ခံစားမိသလောက်

zawphyowai(48)
Published in
#sad
Words
120
Reading
1 min
9y
Listen to this post
~1 min

နိုင်ငံရေးဆိုတာ လုံးလုံးကြီးလား
ပြားပြားကြီးလား
ဗိုက်ဆာရင်ရော စားလို့ရလား။
သေချာတာတော့
ကျွန်တော့ရင်ခွင်ထဲက ညီလေး နိုးလာမှာလောက် စိတ်ဝင်စားစရာ မကောင်းလောက်ဘူး။
image
နှလုံးသားကြီး မပေးပါနဲ့။
ပိုက်ဆံတစ်ရာလောက် စွန့်ကြဲခဲ့စမ်းပါ။

ဒီနားမှာ အိပ်ခွင့်ရှိလား ကျွန်တော်မသိဘူး
ဒီနားမှာ တောင်းခွင့်ရှိလား ကျွန်တော်မသိဘူး
ဘယ်သူချပေးလိုက်တဲ့ ဘဝနဲ့ တောင်းနေရလဲ ကျွန်တော် မသိဘူး။
ခေတ်ဆိုးကြီးမှာ လူလာဖြစ်ရတာ ဆိုတာတောင် ကျွန်တော်မသိဘူး။
ကျွန်တော်တို့ အသိတရားဆိုတာ
ကျွန်တော့်ဘေးက ထီးလို
အရိုးချည်းပဲ။
image
အိမ်
ကျွန်တော်မသိဘူး။
မှတ်မိသလောက်ကတော့
ညကြီးမင်းကြီး ဘူဒိုဇာနဲ့လာထိုး
ပြိုကွဲသွားတဲ့ အသိုက်အမြုံမှာ
အရှက်တရားတွေ ပါသွားခဲ့ပြီ။

မရှိလို့ တောင်းတယ်။
ကျွန်တော် မခိုးဘူး။
ဟော့ဒီညီလေး ဗိုက်ဝဖို့ ကျွန်တော်တောင်းတာ
ဆွေစဉ်မျိုးဆက်အတွက် နိုင်ငံခြားဘဏ်မှာ ငွေအပ်ဖို့ တောင်းတာမဟုတ်ဘူး။
image
မရှိ ခိုးနိုး မိုးမကြည့်ပါနဲ့ ဦးလေး
လက်ညှိုးထိုး ရောင်းစားခံရတဲ့အထဲမှာ
ကျွန်တော်တို့ ဘဝတွေပါသွားခဲ့ပြီ။
အားကောင်းလာတဲ့ ဆင်းရဲမွဲတေမှုထဲမှာ ကျွန်တော်တို့ပညာရေးတွေ ပါသွားခဲ့ပြီ။
စစ်ဖိနပ်တွေ ဘာတွေ ကျွန်တော်မသိဘူး။
ဒါပေမယ့် ကျွန်တော်တို့တွေ နင်းခြေခံလိုက်ရတာတော့သိတယ်။

ဒီမိုကရေစီ
သူက ကျွန်တော် သိပ်စားချင်တဲ့ ချော့ကလက်လို ချိုရဲ့လား။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီ့ထက် ထမင်းဝရင် ကျေနပ်ပြီ။
image
ဒို့တာဝန် အရေးသုံးပါး
နိုင်ငံရေးဦးတည်ချက်လေးရပ်
မိဘပြည်သူများခင်ဗျာ
တိုးတိုးပြောပါဦးလေး။
ကျွန်တော့ ညီလေးနိုးသွားရင်
ဆာလောင်နေတဲ့ သူ့ဗိုက်ကို
ကျွန်တော့်ခွက်ထဲက ပိုက်ဆံက လိုက်မမှီသေးဘူး။

မသနားပါနဲ့ ဦးလေး။
ကျွန်တော်တို့က အတိတ်ကံမကောင်းပေမယ့် ပစ္စုပ္ပာန်ကံက လတ်ဆတ်ပါသေးတယ်။
image
ကျွန်တော်က ဦးလေးတို့ကို သနားနေတာ။
ကျွန်တော်တို့လို လမ်းဘေးမှာ နတ်သမီးအိမ်မက်လေးတွေ မက်ရင်း အိပ်ပျော်သလိုမျိုး
ဦးလေးတို့ ညည အိပ်မရတာ သိနေလို့

Image from google

Zawphyowai
msc 082