ဆေးခါးကြီး

wanna(30)
Published in
#artzone
Words
161
Reading
1 min
Listen
Play
8y

ဆေးခါးကြီးနှင့် ဆေးညွှန်းရှည်

ဆေးခါးကြီးဆိုတာကတော့ တကယ်ကို ခါးလွန်းလှပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးဆေး အနေနဲ့သာ သုံးတတ်ကြပါတယ်။ ဆေးညွှန်းကလည်း ပြတ်သားတယ်။ ဒီဆေးက ခါးတယ်။ ဒါပေမယ့် မသေချင်သေးရင် သောက်လိုက်။ ဒါပဲ။

တချို့ဆေးအညွှန်းတွေက ရေလဲတွေ များလွန်းတယ်။ ဒီတော့လည်း ဘယ်အတွက် အထူးထုတ်ထားတယ်ဆိုတာ ပြောလို့မရတော့ဘူး။ ဒီဆေးတွေရဲ့ ဆေးညွှန်းကတော့ မသေခင် ဆက်စား၊ သေရင် ရပ်ထား။
ဆေးညွှန်းတွေ အလီလီ ပြောင်းလဲခဲ့ပြီးပြီ။ ဒီဆေးသာ သောက်လိုက် ကျား တစ်ကောင် ဖြစ်သွားမယ်ဆို။
နောက်ဆေးက ပိုစွမ်းတယ်ဗျ။ ဂေါ်ဇီလာတောင် ဖြစ်မယ်လို့ ပြောထားတာ။ စင်္ကာပူထက်သာ၊ ထိုင်းကို ကျော်တက်ကနေ အခုတော့ အာဆီယံမှာ ၁ ဖြစ်ရမယ်လို့တောင် ဆိုလာနေပြီ။

ဆေးဆရာက လူနာအခြေအနေကို သိပုံ မပေါ်ဘူးထင်တယ်။ လူနာရဲ့ တိုးတက်မှုကို ကိန်းဂဏန်းနဲ့ ပြည်စုံအောင် ဖော်ပြလို့မရပါဘူးလို့ ဆိုလာတယ်။ သွေးပေါင်ချိန်ကလည်း တိုင်းဘိုက်တိုင်း လွဲနေ။ အသက်ရှူနှုန်း၊ နှလုံး ခုန်နှုန်းကလည်း တိုင်းကြည့်တိုင်း ကွဲ။ ဒီတော့လည်း အသက်ရှူနေသေးတာလေးကြည့်ပြီး တိုးတက်တယ် ပြောနေတော့ပေါ့။
လူနာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေတာ သိသာလွန်းနေတယ်။

ဒီမှာ ဂျော်ဒီး တည့်တည့်ပဲ ပြောမယ်။ ဒီကနေ့အချိန် အဘယ်သို့သော လုပ်ငန်းလုပ်ကိုင်သူမှ အဆင်ပြေတိုးတက်လို့ မပြောနိုင်ကြပါဘူး။ တောင်သူလယ်သမား အားလုံး ထမင်းနပ်မှန်ဖို့ မသေချာတဲ့ အခြေအနေပါ။ အလုပ်သမားအားလုံး နပ်ကျော်ရမယ့် အခြေအနေပါ။ အဆင်ပြေလှပါတယ်ဆိုတဲ့ လူတန်းစားဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဝန်ငယ်တို့သာ ဖြစ်ပါလိမ့်မယ်။ ပြည်သူအားလုံးကတော့ မဲပေးမှားလို့ မွဲဆေး စားနေရပါပြီ။

လူနာဟာ သေငယ်ဇောနဲ့ မျောနေပါပြီ။ အချိန်မီသာ မကုသရင် သူ့ရဲ့ အဆက်ချိန်ဟာ အမြန်ဆုံး ရပ်တန့်ပါတော့မယ်။ ဒီအချိန်မှာ သူထက်ကဲ ရွှေပြည်စိုးလုပ်နေလို့ မရပါဘူး။ ဆေးခါးကြီးကို အမြန်ဆုံး တိုက်ရပါတော့မယ်။ ထပ်ပြောမယ်။ ဆေးခါးကြီးကို မြန်မြန်သာ တိုက်ပါတော့။
image

အဲဒီဆေးခါးကြီးဆိုတာ သူခိုးကို ဘဏ္ဍာစိုး ခန့် တာ မဟုတ်ဘူး။ လက်ညှိုးထိုးပြိုင်နေတာ မဟုတ်ဘူး။ မာနပြိုင်ပြီး ငါ တကော ကောနေတာ မဟုတ်ဘူး။ စုပေါင်းအားကိုလိုချင်ရင် စုဖွဲ့ချင်စိတ်ရှိအောင် အရင်လုပ်။ ကိန်းဂဏန်းတွေကို လက်မခံချင်ရင် ရှေ့ဆက်ရမယ်လို့ မထင်နဲ့။ ဖဲရိုက် ကြက်တိုက်နဲ့ စီးပွားရှာမယ်ဆိုရင်တော့ အငတ်ဒဏ်ခံနိုင်အောင် အရင် လေ့ကျင့်ထား။
ဒီအချိန်မှာ ရေလဲများတဲ့ဆေး ဘယ်ဆေးမှ မတိုးတော့ဘူး။ နောက်ဆုံး သတိပေးချင်တာကတော့ ရထားခိုးပြီး ဘုရားရွှေချချင်နေတဲ့ ခင်ဗျားတို့ စိတ်ဓာတ်တွေ အရင်ဆေးကြောလိုက်အုံး။

ဆေးခါးကြီး | Ecency