ဆရာ တစ်ယောက်အကြောင်း

suyee(27)
Published in
#artzone
Words
907
Reading
5 min
Listen
Play
8y

#သံလွင် အပိုင်း(၁၈)
သို့ မဟုတ်
#ဆရာတစ်ယောက်အကြောင်း (၄)

သံလွင်နဲ့ ကျနော် စာအုပ်သွားဝယ်တော့ သံလွင့် အသိတစ်ယောက်နဲ့  ဆုံဖြစ်သည်

''စာအုပ်ဆိုင်သက်သက်လာတာလား ကိုမင်းသစ်''

''ဟုတ်တယ်ညီမလေး... သူက''
ကျနော့်ကို ကြည့်၍

ကိုမင်းသစ်ဆိုသူကမေးတော့ သံလွင် က
''Just friendပါအစ်ကိုရဲ့''

''ကျနော်ဝေမိုးပါအစ်ကို''

''ကိုယ်က မင်းသစ်ပါ... ညီတို့ က ဘာစာအုပ်လာဝယ်တာလဲ''

''ထီးချိုင့်မြို့ တည်တောဆရာတော်ရဲ့ ဗုဒ္ဓဘာသာ အမေးအဖြေ ၁၁တွဲလာရှာတာအစ်ကို
အစ်ကိုကရော'... ''

''ကိုယ်က ကျောင်း စာကြည့်တိုက်အတွက် စာအုပ်လာဝယ်တာ''

''ကိုမင်းသစ်က ကျောင်းဆရာလေ
ဒါနဲ့ ကိုမင်းသစ် အချိန်ရရဲ့လား
သံလွင်မေးစရာရှိလို့ ''

''ရတယ်ညီမလေး ဒီနေ့ က Off dayလေ'

''ဟာ အစ်ကိုရာ အစ်ကိုတော့ နားပဲပူမလား အာပဲညောင်းမလားမသိဘူး
ဒီကောင်မလေးက အပွားလည်းသန်တယ် အမေးအမြန်းလည်းထူတယ် အစ်ကိုရဲ့''

''သိပါ့ငါ့ညီရေ... သံလွင်က ကိုယ့်မျက်စိအောက်တင်အရွယ်ရောက်လာတာ ကိုယ်နဲ့  တစ်လမ်းတည်းနေတာလေ''

သံလွင်က ကျနော့်ကို ချစ်စဖွယ်မျက်စောင်းလှမ်းထိုးပြီး
''ကိုမင်းသစ် နေ့ လည်စာ စားပြီးပြီလား ကြေးအိုးဆိုင်သွားကြမလား''

''အင်း သွားမယ်လေ ကိုယ်ကျွေးမှာနော်''

သံလွင်က ရယ်ပြီး
''အစ်ကို့ ပဲ ကျွေးခိုင်းမလို့ ပါ''

စားပွဲထိုးတစ်ယောက် ရောက်လာပြီး menu cardလာချပေးသည်

လက်ထဲမှာ Tabletလေးကိုင်ပြီး
''ဘာမှာမလဲခင်ဗျာ''

''ဝက်ကြေးအိုးသုံးပွဲ
ပွဲကြီးတွေပဲနော်
ရေသန့် တစ်ဘူးချပေး''

သံလွင်ကပဲ ခပ်သွက်သွက်မှာ လိုက်သည် ကျနော်ရော ကိုမင်းသစ်ရောအကြောင်း သိပြီးသားမို့  မမေးမမြန်းပဲ ဝက်ကြေးအိုးချည်း မှာလိုက်ပုံရသည်

''ဘယ်လိုလဲ အစ်ကို အစ်ကို့  သင်ကြားနည်းစနစ် တော်တော်ဟန်နေပြီကြားတယ်
ပြောင်းလာတဲ့ ကျောင်းအုပ်အသစ်ကလည်း အစ်ကို့  ကို ရုံးခန်းခေါ်ဆူသေးတယ်ဆို''

''ခေါ်တာတော့ဟုတ်ပါတယ် ဒါပေမယ့်မဆူပါဘူး
ကိုယ့် သင်ကြားတဲ့ပုံကို မေးမြန်းရုံပါ ''

''ဝေမိုး ကိုမင်းသစ်က ကျောင်းဆရာလေ... ကိုယ်ငယ်ငယ်ကတည်းက ခင်တာ
ကိုယ့်ဖေဖေနဲ့  စကားလာလာပြောတတ်တယ်
ဝန်ခံရရင် ကိုယ့်အတွေးလွတ်လပ်ခွင့်ဟာ ကိုမင်းသစ်ဆီက သင်ယူတယ်ဆို မမှားဘူး''

ကျနော့်တစ်ခုလောက်မေးမယ်အစ်ကို
''အစ်ကို မသင်ဖူးသေးတဲ့ အတန်းသစ်ကို စသင်ရတော့မယ်ဆိုရင် အစ်ကိုဘယ်လို နိဒါန်းစခင်းမလဲ''

''ကျောင်းသားအသစ် အတန်းဟောင်းလား

ကျောင်းသားဟောင်းအတန်းသစ်လား''

''ကျောင်းသားကအသစ် အတန်းက အဟောင်းပါအစ်ကို''
ကျနော်က ဆရာအသစ်ကို ရင်ဆိုင်ရမယ့် ကျောင်းသားသစ်ဘဝ ကိုပဲ ဖြတ်သန်းဖူးတာပါ
ကျောင်းသားသစ်တွေကို ရင်ဆိုင်ရမယ့် ဆရာသစ်ရဲ့ ခံစားချက် သိချင်လို့ ....''

''အသစ်တိုင်းဟာ မတည်ငြိမ်မှုနဲ့  မကျွမ်းကျင်မှုပြသနာကို အနည်းနဲ့  အများတော့ ကြုံရသူချည်းပဲ... မကျွမ်းကျင်မှုဟာ မယုံကြည်မှုကို ဖြစ်စေတယ်... တချို့ ဆရာတွေဆို
ကျောင်းသားရှေ့ ရောက်မှ ချွေးတွေကို ပျံလို့ 

အထူးတလည် မလေ့ကျင့်ထားတဲ့သူက မျက်လုံးဒဏ်ကို မခံနိုင်ကြဘူး
ကျောင်းသားဆိုးလေးတွေရှိကြတယ်ဆိုပေမယ့် တကယ်တော့ ဒီကလေးတွေဟာ အဆိပ်မဲ့ကြပါတယ်
ဒါပေမယ့် ဆရာအသစ်ဟာ ဒီအချက်ကိုမေ့နေကြတယ်''

သံလွင်က စကားအရင်ဖြတ်ပြီး
''ကြေးအိုးအရင်စားဦး အေးကုန်မယ်
ဝေမိုး.. ကိုယ်မင်းသစ်က
ငါစကားပြောဖို့ ခေါ်ထားတာနော်
ရှင်ချည်းပဲပြောမနေနဲ့ ''

ကိုမင်းသစ်ရော ကျနော်ရော ရယ်မိကြသည်

စားသောက်ပြီးတော့
''ဆက်ပါဦး အစ်ကိုရဲ့ မျက်နှာသစ်ကျောင်းသား
တွေနဲ့  အတွေ့ အကြုံလေး''

''အင်း... ဆရာအလုပ်အပေါ် တကယ်အလေးထားတဲ့သူက ကိုယ်မနက်သင်မယ့်စာကို ညကတည်းက ကြိုပြင်ဆင်ထားတယ်
စာသင်ချိန် ၁နာရီခွဲရတယ်ဆိုရင် ကျောင်းသားဦးရေနဲ့  မြှောက်ကြည့်
အနီးစပ်ဆုံး အယောက်၃၀ပဲထားပါတော့ ..
ဒါဆို ၄၅နာရီဖြစ်သွားပြီ...
ဒီ၄၅နာရီကို အကျိုးရှိရှိလေး အသုံးချဖို့  ကြိုးစားရမယ်

ကိုယ်သင်နေကျသင်ခန်းစာဆိုရင်
တောင် ထပ်ကောင်းအောင် ပြင်ဆင်ရမယ်
နောက်တစ်ချက်က ကျောင်းဖွင့်စအချိန်မှာ ကျောင်းသားတွေရဲ့ စိတ်ဟာ သိပ်တက်ကြွတယ်

အချိန်တစ်ခုကြာမှသာ အားပြန်ပျော့ကောင်း ပျော့သွားလိမ့်မယ်
အတန်းအသစ် စာအုပ်အသစ် စာရေးကိရိယာအသစ်
အတန်းတစ်တန်းကြီးလာတယ်ဆိုတဲ့ တိုးတက်မှုယုံကြည်ချက်အသစ်
မသိသေးတဲ့ ဆရာအပေါ်လည်း စိတ်ဝင်စားမှုကအပြည့်

ကဲ ဘယ်လောက်ကို စာသင်လို့  ကောင်းမယ့် အခြေအနေလဲ... အဲ့ဒါကိုမှ မျက်နှစ်သစ်ကျောင်းသားတွေကို ရှိန်ပြီး စာသင်ဖို့  အမ်းနေမယ်ဆိုရင် ဘယ်လောက်နစ်နာလိုက်သလဲ

ကျောင်းဖွင့်စနေ့ လိုမျိုးဆို ပိုတောင်သဘောကျသေးတယ်
နွားနို့ တစ်ခွက်သောက်ရသလို ပထမဆုံးတစ်ငုံမှာ မလိုင်ဖက်တွေချည်းပဲ''

ကိုမင်းသစ်ပြောမှ ကျနော်ငယ်ဘဝနေ့ ရက်များကို ပြန်အမှတ်ရလာသည်
သူပြောသလိုပဲ ကျနော်လည်း ကျောင်းဖွင့်စ
နေ့ တွေမှာ စာသင်ဖို့  သိပ်တက်ကြွသည်
နောက်မှသာ အိမ်စာမပြီးတဲ့ ပြသနာ မေးမယ့်စာမရတဲ့ ပြသနာတွေကြောင့် ကျောင်းတက်ဖို့  ရံဖန်ရံခါ ငြီးငွေ့ မိတာ

''လူလူချင်းဆက်ဆံ ရေးမှာ First IP
(First impression)သိပ်အရေးကြီးတယ်ညီ

ပထမဆုံးစာသင်သင်ခြင်းမှာ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှု အစီစဉ်ကျတဲ့ သင်ကြားမှု
အာပေါင်အာရင်းသန်သန် ပြောဆိုမှုတွေ... နောက်ပြီး တပည့်တွေကို ဖော်ရွေစွာ ပြုံးပြမယ့် အပြုံး...

ဒီအပြုံး သိပ်အရေးကြီးတယ်
စာသင်တဲ့ဆရာကို တပည့်တွေ ကြောက်မနေစေဖို့  အရင်ကြိုးစားရတယ်
စာသင်ခန်းထဲမှာ ဆရာနဲ့  တပည့် အပြန်အလှန် မေးခွန်းထုတ်ရဲဖို့  ကြိုဆိုနေရမယ်

ဒီဆရာစာသင်တာ ငါတို့ အတွက်
တကယ်အကျိုးရှိပါလားလို့  သိသာစေရမယ်
နောင်လူလားမြောက်မှ ဆရာ့ကျေးဇူးသိပါပြီဆိုတာကို ကိုယ်မကြိုက်ဘူး
အခုသင်ရင် အခုသိရမယ်''

စကားလုံးအသစ် ချဉ်းကပ်ပုံအသစ်တွေနဲ့  ကျောင်းဆရာရဲ့စကားကို စိတ်ဝင်စားစွာ နားထောင်နေမိသည်

''ဘုရားကို စေတီကွယ်တယ်
သံဃာကို ဘုန်းကြီးကွယ်တယ်

ညီကြားဖူးတဲ့ ဆိုရိုးလေးပါ
ကိုယ်ထပ်ဖြည့်မယ် ပညာကို ကျောင်းစာကွယ်တယ်''

''ဗျာ''

သံလွင်ရော ကျနော်ရော နားရွက်ထောင်သွားသည်

ကိုမင်းသစ်က ပေါ့ပေါ့ပါးပါးရယ်၍
''ညီ လင်္ကာဒီပချစ်သူ ဖတ်ဖူးလား''

''ဖတ်ဖူးတယ်အစ်ကို''

''နွေကန္တာဦးရော ဖတ်ဖူးလား''

'ဟုတ် ဖတ်ဖူးတယ်''

''အဲ့ဒိစာအုပ်တွေနဲ့  ဇာတက ဝတ္ထုများ စာအုပ်ကိုယှဉ်ရင် ဘယ်စာအုပ်ပိုထူလဲ''

''လင်္ကာဒီပချစ်သူတို့  နွေကန္တာဦးတို့  ကပိုရှည်တာပေါ့''

''ဟုတ်ပါပြီ ဒါဆို ဘယ်စာအုပ်တွေက အရေးအသား ပိုပြောင်မြောက်လဲ''

''ခေတ်မှ မတူပဲ အစ်ကိုရယ်
ဒီဘက်ခေတ်အရေးအသားတွေကို ပိုတိုးတက်လာပြီး ပိုဖတ်ရချောတာပေါ့
ဒါပေမယ့် ဇာတကဝတ္ထုတွေရဲ့ တန်ဖိုးကလည်း မနိမ့်ပါဘူး''

''ကိုယ်ပြောချင်တာလာပြီ
ဇာတကဝတ္ထုတွေကို ကျောင်းစာလို သင်တဲ့အခါ လေ့လာခြင်းတွေဟာ လေးလံသွားတယ် မပေါ့ပါးတော့ဘူး
ရသရေးဟန်မပါတဲ့ အကြောင်းရာချည်းသက်သက်နဲ့  ဒီဝတ္ထုတွေကပေးမယ့် ရသmessageတွေဟာ ကလေးတွေရင်ထဲဝင်ပါ့မလား

မင်းဘူးဆရာတော်ဦးသြဘာသတို့  ကိုကျေးဇူးတင်ပါတယ်
သူတို့ ခေတ်နဲ့  အလျော်ညီဆုံး စကားပြေပြန်ရေးခဲ့တယ်...
ဒါပေမယ့် ဒီဘက်ခေတ်ကလေးတွေအတွက် ပိုသင့်တော်မယ့် စကားပြောအရေးအသားက ဘယ်မှာလဲ

မင်းဘူးဆရာတော်ဦးသြဘာသ ရေးတာ ပုဂံခေတ်အရေးအသားမဟုတ်ဘူး
အင်းဝခေတ်အရေးအသားမဟုတ်ဘူး
သူ့ ခေတ်အရေးအသားပဲ

မယုံရင် နတ်သျှင်နောင်ရဲ့ဘုရားတိုင် ရတုတွေကို ဒီခေတ်လူငယ်တွေကို feelခိုင်းကြည့်ပါလား
ကိုယ်တော့ခံစားလို့ မရဘူး

လေ့လာလို့ ရကောင်းရမယ်
ဝေါဟာရအရွေ့ မှာ
အဲ့ကဗျာတွေက ကိုယ့်နှလုံးသားနဲ့  ဝေးသွားပြီ

ကိုယ်ပြောချင်တဲ့စကားတွေလာပြီ
ဒီဇာတ်တော်တွေက တန်ဖိုးရှိတာမှန်တယ်
ဒါပေမယ့် ဒီဇာတ်တော်တွေဟာ ကလေးတွေရဲ့စာဖတ်ချင်စိတ်ကို လှုပ်နှိုးစေနိုင်မယ်ထင်လား...
နိဂြောဓသမင်မင်းဇာတ်ဆိုရင် မျက်ရည်ပေါက်ပေါက်ကျအောင်
ရေးပစ်လို့ ရတယ်... ကလေးတွေရဲ့ ရင်ထဲကို ရသပြင်းအားတစ်ခု ဝင်ဆောင့်သွားအောင်
ရေးလို့ ရတဲ့ အကြောင်းအရာပဲ... ဒါပေမယ့် ဒီဘက်ခေတ်ကလေးရဲ့ရင်ထဲ
အဲ့ဒိအဖွဲ့ အဆိုတွေဟာ ရင်ထဲမရောက်တော့ဘူး...

၁၉၇၀ဝန်းကျင်လောက်အထိကို တစ်နိုင်ငံလုံးသဲသဲလှုပ်ခဲ့တဲ့ မြန်မာသံစဉ်ဟာ အခုဆိုရင် လူနည်းစုရဲ့အကြိုက်ဖြစ်သွားပြီ

ဒါဆိုရင်စာပေကရော ရပ်မကျန်ခဲ့နိုင်ဘူးလား
ကိုယ်ဆို မှန်နန်းရာဇဝင်ဖတ်ဖို့ ထက် ဒေါက်တာမတင်ဝင်းရေးတာကို ဖတ်ဖို့  ပိုစိတ်ဝင်စားတယ်
ဒါဟာ မှန်နန်းရာဇဝင်ကို တန်ဖိုးမရှိဘူးလို့  ပြောတာမဟုတ်ဘူး
မှန်နန်းရာဇဝင်တွေ ဦးကုလားရဲ့ မဟာရာဇဝင်ကြီးတွေကို အခြေခံပြီး သမိုင်းစာရေးဆရာတွေက သာမာန်လူတွေရဲ့ ရင်ထဲရောက်အောင် အနုပညာစွမ်းသုံးပြီး
ရေးဖွဲ့ ကြတယ်

ဒါဆိုကလေးတွေကရော ရှေးဆန်တဲ့ အရေးအသားတွေမှာ
မငြီးငွေ့ နိုင်ဘူးလား
နန္ဒိဝိသာလဇာတ်ဆိုရင် ကိုယ်တော်တော်အလိုမကျဖြစ်တာ
ဒီဘက်ခေတ်မျက်လုံးနဲ့ ကြည့်ရင်
ပေါကားဇာတ်ညွှန်းကြီးကျနေတာပဲ''

''ဟာ ဒါမူရင်းရေးသူကို စော်ကားရာ မရောက်ဘူးလား''

''ညီ စကားကို ပြန်သုံးသပ်ပေးကြည့်
ကိုယ်ပြောတာ ဒီဘက်ခေတ်မျက်လုံး လို့ သုံးတာ... စာရေးဟန် မတိုးတက်သေးခင်မှာ မူရင်းရေးသူရဲ့ စာရေးဟန်ဟာ ခေတ်အရ အဆင့်အတန်းတစ်ခုရှိမယ်

ဥပမာ ဦးပုညဆို ဘယ်လောက်ဖောက်ထွက်လိုက်သလဲ ''အစွယ်လိုသူမိဖုရား အသွားစေခိုင်းသူ မင်ဧကရာဇ် လေးပစ်သူဘုရားကျွန်တော်''
အခုလူတွေပါးစပ်ထဲမှာ ရွတ်နေကြရတုန်း...

ဇာတက ဝတ္ထုကို ငဲ့တယ်
မူရင်းရေးသူကို ငဲ့တယ်
ဒါပေမယ့် ကလေးတွေကို မငဲ့ဘူး
ဇာတကဝတ္ထုတွေဟာ ခေတ်တစ်ခုရဲ့ သတ္တမတန်းကလေးတွေနဲ့  သင့်တော်ကောင်းသင့်တော်ခဲ့လိမ့်မယ်... အခုခေတ်ကလေးတွေနဲ့  သင့်တော်ပါတယ်ဆိုရင်တော့ ကိုယ်ကငြင်းတယ်

အနုပညာဖွဲ့ ဆိုမှု ဖန်တီးရေးသားမှု မထွန်းကားခင်က ဘုရားဇာတ်တော်တွေကို မှီးပြီး ရေးခဲ့တယ်... အခုပြောင်းပြီ
ဖန်တီးရေးသားနိုင်စွမ်းရှိသူတွေ ရှိလာပြီ... ကလေးတွေကို နှလုံးသား အဟာရတွေပေးနိုင်မယ့် စာတွေရှိလာပြီ....

ရိုးသားကြေးကွာ ကိုယ်မင်းကိုမေးမယ်
''Chicken Soup For The Soul''
ကိုဘာသာပြန်ထားတဲ့ ''နှလုံးသားအဟာရများ''ဖတ်ရတာနဲ့  ဇာတကဝတ္ထုဖတ်ရတာ ညီ့ရင်ထဲကို ဘယ်ဟာ ပိုထိလဲ''

ကျနော်ငိုင်ကျသွားသည်...
''ဒါဆို ဇာတကဝတ္ထုလို မြန်မာ့အမွေအနှစ်တစ်ခုကို သင်ရိုးကနေဖြုတ်ရမှာလား
အမျိုးသားစာပေကို မထိန်းသိမ်းရတော့ဘူးလား''

''ထိန်းသိမ်းသင့်ပါတယ် ထိန်းလည်း ထိန်းသိမ်းရမယ် ဒါပေမယ့်အဲ့ဒိ ထိန်းသိမ်းရမယ့်တာဝန်ကို ကလေးတွေကို
မပေးနဲ့ ....

မြန်မာတွေစာဖတ်ပျင်းကြတယ်တဲ့ ဟုတ်လားဆိုရင် ဟုတ်တယ်ပဲ ပြောရမှာ... တစ်ပတ်နေလို့  စာအုပ်တစ်အုပ်မဖတ်သူတွေ ကိုယ်အများကြီး
တွေ့ ဖူးတယ်
ဒါဆိုတစ်ခုသေချာနေပြီ

သူငယ်တန်းကနေ ဆယ်တန်းအထိ သင်ကြားခဲ့တဲ့ မြန်မာ့သင်ရိုးဟာ ကလေးတွေရဲ့ရင်ထဲကို စာဖတ်ချင်စိတ်တွေ လှုပ်နှိုးနိုင်စွမ်းမရှိဘူးဆိုတာ သေချာနေပြီ

သင်ရိုးမှာပါတဲ့ စာတစ်ပုဒ်ချင်းဆီကို effectiveဖြစ်မဖြစ် ပြန်သုံးသပ်ဖို့  ကောင်းနေပြီ...

အထူးသဖြင့် မြန်မာစာနဲ့  သမိုင်းဘာသာနှစ်ခုဟာ ကလေးတွေရဲ့ စာဖတ်ချင်စိတ်ကို အဓိက လှုပ်နှိုးပေးမယ့် ဘာသာရပ်နှစ်ခု...''

'ဒီအတွေးအခေါ်က အတော်ကို အငြင်းပွားစရာပဲ''

''ညီလေယာဉ်စီးဖူးလား''

''မစီးဖူးဘူးအစ်ကို ''

''ရိုက်ညီနောက် တီထွင်ခဲ့တဲ့ စက်မဲ့လေယာဉ်ရော စီးဖူးလား''

''ဟာ အစ်ကိုရာ ကြံကြံဖန်ဖန်...'

''ဒါဆို လေယာဉ်စီးမည့်သူတိုင်းသည် ရိုက်ညီနောင်၏ကျေးဇူးကို သိသောအားဖြင့် gliderကို စီးဖူးရမည်ဆိုရင် မှန်လားမှားလား''

အဲ့လိုပဲ ညီ gliderကို လေ့လာပါ
ကွင်းစကွင်းပိတ်နဲ့  စိတ်ဝင်စားရင်

ထို့ အတူပဲ ရှေးခေတ်မြန်မာစာရေးသားဟန်ကို လေ့လာပါ စိတ်ဝင်စားရင်

စာဖတ်ဝါသနာပါပါတယ်ဆိုတဲ့ လူတစ်ယောက်တောင် ဖတ်ဖို့  ပျင်းတဲ့ ကျောက်စာအရေးအသားကို မသင်မနေရ ပညာရေးစနစ်မှာ ထည့်ထားခြင်းဟာ ကလေးတွေကို စာဖတ်ဖို့  ကြောက်သွားစေနိုင်တယ်''

''ဒီလို ထိုင်ဝေဖန်ရုံနဲ့ မပြီးဘူးလေ
အစ်ကို အခုအဲ့ဒိသင်ခန်းစားတွေကို သင်ပေးနေရပြီ
အစ်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုသင်ပေးမလဲ
ဒါအဖြေပဲလို့  ကျနော်က မြင်တယ်''

''ဒါပေါ့ညီ ကိုယ်ကလည်းဒီသဘောကို ပြောချင်တာ...
ဒီကလေးအရွယ်တွေက ခူးခပ်ပြီး ကျွေးရမယ့်အရွယ်တွေ
စပါးအတိုင်းပေးပြီး ချက်စားကြလို့  မလုပ်သင့်ဘူး...

စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုယူထား ငြီးငွေ့ ဖွယ်အရေးအသားတွေကို ခဏမေ့ပေးခိုင်းထားပြီး
ထမင်းအဖြစ် အဆင့်သင့်ကျွေး

ထမင်းကကောင်းလိုက်တာလို့  ကလေးက ရှုမြင်သွားမှ ဒီထမင်းဟာ စပါးကရကြောင်းပြောပြီး စပါးရဲ့ တန်ဖိုးကို မြင်အောင်ပြောရမှာ''

''ဘယ်လိုမျိုးလဲအစ်ကို''

''ဥပမာ နိဂြောဓသမင်မင်းဇာတ်ကိုသင်မယ်ဆိုရင် စာအုပ်ကို ပိတ်ခိုင်းထား
မင်းဥယျာဉ်ထဲက သမင်အစုအဖွဲ့  အကြောင်းကို ရှင်းပြ ဘယ်အုပ်စုကတော့သာခသမင်မင်း ဦးဆောင်တယ် ဘယ်အုပ်စုကတော့ နိဂြောဓသမင်မင်း ဦးဆောင်တယ်

သာခသမင်မင်း အုပ်စုထဲက သမင်မတစ်ကောင်က မီးဖွားဖို့  ရှိတော့ စင်းနှီတုံးပေါ် လည်စင်းရမယ့်
သူ့ အလှည့်ကို ကျော်ချင်တယ်

တကယ်တော့ rule and regulationအရ သာခမှန်တယ်
ဒီလိုမှ မဟုတ်ရင် ကိုယ်ဝန်ဆောင် အလှည့်ကျော်ခွင့်ကို အစကတည်းက စီစဉ်ထားပေါ့
နီးမှ အစားသေပေးပါဆိုတော့ ဘယ်တရားပါ့မလဲ

သာခက စည်းမျဉ်းထဲကနေ ငြင်းဆန်သွားတယ်
နိဂြောဓကို သွားအပူကပ်တော့
ဟိုက အစားသေပေးရော
သူတော်ကောင်းစိတ်က လေးစားစရာပါ
ခေါင်းဆောင်တစ်ယောက်ရဲ့
စွန့် လွှတ်အနစ်နာခံမှုကလည်း လေးစားထိုက်တယ်
ဒါပေမယ့် ဒီသမင်မက သူ့ အုပ်စုက မဟုတ်ဘူးလေ... သူ့ တာဝန်ယူမှု ပြင်ပကကိစ္စ....

ဟာသဆန်ဆန်လေးတွေးကြည့်ရင် ဒီကိုယ်ဝန် ဘယ်သမင်နဲ့  ရတာလဲ
အဲ့ကောင်မှာ တာဝန်ရှိတယ်
မဟုတ်ဘူးလား ဟားဟား'

သံလွင်ပါ ပြုံးစိစိဖြစ်သွားသည်
''
ဒါပေမယ့် ဇာတ်ကပေးချင်တဲ့ mesageကတော့ စွန့် လွှတ် အနစ်နာခံမှုကို ပြချင်တာပါ

ဒီဝတ္ထုကို ရှင်းပြတဲအခါ ဖြန့် ကျက် တွေးပြရမယ်... ပုံပြင်က ဘာကို ဆိုလိုတယ်ဆိုတာ ပြောပြရမယ်
ပြောပြတဲ့ အပြောအဆိုဟာလည်းစွဲဆောင်မှု ရှိသင့်တယ်''

''အစ်ကို့ အတွေးတွေက ကြောက်ဖို့  တောင်ကောင်းနေပြီ''

''ဟုတ်တယ်ညီ ကြောက်ဖို့  ကောင်းတယ်....
ကိုယ်စာသင်ရင် တစ်ခုပဲတွေးတယ်
ရိုးရာယဉ်ကျေးမှုကို ထိန်းတာတွေမထိန်းတာတွေမဟုတ်ဘူး
ကလေးကိုစာသင်ရင် အဲ့ဒိကလေးဟာ တွေးခေါ်ဆင်ခြင်မှုအားကောင်းသွားရမယ် နှလုံးသားလှသွားရမယ်

ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားကို ပြပြီး ကြိုက်စမ်းကွာ မကြိုက်ရင် ငတုံးလို့ 
ကိုယ်မစွပ်စွဲဘူး
ပန်းချီပညာကို ချစ်တတ်အောင် ကိုယ်အရင်သင်ပေးမိမှာပဲ

ဘယ်သူရေးတယ် ဘယ်ဝါရေးတယ် ဘယ်ခေတ်ကရေးတယ်ဆိုတာကို မပြောသေးဘူး
စာကို ကြိုက်အောင်အရင်သင်မယ်
ကြိုက်သွားရင်
ဒီလိုကောင်းတဲ့စာကို ဘယ်သူရေးတာလဲလို့  ကလေးကသိချင်လာမယ်
ဘယ်ခေတ်က လက်ရာလဲဆိုတာကို စိတ်ဝင်စားလာမယ်

ကိုယ်လမ်းဖောက်ပေးထားမယ်
အဲ့ဒိလမ်းလေးပြေပြစ်ချောမွေ့  အောင်စီစဉ်ထားမယ်
လမ်းတစ်လျှောက်မှာလည်း သစ်ပင်သစ်ရိပ်တွေနဲ့  အေးချမ်းလှပစေမယ်
ပြီးမှ ဒီလမ်းလေးကို လျှောက်ချင်လာအောင် ကိုယ်စည်းရုံးမယ်
တရွတ်တိုက်လည်း ဆွဲခေါ်မှာ မဟုတ်သလို အတင်းအကြပ်လည်း စောင့်မတွန်းဘူး

အတင်းအကြပ်ပညာရေးကြောင့် ဘယ်တစ်ယောက်မှ ကမ္ဘာမကျော်ခဲ့ဖူးဘူး
ကိုယ်မြန်မာစာသင်ရင် စာပေကို ချစ်တတ်အောင်သင်မယ်
သမိုင်းကိုသင်ရင် ခေတ်စနစ်ကို သုံးသပ်တတ်အောင်သင်မယ်
အင်္ဂလိပ်စာက်ုသင်ရင် အင်္ဂလိပ်စာ တတ်မြောက်ချင်စိတ် တဖွားဖွားပေါ်လာအောင်သင်မယ်

ဒါကိုယ်စာသင်ကြားခြင်းပေါ်ထားတဲ့ခံယူချက် တပည့်တွေပေါ်ထားတဲ့ စေတနာ''

နှုတ်ဆိတ်နေသူသံလွင်က
''ဒီနေ့ ပြောတဲ့စကားတွေဟာ
လက်ခံယုံကြည်ဖို့ ထက် စဉ်းစားသုံးသပ်စေဖို့  ဦးတည်ပုံရတယ်
သံလွင်တို့ ကို အစ်ကိုက အတွေးတွေချပြတယ်

စိတ်ဝင်စားမိပါတယ်အစ်ကို
အစ်ကို ကလေးတွေကို စာဘယ်လိုသင်လဲဆိုတာ တစ်ရက်လောက် လာချောင်းကြည့်ချင်တယ်''

''ချောင်းကြည့်စရာမလိုပါဘူး
ကိုယ်စာသင်မယ့်နေ့  ညီမအချိန်ရရင် အတန်းထဲလာဝင်ထိုင်ပေါ့
ကိုယ်ဖိတ်ပါတယ်''

#Error(Sithu)
24/4/2018
image
10:57PM

ဆရာ တစ်ယောက်အကြောင်း | Ecency