ပြီးခဲ့သော ရုံးပိတ်ရက် အလည်အပတ် အမှတ်တရ...!

Words
154
Reading
1 min
Listen
Play
7y

အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ဒီရက်ပိုင်း အလုပ်များပြီး မအားတဲ့အတွက် စာရေးခြင်း post တင်ခြင်းများ မလုပ်နိုင်ဖြစ်နေခဲ့ရပါသည်။ဒါကြောင့် ပြီးခဲ့တဲ့ လပြည့်နေ့ စနေ...တနင်းဂနွေနေ့ ပိတ်ရက်များတွင် လုပ်ဖြစ်ခဲ့သော အကြောင်းအရာလေးများအား စာရေး post တင်ချင်သော်လည်း မအားမလပ်ဖြစ်နေပါ၍ ဒီနေ့မှပဲ ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။

စနေနေ့ လပြည့်နေ့တွင် တူမလေးတစ်ယောက် မွေးနေ့ပွဲရှိနေပါ၍ သောကြာနေ့ ညဘက်ထဲကပင် တစ်ညလုံးနီးပါး ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ကြရင်း ဖြတ်သန်းခဲ့ကြပါသည်။မနက်ပိုင်း အာရုဏ်ဆွမ်းကပ်ပြီး မွေးနေ့အလှူလုပ်ခြင်းဖြစ်သောကြောင့် စနေနေ့ လပြည့်နေ့ အာရုဏ်အချိန်ထဲကပင် တရားနာ ဆွမ်းကပ်ခြင်းများဖြင့် အလုပ်များနေခဲ့ပါသည်။မွေးနေ့အလှူပွဲအတွက် ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ရင်း လပြည့်နေ့ ညောင်ရေသွန်းပွဲအတွက် ညောင်ရေသွန်းကုသိုလ်ပြုခြင်းများကိုပါ ဆက်လက်ပြုလုပ်ကုသိုလ် ယူ၍ ဖြတ်သန်းခဲ့ပါသည်။

တနင်းဂနွေနေ့တွင် မိသားစုဆွေမျိုးများအားလုံး ကျောက်တန်း ရေလယ်ဘုရားသို့ အလည်အပတ်ဘုရားဖူးထွက်ရင်း သန်လျင် ကျိုက်ခေါက်ဘုရား နှင့် တိုင်းရင်းသားကျေးရွာကိုပါ အပြန်တွင် ဝင်ရောက်လည်ပတ်ခဲ့ကြပါသည်။
ကျောက်တန်း ရေလယ်ဘုရားတွင် ဘုရာဖူးကုသိုလ်ပြုခြင်းများနှင့်အတူ ငါးစာကျွေးအလှူဒါနကုသိုလ်အား ထပ်မံလုပ်ဆောင်ခဲ့ပါသည်။ထိုကျောက်တန်းဘုရားဈေးတွင် အမှတ်တရပစ္စည်းများဝယ်ယူခြင်း... နေ့လည်စာ စားသောက်ကြခြင်းများဖြင့် အေးအေးဆေးဆေး အနားယူခဲ့ကြပါသည်။

ထို့နောက် သန်လျင် ကျိုက်ခေါက်ဘုရားသို့ ဝင်ရောက်ဖူးမျှော်ခဲ့ကြပါသည်။
ကျိုက်ခေါက်ဘုရား ဖူးပြီးသောအခါ တိုင်းရင်းသားကျေးရွာသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။
တိုင်းရင်းသားကျေးရွာသို့ရောက်သောအချိန်တွင် နေအရမ်းပူသောကြောင့် လမ်းလျှောက်ပြီး မလည်ပတ်တော့ဘဲ သီးသန့် ကားငှားပြီး တစ်ပတ် လည်ပတ်ခဲ့ကြပါသည်။

တိုင်းရင်းသားကျေးရွာတွင် ပြည်ထောင်စုတိုင်းရင်းသားအားလုံး ကချင် ကယား ကရင် ချင်း စသည်ဖြင့် တိုင်းရင်းသားတစ်မျိုးချင်းစီအလိုက် ရိုးရာအိမ်လေးများတည်ဆောက် ပုံဖော်ပြသထားပြီး ရိုးရာ အသုံးအဆောင်ပစ္စည်းလေးများနှင့်တကွ အိမ်၏မည်သည့်အပိုင်းကို မည်ကဲ့သို့အသုံးပြုသည် စသည်ဖြင့် စာလေးများကပ်၍ ခင်းကျင်းပြသထားပါသည်။လာရောက်လေ့လာအပန်းဖြေသူများအတွက် ဗဟုသုတများစွာရရှိနိုင်သော နေရာလေးတစ်ခုပဲ ဖြစ်ပါသည်။

ထိုတိုင်းရင်းသား ရိုးရာအိမ်တစ်ခုချင်းစီနှင့်အတူ ဒေသအလိုက်အထင်ကရဖြစ်သော... ထူးခြားလူသိများသော အရာများပါ တွဲဖက် ပုံဖော်ပြသထားပါသည်။
ဥပမာ--- ကချင်တိုင်းရင်းသား/ကချင်ဒေသအတွက် ရေခဲတောင်ကို ပုံဖော်တည်ဆောက် ပြသထားပြီး ကယားတိုင်းရင်းသားအတွက် လွိုင်ကော်ရှိ အထင်ကရစေတီဖြစ်သော တောင်ကွဲစေတီကို ပုံဖော်ပြသထားပါသည်။ မိမိတို့တစ်နိုင်ငံလုံးရှိ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ သိသင့်သိထိုက်သော ရိုးရာနေထိုင်မှုပုံစံ နှင့်ရိုးရာအဝတ်အစားများအား တွဲဖက်ဖော်ပြထားခြင်းသည် လာရောက်လည်ပတ်သူများအတွက် ဗဟုသုတဖြစ်စေပြီး အလည်အပတ်သွားရန် နေရာကောင်းလေးတစ်ခုပင် ဖြစ်ပါကြောင်း ပြီးခဲ့သော စနေ...တနင်းဂနွေနေ့များတွင် ပြုလုပ်ခဲ့သောအကြောင်းအရာလေးများနှင့် လည်ပတ်ခဲ့သောနေရာလေးများအား ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211
#All photos credited by uthantzin@uthantzin

ပြီးခဲ့သော ရုံးပိတ်ရက် အလည်အပတ် အမှတ်တရ...! | Ecency