိုပြောတာ၊ တစ်ဆိတ်ကို တစ်အိတ်လုပ်တတ်တာ

  • exaggerate (verb)

He has a tendency to exaggerate when he talks about his family's wealth.
သူဟာ သူ့မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုကို ပိုပြောတတ်လေ့ရှိတယ်။

exaggerate ကတော့ ချဲ့ကားပြောတာ။ အဲဒီအလားတူပဲ ဘာမှ မဟုတ်တဲ့ ကိစ္စအသေးအဖွဲလေးတွေကို ပုံကြီးချဲ့ချင်ကြတာ၊ ပြဿနာသေးသေးလေးကို ပုံကြီးချဲ့ကြတာကို ဖေါ်ပြရမှာသုံးတဲ့ အောက်က idiom လေးနှစ်ခုကိုလည်း ထပ်မှတ်ထားပါ။

  • a storm in a teacup= လ္ဘက်ရည်ခွက်ထဲ မုန်တိုင်းလာကျနေသလို
  • to make a mountain out of a molehill= ချတောင်ပို့လေးကို တောင်ကြီးပမာ

❤️ပေါက်ကရတွေ၊ အရေးမပါတာတွေပြောတာ

  • talk trash (verb)
  • talk rubbish (verb)
  • talk nonsense (verb)
  • word salad (noun)

This is a serious problem. Stop wasting your time talking trash.
ဒါဟာ အရေးကြီးတဲ့ ပြဿနာပါ။ ပေါက်ကရတွေပြောပြီး အချိန်မဖြုန်းပါနဲ့လား။

salad ဆိုတာ အရွက်စိမ်းတွေကို သုပ်စားတာ သိတယ်နော်။ အသုပ်စုံပေါ့။ pickled tea leave salad ဆိုရင်တော့ လက်ဖက်သုပ်ပေါ့။ word salad ဆိုတာ စကားလုံးတွေ ရောသမမွှေထားသလို ဘာမှ အဆက်အစပ်မရှိ၊ အဓိပ္ပါယ်မရှိ၊ ပေါက်ကရတွေပြောနေတာတဲ့။

His lecture was a pompous word salad, with absolutely no meaning!
သူ့ရဲ့ ဟောပြောပို့ချမှုဟာ စကားကြီးစကားကျယ် ပေါက်ကရ သင်္ကြန်အမြောက်လိုပဲ၊ ဘာမှ အနှစ်သာရမရှိဘူး။

❤️သူများပြောဖို့ အလှည့်မပေးဘဲ သူသာဆက်တိုက်ပြောသည်

  • hold the floor

At the meeting, the boss held the floor for an hour.
အစည်းအဝေးမှာ သူဌေးက သူများပေးမပြောဘဲ သူ့ချည်း တစ်နာရီဆက်တိုက်ပြောသွားတယ်။

အခမ်းအနားတွေ၊ အစည်းအဝေးတွေမှာ တစ်ယောက်ကပြောပြီးလို့၊ မိန့်ခွန်းပြောပြီးတဲ့အခါမှာ နောက်တစ်ယောက်ကို အလှည့်ပေးပြောဖို့ ဖိတ်ခေါ်ရင်
Now I'd like to give the floor to U Win Myint.
ယခု ကျွန်တော်တင်ပြပြီးလို့ ဦးဝင်းမြင့် ဆက်ပြောဖို့ ဖိတ်ခေါ်အပ်ပါတယ်...လို့ပြောရတာကိုး။ အခုတော့ သူက floor ကို နောက်လူကို မပေးချင်ဘဲ ဆက်ကိုင်ထားတယ် ... hold the floor... သူပဲပြောမယ်တဲ့။

❤️အာချောင်တာ၊ နေရာတကာ ပါပြီးလျှောက်ပြောချင်တာ၊ အတွင်းရေး လှို့ဝှက်ထားရမဲ့ ကိစ္စတွေကို အကုန်လျှောက်ပြောတတ်တာ

  • to have a loose tongue

Be careful what you tell Ma Ma - she has a very loose tongue.
မမ ကို အကုန်လျှောက်မပြောပြနဲ့၊ သူက လျှာတော်တော်ချောင်တယ်။ တွေ့သမျှလူကို ပြောပြတတ်တယ်။

❤️လူအထင်ကြီးအောင် ကြီးကြီးကျယ်ကျယ် စကားလုံးအကြီးကြီးတွေသုံးပြီးပြောတတ်တာ

  • pompus (adjective)
  • bombastic (adjective)

He can sometimes sound a bit pompous when he talks about his success in business.
သူ့ရဲ့ စီးပွားရေးမှာ အောင်မြင်တဲ့အကြောင်းပြောရင် သူဟာ နည်းနည်း ကြီးကြီးကျယ်ကျယ်ပြောတတ်တယ်။

အဲဒီလိုမျိုး bombastic words တွေ၊ pompous expressions တွေသုံးပြီး ရေးထားတဲ့ စာတွေဟာ သဘာဝမကျ၊ မချောမွေ့၊ ဖတ်ရတာ ထောင့်ထောင့်ကြီးဖြစ်နေတတ်တာကို အင်္ဂလိပ်လို stilted ဆိုတဲ့ adjective ကိုသုံးကြတယ်။
He writes in a formal and somewhat stilted style.
သူစာရေးတဲ့ပုံစံက တခမ်းတနားနဲ့ (စကားလုံးအကြီးကြီးတွေသုံးထားလို့) မပြေပြစ်ဘူး။ (ဘာဘူအင်္ဂလိပ်စာလို့ တချို့ကလည်း နာမည်ပြောင်ပေးတတ်တယ်)

❤️တီတီတာတာ၊ အချစ်လေး အသည်းလေး စသည်ဖြင့်ပြောတာ

  • sweet nothings (အချစ်လေး၊ အသည်းလေး စသည်ဖြင့် ဘာမှသာမဟုတ်တာ နားထဲတော့ တော်တော်ချိုတဲ့ စကားလေးတွေ)

She whispered sweet nothings in his ear.
သူမဟာ သူ့ရဲ့ နားနားကပ်ခါ တိုးတိုးလေးချွဲလိုက်တယ်။

❤️ညင်ညင်သာသာပြောတာ၊

  • coo (verb)
  • soft speaking (adjective)

ချိုးငှက်လေးတွေ တကူကူအော်သံလိုပေါ့။ to coo ဆိုတာ ငြင်ငြင်သာသာ ချစ်စနိုးလေးပြောတာ။

"How wonderful to see you again, darling," the lady cooed.
ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ အချစ်ရယ်လို့ အမျိုးသမီးက ချစ်စဖွယ်လေးပြောတယ်။

❤️ချွဲချွဲပြစ်ပြစ်ပြောတာ၊ ကပ်ချွဲပြီးပူဆာတာ

  • speak endearingly (verb)
  • wheedle (verb)

The children wheedled me into letting them go to the movie.
ကလေးတွေက ငါ့ကို ကပ်ချွဲပြီး ရုပ်ရှင်ရအောင်သွားကြည့်ကြတာလေ။

❤️သူ့ကို ကြိုက်လာအောင်၊ စိတ်ဝင်စားလာအောင် ကြူနေတာ

  • chat up

Bo Bo spent the whole morning chatting up the new girl in the class.
ဘိုဘိုဟာ တစ်မနက်လုံး အတန်းထဲက ကျောင်းသူသစ်လေးကို သွားကြူနေတာ။

❤️ဆရာကြီးစတိုင်နဲ့ သူများကိုတင်စီးပြီးပြောတာ၊ ပြုမူတာ

  • patronize

Stop patronizing me - I understand the movie as well as you do.
မင်း ငါ့ကို ဆရာကြီးအထာလာမလုပ်ပါနဲ့ကွာ။ မင်းနားလည်သလို ငါလည်း ဒီရုပ်ရှင်ကို နားလည်ပါတယ်။ (ရှင်းပြစရာ မလိုပါဘူးပေါ့)

❤️မရိုမသေ ပြန်ခံပြောတာ၊ နှုပ်သီးကောင်း လျှာပါးနဲ့ နှုတ်လှန်ထိုးတာ

  • impertinent (adjective)= ရိုင်းပျသော
  • talk back (verb)= လူကြီးကို ရိုင်းစိုင်းစွာပြန်ပြောသည်
  • retort (verb)= ပြန်ပက်သည်၊ ခွန်းတုန့်ပြန်သည်

He made an impertinent remark about the teacher.
သူဟာ ဆရာ့အကြောင်းပြောတာ ရိုင်းစိုင်းလိုက်တာ။

Childern who talk back to their parents are disrespectful.
မိဘတွေကို ပြန်ခံပြောတဲ့ ကလေးတွေဟာ ရိုသေလေးစားမှုမရှိကြတာ။

လူကြီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောတာကို lip နှုတ်ခမ်း နဲ့လည်းသုံးတဲ့ အသုံး၊ ဝါကျလေးတွေ Speaking မှာ အသုံးများလို့ ထပ်မှတ်ပါ။

That's enough of your lip!
မင်းကွာ လူပါးဝလိုက်တာ၊ တော်တော့။

Don't give me your lip.
ပြန်ခံပက်မနေနဲ့။ ပြန်မပြောနဲ့။

❤️နှုတ်ကြမ်း လျှာကြမ်း အပြောကြမ်းတာ

  • rough/abusive in speech
  • rude in speech
  • uncouth in speech

That bus conductor is quite rough in speech.
အဲဒီ ယဉ်နောက်လိုက်ဟာ တော်တော်အပေါက်ဆိုးတယ်။

❤️အပြောကောင်းတာ၊ ရွှန်းရွှန်းဝေအောင်ပြောတတ်တာ၊ ကျအောင်ပြောတတ်တာ

  • articulate (adjective)
  • glib (adjective)
  • persuasive (adjective)

Mr.Obama gave a witty and articulate speech.
အိုဘားမားဟာ အသောလေးနဲ့ မိန့်ခွန်းကောင်းကောင်းပြောသွားတယ်။

❤️အဓိပ္ပါယ်နှစ်ခွထွက်အောင်ပြောတာ

  • ambiguous (adjective)= ဒွိဟဖြစ်စေသော

The President has used ambigious words in his speech.
သမ္မတကြီးဟာ သူ့ရဲ့မိန့်ခွန်းထဲမှာ ဒွိဟဖြစ်စေတဲ့ စကားလုံးတွေ သုံးသွားတယ်။

❤️စကားကို မလိမ့်တပတ်ပြောတာ

  • to speak with a forked tongue

The politician spoke with a forked tongue during the campaign.
မဲဆွယ်တဲ့အချိန်တုန်းကတော့ နိုင်ငံရေးသမားဟာ မလုပ်နိုင်တာတွေ ကတိပေးပြီး လှိမ့်ခဲ့တာပဲ။

❤️လျှာ (tongue) နဲ့ ပါးစပ် (mouth) ကို ed ထည့်လိုက်ရင် ရလာတဲ့ Adjective တွေကိုလည်း ထပ်ကြည့်ပါဦး။

-tongued
-mouthed

  • silver-tongued= အပြောချိုသော
  • sharp-tongued= မဟုတ်မခံ နာအောင်ပြောတတ်သော
  • honey-tongued= အပြောကောင်းသော၊ နားဝင်ချိုအောင်ပြောတတ်သော
  • foul-mouthed= အယုတ္တ အနတ္တထွက်သော
  • loud-mouthed= အာကျယ်သော
  • motormouthed= လေရှည်သော၊ စကားများသော

❤️စကားပြောပုံအကြောင်း တခြားသိသင့်တဲ့စကားလုံးလေးတွေ

  • lisp = စကားမပီ၊ အသံထွက်မပီဖြစ်သည်
  • stutter/stammer = စကားထစ်သည်
  • slur = (အရက်မူးနေ၍) အာလေးလျှာလေးဖြစ်သည်၊ ဗလုံးဗထွေးပြောသည်
  • tongue-tied = (ရှက်၍၊ စိတ်လှုပ်ရှား၍) စကားမပြောနိုင်၊ အာစေးထည့်ထားသော

ကဲ... ကျွန်တော့်ရဲ့ ထုံးစံအတိုင်း စုံလင်အောင်ပြောပြချင်တာကြောင့်မို့ ဒီ post လည်း တော်တော်လေးရှည်သွားပြီ။ စကားပြောကြပုံ အမျိုးမျိုးကိုလည်း ပြည့်ပြည့်စုံစုံသိသွားကြပြီလို့ ထင်ပါတယ်။ ပိုပြီး ပြည့်စုံသွားအောင် နောက်ထပ်သိသင့်တဲ့ လွယ်တာလေးနှစ်ခုနဲ့ အဆုံးသတ်လိုက်ကြရအောင်။

❤️စကားများသော ဆိုတဲ့ adjective တွေ

  • talkative
  • chatty
  • long-winded

❤️စကားများသူ၊ ကိုလေအိုး ဆိုတဲ့ noun တွေ

  • windbag
  • gasbag
  • chatterbox
  • big mouth
  • talker
    image
    With love,

@aakk

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center