ညီငယ်အရာရှိသို့ပေးစာ(၅)
15 March 2018(Tue,21:50)
သို့..
ညီငယ်
ဒီစာနဲ့ဆို အကိုမင်းဆီစာရေးတာ ၅စောင်မြောက်ပေါ့။ရှေ့အရင်စာတွေမှာ အရာရှိ တစ်ဦးရဲ့ ကျင့်ဝတ်တွေနဲ့ ပေါင်းသင်းဆက်ဆံပြောဆိုရာမှာ လိုက်နာကျင့်သုံးအပ်သည်များကို အလျဉ်းသင့်သလို သင်ပေးခဲ့ပြီးဖြစ်တယ်။ထိုအတိုင်း လိုက်နာကျင့်သုံးလိမ့်မယ် လို့လည်း အကို့အနေနဲ့ ယုံကြည်တယ်။လောကကြီးမှာ လူရာဝင်ချင်ရင် အလိုက်သိ တတ်မှုနဲ့ လိမ်မာရေးခြားရှိမှုကဘယ်လောက်အရေးပါလဲ ဆိုတာ အထူးပြောစရာလိုမယ်မထင်ဘူး။အထူးသဖြင့် ညီတို့လို အရွယ်၊ညီတို့လို လောကအကြောင်း သိသင့်သလောက်သိပြီး အတွေ့  အကြုံ အတော်အတန် ရှိပြီးသားလူငယ်တွေအနေနဲ့ သာလို့တောင် ပြောစရာမလိုပေမယ့်လည်း သင်တန်းမှာ စာပေပညာ၊စစ်ပညာတွေနဲ့ အလုပ်တွေက အများသားဆိုတော့ လောကကျင့်ဝတ်၊ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာတွေ မမေ့မလျော့ပဲ အမြဲသတိပြုမိ နိုင်အောင် အကို့အနေနဲ့ ထောက်ပြ သင်ကြားပေးခြင်းမျှသာဖြစ်တယ်။
ယခုဒီစာမှာတော့ သွားလာစဉ်ယဉ်ကျေးမှုအကြောင်းကို ပြောပြပေးမယ်။လမ်းလျှောက်သွားလာစဉ်မှာ ဦးစားပေးရမည့်သူကို မိမိရဲ့လင်္ကျာ ညာဘက်တွင်ထား၍ လမ်းလျှောက်ရမယ်။ အကယ်၍ ညာဘက်မှာ လမ်းတစ်လျှောက်တွင် ခလုတ်၊ကန်သင်း များရှိနေရင်တော့ မိမိရဲ့ လက်ဝဲဘက်တွင် နေရာပေး၍ လမ်းလျှောက် နိုင်တယ်။အရာရှိနှစ်ဦးအတူလမ်းလျှောက်သွားလာရရင်တော့ မိမိထက်ရာထူးကြီးမြင့် သောသူရဲ့ လက်ဝဲဘက်မှသာလိုက်ပါရမှာ ဖြစ်တယ်။ယူနီဖောင်းဝတ်ထားသောအရာရှိနှစ်ဦး၊ဒါမှမဟုတ်နှစ်ဦးထက်အတူလမ်းလျှောက်သွားလာရမည် ဆိုပါက ရာထူးအမြင့်ဆုံး အရာရှိလှမ်းသော ခြေလှမ်းအတိုင်းသာ ညီညာစွာလိုက်လျှောက်ရမှာဖြစ်ပါတယ်။ ဒါကိုညီတို့တွေ တပ်ပြင်ကိုယူနီဖောင်းနဲ့ထွက်တဲ့အခါမှာ တစ်ဦးထက်ပို၍ လမ်းလျှောက် သွားလာ ရတဲ့အခါ ခြေလှမ်းညီညာစွာ လျှောက်ရသကဲ့ သို့ပင်ဖြစ်တယ်။လမ်းလျှောက်သွား လာစဉ် မျက်နှာချင်းဆိုင်မှ မိမိတို့ထက် ရာထူးကြီးမြင့်သောအရာရှိလာပါက ထိုအရာရှိကို အလေးပြု ရမှာဖြစ်တယ်။မိမိနှင့်အတူသွားလာနေသောအရာရှိကြီးကို ကျော်တက်၍ အမြန်သွားလာရန်ကိစ္စဖြစ်လာပါကလည်း ထိုအရာရှိကြီးရဲ့ လက်ဝဲဘက် မှသာ ကျော်တက်ရမှာဖြစ်တယ်။
အကယ်၍ အမျိုးသမီးတစ်ဦးနှင့် အတူသွား လာရန်ကိစ္စမျိုးကြုံလာရင် တံခါးဖွင့်ဝင်ရသော အခြေအနေမျိုးမှာ မိမိမှ တံခါးကိုဖွင့်ပေးရမယ်။တံခါးကိုကိုင်ထားပြီ ထိုအမျိုးသမီး ဝင်ပြီးမှသာ နောက်မှ လိုက် ဝင်ရမှာဖြစ်တယ်။မှောင်သောအခန်း၊ လှေကားများ၊လမ်းများကို တံခါးဖွင့်ရမည် ဆိုလျင်တော့ မိမိမှ ကြိုတင်ဝင်ရောက်သင့် ကြောင်း ခြွင်းချက်အနေနဲ့မှတ်သား ထားရ မှာဖြစ်တယ်။အမျိုးသမီးတစ်ဦးက ညီ့ရဲ့အကူအညီကိုလိုအပ်နေသောအချိန်၊စားသောက်ဆိုင်၊ရုပ်ရှင်ရုံ၌ဖြစ်စေ၊ နေရာလိုက်ပြမည့်သူမရှိသောအခါဖြစ်စေ၊လမ်းရှင်းလျှောက်ရမည့် လူအုပ်ကြားတွင်ရောက်နေသောအချိန်မှာတော့ ညီကသာ ဦးဆောင်သွားရမှာဖြစ်တယ်။
လှေ၊မော်တော်ယာဉ်၊မီးရထား၊လေယာဉ်ပျံသင်္ဘောတို့ဖြင့် ခရီးသွားလာရမည်ဆိုပါက ထိုယာဉ်များအတွင်းသို့ ဝင်ခြင်း၊ထွက်ခြင်းမှာ အထက်က သင်ကြားပြောပြခဲ့သည့် အစီအစဉ်တိုင်းပဲဖြစ်တယ်။
ယေဘုယျအားဖြင့် ရာထူး ငယ်သောအရာရှိ မှ ဦးစွာဝင်ရောက်၍ နေရာထိုင်ခင်း ပြင်ဆင်ပေး ပြီးမှသာ ရာထူးကြီးမြင့်ဆုံးသောအရာရှိကိုဝင်ရောက်စေရမှာဖြစ်တယ်။
ကားနောက်ခန်းတွင် အရာရှိသုံးဦးအတူထိုင်ရမည့်ဆိုလျင်လည်း ရာထူးအငယ်ဆုံး အရာရှိသည်အလယ်မှာ ထိုင်ရမှာဖြစ်တယ်။
လှေ၊ကားနှင့် ရဟတ်ယာဉ် များပေါ်မှပြန်လည်ဆင်းသည့်အခါမှာတော့ အတက်နဲ့ပြောင်းပြန်ဖြစ်တယ်။ရာထူးအမြင့်ဆုံးသောအရာရှိမှ ဦးဆုံးဆင်းရမှာဖြစ်တယ်။
ညီလေးရေ လိမ်မာရေးချားရှိခြင်းဆိုတာ ခါးကိုင်းပြီး နှုတ်ဆက်ရုံ လောကဝတ်ကိုပြု ရုံတင်မဟုတ်ဘူး။အလွယ်တကူ သက်တောင့်သက်သာ ယဉ်ယဉ်ကျေးကျေး ၊လေးလေးစားစားပြုမှုနေထိုင်ခြင်းလဲပါဝင်တယ်။
ယဉ်ကျေးတယ်ဆိုရာမှာ ထုံးတမ်းစဉ်လာ ကျင့်ဝတ်တွေကို မလုပ်ချင်လုပ်ချင်နဲ့လုပ်နေရတာနဲ့မတူဘူး။လောကဝတ်တွေကို မသက်မသာသဘောမျိုးပြုလုပ်နေတာမျိုး လည်း မဟုတ်ဘူး။လူတွေရင်စကားမပြော ရဲသလိုရှက်ကိုးရှက်ကန်းဖြစ်နေခြင်းကိုလည်းမဆိုလိုပေဘူး။ပြောသင့်ပြောထိုက်တာကိုလည်း ရဲရဲဝံ့ဝံ့ပြောရဲရမှာ ဖြစ်တယ်။ဒါပေမယ့် ပြောဆိုမှုတွေဟာ ရှင်း ရှင်းလင်းလင်းပြတ်ပြတ်သားသားပြောဆိုပြီး အမှုအရာမှာလည်း နှိမ့်ချမှုလည်းရှိရမယ်။စကားလုံးရွေးချယ်ရာမှာလည်း အပေါစားဆန်တဲ့စကားပုံတွေ လမ်းဘေး ဘမ်းစကားတွေကိုရှောင်ကြည်သင့်တယ်။ဥပမေ၊ဥပမာနဲ့ ခိုင်းနှိုင်းပြောဆိုရမယ့် ကိစ္စဆိုလျင်လည်း ကောင်းမွန်အဆင့်အတန်း ရှိတဲ့ ဥပမာ မျိုးကိုရွေးချယ်ခြင်းဖြင့် မိမိရဲ့ အသိုင်းအဝိုင်း ယဉ်ကျေးမှုအခြေအနေကို ဖော်ပြရာရောက်စေပါတယ်။
လူအများရဲ့အထင်ကြီး လေးစားမှု ကိုလို ချင်ရင်တော့ သီလ၊ပညာနဲ့သမာဓိ ရှိဖို့လို သလို လူတောထဲမှာ စကားဝိုင်းမှာ လူအ များလက်ခံဆီးကြိုစေချင်ရင်တော့ ယဉ်ကျေးပြူငှါမှုအထူးပင်လိုအပ်တယ်ဆိုတာ မှာကြားလိုတယ်။ယဉ်ကျေးလိမ်မာ၍ အကင်းပါးသောအရာရှိကောင်း တစ်ဦးဖြစ်ပါစေလို့ အကိုဆုတောင်းပေးပါတယ်။
စီနီယာ.. ..
Photo credit google.
Author by Minhtet Yeyint
@zinminhtet
MSC-126