အလွဲအပြောင်း ဟေမာန်ဆောင်းတွင်
ငြိမ့်ညောင်းလှစွာ ခေါင်းငုံ့ကာဖြင့်
ညင်သာသာလှမ်း"မိန်း"ရှေ့လမ်းဝယ်
မရမ်းစေ့ရောင် အင်္ကျိံပြောင်နှင့်
ညိုမှောင်ဖျော့ဖျော့,ပျော့ပျော့ပျောင်း2
အစကောင်းကို ခါးစောင်းပေါ်တွင်
ဝတ်ရုံဆင်လျှက် ခင်ခင်မင်မင်
ပြုံးရွှင်ရွှင်ဖြင့် ယဉ်ယဉ်လေးလှ
ချစ်နှမနှင့် ဆုံရတစ်ခါ
ကြုံခဲ့ပါပေါ့ ဝေးကွာလွန်မြောက်
သူကွယ်ပျောက်လည်းတို့ရင်ထဲမယ်
ဝဲလည်လည်နဲ့ ဘယ်ခါမမေ့
ထိုထိုနေ့ကို တမြေ့မြေ့လွမ်း
အသည်းနွမ်းကာ တမ်းတပါသည်
တွယ်တာရသော ကောင်မလေး....
ကမ္ဘာလောက စိမ်းမြမြနှင့်
လှပဝေဆာ ရောင်စုံဖြာဖို့
ချိန်ခါမနှေး အပြေးလေးသာ
လာကာဆင်းခုန် ငွေပစ္စုန်နှယ်
ရင်ဝယ်အေးမြ ချမ်းမြေ့လှသည်
သူ့အကြည့်ကို စွဲငြိတွယ်တာ
ရင်ခုန်စွာဖြင့် သည်းမှာလန်းဆန်း
တမ်းတမ်းတတ ကြည်နူးရခဲ့
သွဲ့သွဲ့ပျောင်းပျောင်း ဝသာန်နှောင်းလို
ညိုလာမစဲ သည်းသည်းထန်ထန်
ပြည့်လျှံလျှံဖြင့် ကိုယ့်ထံပါးတွင်
ချစ်ရေစင်လေး သွန်းဖြိုးပေးနော်
မြတ်နိုးရသော ကောင်မလေး......
ကောင်းခြင်းငါးဖြာ ပြည့်စုံပါတဲ့
တွယ်တာခဲ့ရ ပျိုနှမငယ်
လှသွေးကြွယ်ကြွယ် ချစ်ဖွယ်စုရုံး
ပိတုန်းရောင်ခြယ် ဝဲလည်လည်နှင့်
ကျောဝယ်ဖြန့်ကာ ဖြောင့်စင်းစွာသော
ကေသာလှလှ ဆံနွယ်စကို
လေကလိုက်ဖမ်း ဖွဖွနမ်းသော်
လှုပ်ရမ်းသော့သော့ ကြော့ကြော့လေးလှ ပြုံးဝင့်မျက်နှာ
ကျက်သရေဖြာ အလှဝေဆာသည့်
ချစ်မိရသော ကောင်မလေး.....
မြင်သူတိုင်းက ငေးမိရတဲ့
အလှဘုရင် ချစ်သခင်မ
မင်းဘဝကား ဆူးခဝန်းရံ
ပင်မြင့်ထံမှာ ရှင်သန်ပွင့်လန်း
တစ်ပွင့်ပန်းလို ပြစ်မျိုးမထင်
နန်းတော်ဝင်မို့ ရင်ခွင်ပိုက်ထွေး
ကြင်နာလေးတွေ ပေးဝေချင်လည်း
မဝံ့မရဲ ကိုယ့်စိတ်ထဲမယ်
မင်းငြင်းပယ်မှာ စိုးရိမ်ပါသည်
ဂုဏ်ရှိန်ဖြာသော ကောင်မလေး....။