ဆောင်းမှာနွေး၊ နွေမှာအေး ဆိုသည့် သနပ်ခါး၏ အာနိသင်ကြောင့် မြန်မာလူမျိုးများသည် မွေးကင်းစ အရွယ်ကစ၍ အသက်အရွယ်မရွေး သနပ်ခါးလိမ်းကြပါသည်။
မြန်မာနိုင်ငံတွင် မည်သည့်နေရာကို သွားသွား သနပ်ခါး လိမ်းကျံထားသော မျက်နှာများကို မြင်တွေ့နိုင်ခြင်းက သက်သေသာဓကပင် ဖြစ်ပေသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိန်းကျံအလှခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပါသည်။ သနပ်ခါးကို မခုံမင် မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ပင် ရှားပါးပါသည်။ ယခုခေတ်ပေါ် အနောက်တိုင်း အလှခြယ်ပစ္စည်း ကိရိယာများ အသုံးများ၍ ခေတ်စားနေစေကာမူ သနပ်ခါးနှင့် ကင်းနိုင်သူ မြန်မာအမျိုးသမီးတို့၏ အရေအတွက်မှာ အလွန့်အလွန် နည်းပါးလှပေသည်။
သနပ်ခါးကို စာပေဖြင့် ရေးသားတင်စားကြခြင်းကို ၁၄-ရာစုနှစ် ကဗျာပညာရှင် မွန်ဘုရင် ရာဇာဓိရာဇ်၏ ကြင်ယာတော်နှင့် ၁၅-ရာစုနှစ် ရဟန်းကဗျာပညာရှင် ရှင်မဟာရဋ္ဌဿရတို့၏ ကဗျာများတွင် တွေ့ရှိကြရပေသည်။ မြန်မာနိုင်ငံ၏ အချို့သော နေရာဒေသများတွင် နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်း သနပ်ခါးသွေးပွဲတော်များ ကျင်းပလေ့ရှိနေပါသည်။ သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးကလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများတီးမှုတ်သီဆိုကြလေ့ရှိပါသည်။ သွေးပြီး ရရှိလာသော သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နှင့် ဆေးကြောပြီး ကုသိုလ်ယူကြသည့် မြန်မာတို့၏ ချစ်စရာကောင်းသော ဓလေ့ဟာလည်း ယနေ့ထိတိုင် ရှိနေပေသည်။
သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပြန့်သော ရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းကျံသူအား လှပစေခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများ အဆုံး သနပ်ခါးကို လက်မလွှတ်နိုင်ခဲ့ကြခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် သနပ်ခါးကို အမြဲတစေ လိမ်းကျံသဖြင့် အသားအရေ စိုပြေဝင်းဖန့်နေသောသူကို တွေ့လျှင် "သနပ်ခါးသားရသည်"ဟု ရှေးမြန်မာအမျိုးသမီးများ ဆိုလေ့ရှိကြပေသည်။
မြန်မာလူမျိုးများသည် သနပ်ခါးကို နှစ်သက်ခြင်းသည် အလှအပ လိမ်းကျံစရာ ပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေးဘက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့်လည်း ဖြစ်ပါသည်။ ပူအိုက်စွတ်စို ရာသီဥတုရှိသည့် မြန်မာနိုင်ငံတွင် နေလောင်ခြင်းဒဏ်ကို ကာကွယ်နိုင်ပြီး အသားအရေကို ထိန်းသိမ်းနိုင်သည့် သနပ်ခါးကို မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုကြပေသည်။
သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန် နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတို့တွင် တွေ့ရှိရပါသည်။ မြန်မာ့သနပ်ခါးသည် အရည်အေသွး အကောင်းဆုံးပင် ဖြစ်ပေသည်။ သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်သည့် သီးနှံဖြစ်သဖြင့် မြန်မာနိုင်ငံ အပူပိုင်းဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးကြရုံတင်မက အိမ်ခြံဝင်းအတွင်းတွင်လည်း စိုက်ပျိုးလေ့ရှိကြသည်ကို တွေ့မြင်နိုင်ပေသည်။ သနပ်ခါးပင်သည် စိုက်ခင်းသစ် ပထမတစ်ကြိမ် ခုတ်၍ ရောင်းချပြီး သန်မာထွားကျိုင်းသည့် သားတက်များ ဆက်ခါဆက်ခါ ထားရှိနိုင်သဖြင့် ဘိုးစဉ်ဘောင်ဆက် အဆင့်ဆင့် ခုတ်ယူရောင်းချပြီး ဝင်ငွေရသဖြင့် "အပူပိုင်း ပဒေသာပင်ဟု တင်စားပြီး အပူပိုင်းဒေသ၏ ရတနာ" ဟုပင်ခေါ်ဆိုကြပေသည်။
သနပ်ခါးပင်၏ ပုံသဏ္ဌာန်မှာ အပင် ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀-၃၀ ထိမြင့်တက်ပြီး ပင်စည်နှင့် အကိုင်းအခက်များတွင် လက္မဝက်၊ တစ်လက္မခန့် ရှည်သည့် မာကျောသော ဆူးများ ပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသော အခါမှ အပွေးထူလာပါသည်။ အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၂ စုံမှ ၃ စုံထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါသည်။ ရွက်ပြားပြောင်ချောပြီး တောင့်တင်းမာကျောသည်။ အစိမ်းရင့်ရောင်ရှိသည်။ အပွင့်ပုံသဏ္ဌာန်မှာ သေးငယ်ပြီး၊ အဝါနုရောင်ရှိသည်။ အဆုပ်လိုက်ပွင့်သည်။ ရေမြေရာသီဥတုအပေါ် မူတည်၍ တပေါင်း၊ တန်ခူး၊ ကဆုန်လများတွင် အပွင့်များပွင့်သည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ ရေသောက်မြစ် ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်ထွက်သည်။ အမြစ်တွင်လည်း အပွေးအခေါက်ပါရှိသည်။ အမြစ်မှ သားတက်များထွက်လေ့ရှိပါသည်။
သနပ်ခါးထဲတွင် လူကြိုက်အများဆုံးမှာ ရှင်မတောင် သနပ်ခါးဖြစ်သည်။
ရှင်မတောင်သနပ်ခါး၏ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်သည်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးသည်။ ရွှေဘိုသနပ်ခါးသည် ရှင်မတောင်သနပ်ခါးကဲ့သို့ ထူးခြားစွာ အနံ့ မမွှေးပေမယ့် ဝင်းဝါတဲ့ အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း မြန်မာအမျိုးသမီးများက နှစ်သက်ကြပါသည်။ သနပ်ခါးပင်နှင့် မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia acidissima)လည်းရှိပါသေးသည်။ သီးပင်ကို wood apple ဟု အမည်ခေါ်ဆိုကြသည်။ မြန်မာလူမျိုးများက သီးပင်၏ အသီးကို ထန်းလျက်နှင့်ပေါက်ကာ ရောမွှေစားလေ့ရှိကြပါသည်။ သီးပင်၏ အခေါက်ဖြစ်သော သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါသည်။ ရှင်မတောင် သနပ်ခါးကဲ့သို့ အနံ့ မမွှေးပျံ့ သော်လည်းပဲ ကျောက်ပျဉ်၌ သွေးလိုက်သည့်အခါမှာ စေးနေပြီး လိမ်းလိုက်ရင် အသားအရေ စိုပြည်ဝင်းပလာသောကြောင့် မြန်မာအမျိုးသမီးများက သီးခေါက်ကိုလည်း နှစ်သက်ကြပါသေးသည်။
သနပ်ခါးကို မြန်မာလူမျိုးများနှစ်သက်ကြခြင်းသည် သနပ်ခါး၏ ဆေးဖက်ဝင်သော ဂုဏ်သတ္တိကြောင့်လည်း ဖြစ်ပါသည်။ နေလောင်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်သော သနပ်ခါးကို ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် မြန်မာနိုင်ငံမှာ အရေပြားထိန်းသိမ်းဖို့အတွက် အဓိကထားကြပါသည်။ အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနှင့် ရောသွေးကာ လိမ်းကျံကြပါသည်။ မျက်နှာမှာ ဝက်ခြံကင်းပြီး အသားအရေ ချောမွေ့ဖို့အတွက် သနပ်ခါးက ဆေးဖက်ဝင်ပါသည်။
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်းမှာ သနပ်ခါးသွေးပွဲ ကျင်းပလေ့ရှိပါသည်။သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများ တီးမှုတ်သီဆိုကြပါသည်။ သွေးပြီး ရရှိလာတဲ့ သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နဲ့ ဆေးကြာပြီး ကုသိုလ်ယူကြတဲ့ ဓလေ့ဟာ ယခုထိတိုင် ရခိုင်ပြည်နယ်မှာ ရှိနေပါသည်။