This content got low rating by people.

ငရုတ်သီး

Words
371
Reading
2 min
Listen
Play
8y

image

ဒီမနက် စံပယ်နိုင် ဆိုင်မှာ ထမင်းကြော်စားနေရင်း တောင်စဉ်ရေမရ တွေးမိတာကို ချပြမလို့ပါ။

မနက်က ထမင်းကြော်သွားစားတယ်။ လက်ဘက်ရည်ကလည်း သောက်ချင်သေးတယ်၊ ဆေးလိပ်လေးကလည်း ဖွာချင်သေးတယ်ဆိုတော့ ကြက်ဥကြော်နှင့် တစ်ထောင်တန် ထမင်းကြော်ပဲ စားခဲ့တယ်။ ဝက်သားကြက်သားဆိုရင် ထောင့်ငါးရာတဲ့။ ဝက်သား ကြက်သား မပါလည်း ဘာအရေးလဲ။ လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေး ပြောတဲ့ ဆရာမလေးတစ်ပွဲ ပါနေတာပဲ။

"ဖိုးသားရေ"
"ငရုတ်သီးတို့ ကြက်သွန်ဖြူတို့ ချပါဟ"
"ဆရာရေ ဆရာမလေး တစ်ပွဲ"
"ဟ ဘာတုန်းဟ ဆရာမလေးတစ်ပွဲဆိုတာ ဘာကို ပြောတာလဲ"
"ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းပြောတာဗျ"
"အယ် ဘာလို့ ဆရာမလို့ ခေါ်တာလဲ"
"ကိုကြီးကလည်း ဝေးပါ့ အဖြူနှင့် အစိမ်းလေ"

ဝိုး အဟုတ်ပဲ။ ကြက်သွန်ဖြူက အဖြူ၊ ငရုတ်သီးစိမ်းက အစိမ်း။ ဆရာမဆိုတဲ့ ဝေါဟာရသညာကြောင့် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကိုတောင်းစားရမှာ သရိုးသရီနိုင်သွားတယ်။ ဟယ် တတ်နိုင်ပါဘူး။ ကြက်ဥကြော်နှင့်ကတော့ ထမင်းမပြီးဘူး။ စားအုံးဟ။ ကြက်သွန်ဖြူလေး ကိုက်လိုက်။ ငရုတ်သီးစိမ်းလေး မြှုပ်လိုက်။ ထမင်းကြော်တစ်ပွဲက အရင်နေ့ထက် ပိုကောင်းနေသလိုပဲ။

ငရုတ်သီးအကြောင်းမပြောခင် ကျယ်ကျယ်ပြန့်ပြန့်နားလည်သွားအောင် အဘိဓမ္မာသဘောလေးပါ ထည့်ရအောင်။ စာသင်သား ဦးဇင်းတိုင်း ဆရာလေးတိုင်း မူလတန်းကတည်းက သင်ဖူးတဲ့ တိကမာတိကာ။ တိက်။ တိက် နှစ်ဆယ့်နှစ်မျိုးမှာ ပထမဆုံး တိက်က ကုသလတိတ်။ ကိုရင်ဘဝ တိကမာတိကာ ကျက်မှတ်ရကတည်းက အလွန်သဘောကျနေတဲ့ အယူအဆတစ်ခု ရှိတယ်။ ဘဝနေးနည်းဒဿနက အများကြီး မလိုပါဘူး။ အနှီးတိကမာတိကာ ကုသလတိက်လေး တစ်ခုလောက် ရထားရင်ကို တစ်ဘဝလုံး အထက်တန်းကျကျ နေလို့ရပါတယ်။

မှတ်မိတယ် မဟုတ်လား။
ကုသလာ ဓမ္မာ။
အကုသလာ ဓမ္မာ။
အဗျာကတာ ဓမ္မာ။
ဒီအထိက ဘာမှ အတွေးအခေါ် မပေါ်သေးဘူး။ ကိုယ်ဉာဏ်မမီတာလည်း ပါတာပေါ့။

အရှင်ဝရတေဇော အနက်ပေးတာကို စဉ်းစားမိတော့မှ ဘဝဒဿနက ထွက်လာမှာ။
ကုသလာ - အနဝဇ္ဇ သုခဝိပါက လက္ခဏာ - အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိကုန်သော။ ကုသိုလ်ဆိုတာ ကောင်းကျိုးပေးမယ်။ ချမ်းသာစေတယ်တဲ့။
အကုသလာ - သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ - အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိကုန်သော။ အကုသိုလ်ဆိုတာ ကောင်းကျိုးမပေးဘူး။ ဆင်းရဲသတဲ့။

အခုနှစ်ခုကို အကျယ်ချဲ့ စဉ်းစားကြည့်ရအောင်။

စာသင်တိုက်မှာ သူငယ်ချင်းအပေါင်းအသင်းတွေ မိတ်ဆွေတွေ ဆရာသမားတွေနှင့် နေဖူးတယ် မဟုတ်လား။ ပြန်စဉ်းစားကြည့်။ မေတ္တာချည်းချည်းသက်သက် ကုသိုလ်သဘောသက်သက်နှင့် နေထိုင်ကြတဲ့ စာသင်သားလောကမှာတောင် ရန်ဖြစ်တာ ကတောက်ကဆတ်ဖြစ်တာ မကြည်မသာဖြစ်ကြတာ အဖုအထစ်ဖြစ်ကြတာ ပြဿနာတက်ကြတာ တစ်ပါးနှင့် တစ်ပါး မတွေ့ချင် မမြင်ချင်လောက်အောင် မုန်းကြတာ စတဲ့ အကွဲအပြဲတွေ များစွာဖြစ်တယ်။ ဒါ ကုသိုလ်နှင့် နေတဲ့ မေတ္တာနှင့် ပေါင်းစည်းထားတဲ့ အဖွဲ့နော။ အဲဒီအဖွဲ့မှာတောင် ပြဿနာဆိုတာ ရှိတယ်။

လာပြီ ပြောချင်နေတာ။ "အကုသလာ - သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ - အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိကုန်သော"။ ငါ့ညီတို့ ငါ့ညီမတို့ လူထွက်မယ် မိန်းမယူမယ် ယောက်ျားယူမယ်။ အဲဒါ ချစ်တာ ဘာညာနှင့်သာ စကားကောင်းအောင် ခံနေတာ။ တကယ်က လိင်စိတ်ကြီး။ လောဘမူစိတ် သက်သက်ချည်း။

ဘယ် လင်မယားမှ ညားပြီးရင် ဟိုဟာ မလုပ်ဘဲ ကြွပ်ကြွပ်အိမ်နှင့် တရိုတသေထုတ်သိမ်းထားတယ်ဆိုတာ မရှိဘူး။ ဒါလုပ်ချင်လို့ အိမ်ထောင်ပြုတာ။ လောဘမူစိတ်ကို အခြေခံထားတဲ့ ပေါင်းစည်းမှုကြီး။

ရပြီ။ ကုသလတိက်ကို ပြန်စဉ်းစားကြည့်။ မေတ္တာချည်းသက်သက်နှင့် နေကြတဲ့ ကုသိုလ်သဘောဖြစ်နေတဲ့ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ သူငယ်ချင်းနှင့် မိတ်ဆွေတွေမှာတောင် တစ်ယောက်နှင့် တစ်ဦး၊ တစ်ဦီးနှင့် တစ်ယောက် ခိုက်ရန်ဖြစ်ပွားရသေးတယ်ဆိုရင် လောဘမူကို အခြေခံထားတဲ့ အကုသိုလ်ကိုအခြေခံထားတဲ့ မကောင်းတဲ့စိတ်ကို အခြေခံထားတဲ့ လင်မယားဆက်ဆံရေးမှာ အိမ်ထောင်ရေးမှာ ဘယ်လောက်များ ဒုက္ခများလိမ့်မလဲ။ တွေးကြည့်စမ်းပါ။

ပြန်ပြောမယ်။ သင်္ဘောနှင့် ကူးခပ်နေတဲ့ သူတွေတောင် ပင်လယ်မှာ နစ်မြှုတ်သေးပါတယ်ဆို ငှက်ပျော်တုံးနှင့် ကူးမယ်ဆိုရင် ကမ်းစပ်တင် မြုပ်သွားမှာပေါ့။ ထို့အတူ မေတ္တာနှင့် နေတဲ့အဖွဲ့အစည်းတောင် အဖုအထစ်ဖြစ်သေးပါတယ်ဆို လိင်စိတ်နှင့် နေတဲ့ လင်နှင့်မယားမှာ စစခြင်းကို ဖုနေ ထစ်နေတော့မှာပေါ့။ ပါရမီဖြည့်ဘက်တို့ ဒိုးတူဘောင်ဖက်တို့ ကောင်တူးဆိုးဖက်တို့ဆိုတာတွေက ဂျင်းထည့်နေတာ။

အယ် ကျနော်ကသာ ကာမဂုဏ်အပြစ်တွေ ပြောနေတာ တစ်ကမ္ဘာလုံးက ဒါ့အတွက် လုံးပန်းနေသူချည်းပဲ။ တစ်ကမ္ဘာလုံးက မှားနေတာလား၊ ကျနော်က မှားနေတာလား။ တစ်ခုခုတော့ တစ်ခုခုပဲ။

မနက်က ငရုတ်သီးစားနေရကနေ ရတဲ့အတွေးဆိုတာ အဲဒါပဲ။ ငရုတ်သီးကို လူတိုင်းစားဖူးတယ်။ သတိမထားမိတာ။

ကျနော်သတိထားမိတာကို ပြောပြမယ်။ ငရုတ်သီးက ထမင်းကို မြိန်စေတယ်လို့ လူတိုင်းက လက်ခံထားတယ်။ အဲဒါ တကယ်လား။

ကျနော်အမြင်ပြောပြမယ်။ ငရုတ်သီးက စပ်တယ်။ အစပ်ကို နိုင်အောင် အစပ်ပြောက်အောင် ထမင်းကို တစ်လုပ်ပြီး တစ်လုပ် အစပ်ကို အလျင်မီအောင် စားနေရတယ်။ အစပ်က ကောင်းလို့ မဟုတ်ဘူး။ မကောင်းတဲ့ အစပ်ကို အရှိန်ပျင်းလွန်းတဲ့ အစပ်ကို ပူလွန်းတဲ့ အစပ်ကို ကောင်းတဲ့ အရသာရှိတဲ့ ထမင်းက လိုက်ဖုံးပေးနေရတာ။

အဲဒီသဘောကို နားမလည်တော့ ငရုတ်သီးက ထမင်းမြိန်တယ်လို့ ထင်နေတာ။ ဥပမာ ဘောစရှည်တဲ့ ဘောလုံးနောက်ကို ကစားသမားက ပြေးလိုက်သလိုပဲ။ ကစားသမားက ဘောလုံးကို မီအောင် လိုက်ရတာ။ ငရုတ်သီးအစပ်ကလည်း ဒီသဘောပဲ။ သူက ကောင်းတာ မဟုတ်ဘူး။ သူက ပူလွန်း စပ်လွန်း မကောင်းလွန်းလို့ ကောင်းတာတွေက မီအောင်လိုက်ပေးနေရတာကိုပဲ ထမင်းမြိန်တယ်လို့ ထင်နေတာ။

ကာမဂုဏ်သဘောကို လက်တွေ့မသိသော်လည်း ငရုတ်သီးလိုနေမှာလို့တော့ တွေးမိပါတယ်။ သူက တကယ်မကောင်းဘူး။ သို့သော် အဲဒီမကောင်းတာကို ကောင်းတာတွေက အလျင်မီအောင် လိုက်ပေးနေရတာပဲ လူတွေက ကောင်းတယ်လို့ ထင်နေတာပါ။

မနက်က စားခဲ့ရတဲ့ ငရုတ်သီးကတော့ တကယ်ကို စပ်တာပါဗျာ။

ငရုတ်သီး | Ecency