ရာသီကုန်ဆုံးချိန်ဖို့ နီးကပ်လာချိန်မှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုက မန်စီးတီးအသင်းရဲ့ ဦးဆောင်မှုနဲ့ အတူပြီးဆုံးသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုကလည်း ပွဲစဉ် ၇ ပွဲကျန်ရှိချိန်မှာ အဆင့် ၄ နေရာက စပါးအသင်းက အဆင့် ၅ နေရာက ချဲလ်ဆီးအသင်းကို ၈ မှတ်ဖြတ်ထားခဲ့ပြီဖြစ်သလို ဒီနှစ်သင်းကြားက လက်ရှိခြေစွမ်းပိုင်းနဲ့ ဂိုးကွာခြားချက်ကြောင့်လည်း ချဲလ်ဆီးအသင်းမှာ မျှော်လင့်ချက်က သိပ်မရှိတော့တဲ့ အခြေအနေပါ။
ဒီအချိန်မှာ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှု တစ်ခုအဖြစ် ဆက်လက်ရှိနေတာကတော့ တန်းဆင်းဇုန်က အသင်းတွေရဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ရေးတိုက်ပွဲပါ။ လက်ရှိတန်းဆင်းဇုန်ထဲမှာ ရှိနေခဲ့တဲ့အသင်းတွေကတော့ ဆောက်သမ်တန် (၂၈ မှတ်) ၊ စတုတ်စီးတီး (၂၇ မှတ်) နဲ့ ၀က်စ်ဘရွန်း (၂၀ မှတ်) တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ဒီထဲမှာမှ ဆောက်သမ်တန်အသင်းတစ်သင်းပဲ ၃၁ ပွဲကစားထားပြီး ကျန် ၂ သင်းက ၃၂ ပွဲစီကစားထားခဲ့တဲ့ အခြေအနေပါ။ဒီနှစ်ရဲ့ တန်းဆင်းဇုန်တိုက်ပွဲက အဆင့် ၁၄ နေရာမှာ ရပ်တည်ပြီး ရမှတ် (၃၃) မှတ်ရယူထားနိုင်ခဲ့တဲ့ ၀က်စ်ဟမ်းအသင်းထိ သက်ရောက်မှုရှိနေတယ်လို့ ဆိုရမှာပါ။