'' ရိုစီ ငါသူနဲ့နှစ်ယောက်တည်း စကားပြောပါရစေဟာ ''
ပြုံးပြီးခေါင်းညိတ်ပြတဲ့ရိုစီ့ကို ကိုယ့်စိတ်ထဲ မနာလိုဖြစ်မိတယ်။ သိပ်သဘောထားကြီးပြနေတာလား။ ဒါမှမဟုတ် သိပ်သေချာနေတဲ့နေရာကနေ အထက်စီးဆန်ဆန်နေပြနေတာလား။ ဘာပဲဖြစ်ဖြစ် သူနဲ့စကားပြောခွင့်ပေးတာကိုပဲ ကိုယ်ကျေးဇူးတင်ရတယ်။ ရိုစီကခပ်လှမ်းလှမ်းထိုင်ခုံမှာ စာအုပ်တအုပ်ဖတ်ပြီးစောင့်နေတယ်။ ကိုယ်တို့နှစ်ယောက်က ရိုစီ့ရဲ့နောက်ကျောဘက် ခပ်လှမ်းလှမ်း မြက်ခင်းပြင်ပေါ်မှာ သွားထိုင်လိုက်တယ်။ ဒီနေ့ဟာ ကိုယ်တို့နှစ်ယောက် တရားဝင်တွေ့ခွင့်ရတာနောက်ဆုံးဖြစ်တဲ့နေ့။ ဒီနေ့ဟာ ကိုယ်တို့နှစ်ယောက်စလုံးရဲ့ထိန်းချုပ်နိုင်စွမ်းတွေကို ထုတ်ဖော်ကြေငြာတဲ့နေ့။ဒီနေ့ဟာ ကိုယ်တို့အဆုံးသတ်မယ့်နေ့။ ရင်ထဲမှာမွန်းကြပ်လွန်းတယ်။ သူ့ကိုကြည့်လိုက်တော့လည်း မျက်နှာက အုံ့မှိုင်းညိုမည်းလို့။ ကိုယ်တို့တွေ့ဆုံမှုအပေါ်သူ စိတ်ရှုပ်နေတာလား။ ဒါမှမဟုတ် ကိုယ်တို့တွေ့တဲ့နေရာမှာ ရိုစီရှိနေလို့ စိတ်ညစ်နေတာလား။ သူ့နှုတ်ခမ်းတွေက ခြောက်သွေ့ကွဲအက်နေတာကို မသိမသာ ကိုယ်ကြည့်လိုက်မိသေးရဲ့။ ကြုံ့ထားတဲ့မျက်မှောင်ကိုလည်း အချိန်ကြာကြာထိုင်ပြီးတဲ့အထိ သူမဖြည်ဘူး။ ဘာမှစိတ်ဝင်စားစရာမရှိတဲ့ ဟိုးခပ်လှမ်းလှမ်းက မြက်ခင်းကို စူးစူးစိုက်စိုက်ကြီးကြည့်နေတာဟာ တခုခုကိုပြောဖို့ အားယူနေသလားတောင်ထင်ရတယ်။ သူဒီအချိန်မှာ ဘာတွေများပြောချင်နေတာလဲ။ သူတချက်တချက် သက်ပြင်းချလိုက်တိုင်း ကိုယ်ကစိုးရိမ်တကြီးသူ့ကိုမော့ကြည့်မိတယ်။ သူအရမ်းတင်းကျပ်နေတာလား။
'' နိုင် ငါနဲ့အတူမထိုင်ချင်တော့ဘူးဆိုရင် ငါပြန်တော့မယ်လေ။ ''
တကယ်က ကိုယ်ဒီစကားပြောဖို့မဟုတ်ဘူး။ သူပျော်ဖို့ သူစိတ်ကြည်နူးဖို့ စကားလှလှလေးတွေ ရွေးပြောမယ်လို့စီစဉ်ထားခဲ့တာ။ မနက်ဖြန်ည မင်္ဂလာပွဲအတွက် ရယ်စရာပျော်စရာတွေ တခုခုစီစဉ်ပေးမယ်လို့ ကိုယ်ပြောချင်ခဲ့တာ။ တကယ်ပြောထွက်သွားတာက ကိုယ်တို့ပြန်ကြဖို့ဖြစ်သွားတယ်။ ပြောပြီးပြီးချင်းရင်ထဲမှာ ကျင်ကနဲစူးအောင့်သွားတယ် ။ တချိန်က အိုးးတချိန်ကဆိုတာထက် လွန်ခဲ့တဲ့တပတ်ကျော်ကအထိ သူကိုယ့်ကို လက်တွဲထားတုန်း။ သူကိုယ့်ကိုခေါင်းဖီးပေးတုန်း။ သူကိုယ့်ကို ဖွဖွလေးနမ်းတုန်း။ ဂုတ်ထောက်နေတဲ့ ကိုယ့်ဆံပင်လေးတွေကို မရမက ကျစ်ဆံမြီးကျစ်ပေးတုန်း။ မျက်ရည်တွေနဲ့ဝေဝါးလာတဲ့ ကိုယ့်မျက်ဝန်းထဲမှာ သူနဲ့ကိုယ်နဲ့ အတူအိပ်ခဲ့ဖူးတဲ့တယောက်အိပ် ကုတင်လေးကို ပြန်မြင်မိနေတယ်။ အခြေအနေတွေဟာ မနေ့တနေ့ကလို။ ဘာမှမဟုတ်တော့သလို။ လမ်းခွဲကြရတော့မတဲ့လား။ သူပြောပြောနေတဲ့ မိုးတယောက်တည်းပဲရှိတယ်ဆိုတဲ့ စကားဟာ ကိုယ့်နားထဲမှာ မိုးချုန်းသံလို ကြောက်မက်ဖွယ်ရာကောင်းလွန်းနေတယ်။
'' မိုး ငါရူးချင်တယ်ဟာ ''
ဘုရားရေ။ သူကရူးချင်တယ်ဆို ကိုယ်က လုံးဝရူးနေတဲ့ အရူးမီးဝိုင်းတယောက်ဆိုတာ သူသတိမထားမိဘူးလား။ အသက်ဘေးအန္တရာယ်တွေကြားထဲမှာတောင် ကိုယ့်လက်ကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားခဲ့တဲ့သူက အခုလိုကိစ္စမှာတော့ ရူးချင်ပြီတဲ့လား။ သူ့သတ္တိတွေဘယ်ရောက်ကုန်ပြီလဲ။ သူဟာတွေဝေတတ်သူတယောက်တဲ့လား။ သူနဲ့ကိုယ်လက်တွဲခဲ့တဲ့ ငါးနှစ်တာကာလမှာ သူရူးချင်တယ်လို့ပြောတာ ဒါပထမဦးဆုံးဖြစ်တယ်။ ကိုယ့်မှာပါးစပ်အဟောင်းသား။ သူပြတ်သားသင့်တယ်လေ။ ဒါတွေက ပြီးပါပြီ။ သူမပြတ်သားခဲ့လို့လည်း ဒီအခြေအနေထိရောက်ခဲ့ကြပြီးပြီပဲ။
လွန်ခဲ့တဲ့ ငါးနှစ်က ကျောက်မြောင်းမှာ ပစ္စည်းသွားပို့ရင်း သူနဲ့ကိုယ်တွေ့ခဲ့ကြတယ်။ ပစ္စည်းပို့တဲ့အိမ်မှာပဲဆုံခဲ့ကြတာ။ အိမ်ရှင်ရဲ့မိတ်ဆက်ပေးမှုနဲ့ပဲ ကိုယ်တို့ရင်းနှီးကျွမ်ဝင်ခဲ့ရတယ်။ ကိုယ်တို့လောကရဲ့သဘာဝလို့ပဲပြောရမလားမသိဘူး။ ကိုယ့်လူလို့သတ်မှတ်ထားရင် သံယောစဉ်တွေက အရမ်းကိုတွယ်တာကြတယ်။ ကိုယ်က တောင်ဒဂုံ ကျောက်မြောင်း ဗဟန်း သုံးမြို့နယ်ကိုတာဝန်ယူပစ္စည်းပို့ရတဲ့လူ။ သူက ရှမ်းပြည်ဘက်ကနေ ရန်ကုန်ကို အခြေချဖို့ရောက်လာတဲ့ လောကသားအသစ်။ လောကသားအသစ်ဆိုပေမယ့် သူလည်းသူ့နယ်ပယ်မှာ ပစ္စည်းဖြန့်တဲ့နယ်ကျွမ်းသူတယောက်ပဲ။ အရှောင်အတိမ်းကောင်းတယ်။ ပစ္စည်းအတုအစစ်ခွဲခြားတတ်တယ်။ ကွက်ကျော်ရိုက်တာ လူလည်ကျတာကိုမုန်းလွန်းလို့ သူ့နယ်က အဖွဲ့သားတွေနဲ့လမ်းခွဲပြီး ရန်ကုန်ကို စွန့်စားလာခဲ့တဲ့လူ။ ကိုယ်ကလည်း ကိုယ်ရှင်သန်ရာနယ်မြေမှာ အရှောင်အတိမ်းကောင်းသူအဖြစ် နာမည်ရှိပြီးသားလူ။ ကိုယ်တို့စတွေ့တဲ့နေ့မှာပဲ ငယ်ပေါင်းကြီးဖော်တွေလို ရင်ဖွင့်ပြောဆိုကြရင်းနဲ့ သူနဲ့ကိုယ် ရင်းနှီးခဲ့ကြတယ်။ အဲ့လိုနဲ့ပဲ ကိုယ်ပစ္စည်းပို့ရာ နယ်မြေတွေကိုသူကအဖော်လိုက်ပေးသလို သူပစ္စည်းပို့ရမယ့်နေရာတွေကိုလည်း ကိုယ်ကလမ်းညွှန်ပြပေးဖြစ်ခဲ့တယ်။ တခါတလေ ဘတ်စ်ကားစီးတယ်။ တခါတလေ တက်စီငှားစီးတယ်။ တခါတလေ လမ်းလျှောက်ရတယ်။ ကိုယ်တို့လောကမှာက ဒီလိုပဲလေ။ အဖမ်းအစီးရှိတယ်ဆိုတဲ့နေ့ နယ်မြေရှင်းလင်းမယ်ဆိုတဲ့နေ့မျိုးဆိုရင် ကမ်းခြေတွေကို တယောက်ချင်းစီခွဲပြီး လူစုခွဲခြေရာဖျောက်လိုက်ကြတော့တာပဲ။ ဆယ်ရက် ဆယ့်ငါးရက်လောက်ကြာရင်တော့ ကိုယ့်နေရာနဲ့ကိုယ် ကိုယ့်အလုပ်နဲ့ကိုယ်။ အရင်ကတော့ လူစုခွဲမယ်ဆိုရင် ကိုယ်ကတယောက်တည်းလျှောက်သွားတတ်ပေမယ့် သူရှိလာတော့ သူနဲ့အတူနှစ်ယောက်သွားဖြစ်တယ်။ ဒါဟာ ဖွင့်ပြောစရာမလိုတဲ့ ကိုယ်တို့ရဲ့ လက်ထပ်ပွဲအခမ်းအနားပဲ။ နီးစပ်ရာအဖွဲ့သားတွေကလည်းသိကြတယ်။ အဲ့လိုနဲ့ပဲ…… ငွေတွေစုပြီးရင် အိမ်လေးတလုံးမှာ အေးအေးချမ်းချမ်းနေကြမယ်လို့ ကိုယ်တို့ဆုံးဖြတ်ခဲ့ကြတယ်။ စွဲလမ်းမှုတွေလည်းဖြတ်မယ် အဖွဲ့ထဲကလည်းထွက်မယ် လူဟောင်းတွေနဲ့လည်း မတွေ့တော့ဘူးဆိုပြီး။
တကယ်တမ်းတော့ နေ့စဉ်အချိန်တိုင်းမြင်နေတွေ့နေရတဲ့ စွဲလမ်းမှုတွေကို သူရောကိုယ်ရော မဖြတ်နိုင်ခဲ့ဘူး။ တခါတလေ နှစ်ယောက်အတူသုံးတယ်။ တခါတလေ သူသုံးတာကို ကိုယ်ကထိုင်ကြည့်တယ်။ မီးခိုးငွေ့လေးတွေဟာ ကိုယ်တို့အတွက် ကဗျာဖြစ်တယ်။ ရောင်စုံဆေးပြားလေးတွေဟာ ကိုယ်တို့အတွက်သံစဉ်တွေဖြစ်တယ်။ ကိုယ်တို့ ဂစ်တာတွေတီးပြီး သီချင်းတွေဆိုကြတယ်။ တခါတလေဆို သူငယ်ချင်းတွေနဲ့ညလုံးပေါက် သီချင်းဆိုကြတယ်။
'' နင်သုံးတာ အရမ်းများနေပြီနော်။ အရင်းထဲကပါနေပြီ ''
အဲ့ဒီလို ကိုယ်ကပြောရင် သူကရယ်ကျဲကျဲနဲ့ နောက်နေ့လျှော့မယ်ကွာလို့ပြောတတ်တယ်။ ကိုယ်တို့ရုန်းမထွက်နိုင်ပေမယ့် ရုန်းထွက်ချင်ကြတယ်။ ဒါကနှစ်ယောက်စလုံးရဲ့ အာသီသပဲ။ အိမ်အနောက်ဖက် အရေးပေါ်လှေကားတွေကနေ အသက်လုပြီး ပြေးကြရတဲ့ ဒုက္ခတွေ ၊ အိမ်သာအမိုးကိုဖောက်ပြီး ခေါင်မိုးပေါ်မှာတညလုံးနေခဲ့ရတဲ့အချိန်တွေ ၊ တောင်ဒဂုံကနေ ထောက်ကြန့်အထိတောလမ်းကနေပြေးပြီး ပုန်းခဲ့ရတဲ့ညတွေ။ ကျောပိုးအိတ်တလုံးနဲ့သူများအိမ်နောက်ဖေးလမ်းကြားမှာ မှောင်မှောင်မည်းမည်းနဲ့ တညလုံးမက်တပ်ရပ်ပြီး ကြွက်ကိုက်ခံခဲ့ရတာတွေ ။ ဒါတွေကို ကိုယ်မုန်းလာပြီ။ ငွေဟာ ကိုယ်တို့အတွက် ဘယ်လောက်များအရေးပါနေလဲ။ပြန်စဉ်းစားတော့လည်း ဝေဝေဝါးဝါး။ ငွေမရှိရင် ကိုယ့်မောင်လေးကျောင်းမတက်နိုင်ဘူး။ ငွေမရှိရင် ကိုယ့်ညီမပိုလီယိုရောဂါသည်လေး ထမင်းမစားရဘူး။ငွေမရှိရင် ကိုယ့်အမေနှလုံးနံရံဇကာပေါက်တွေဖြစ်နေတာ မကုနိုင်ဘူး။ အဲ့လိုနဲ့ပဲ အပြင်မှာလုပ်စားလို့မရနိုင်တဲ့ ငွေကြေးကို ဒီလောကထဲမှာကျင်လည်ရင်းနဲ့ပဲ ကိုယ်ရှာဖွေတတ်လာတယ်။ ဒါဟာ ကိုယ်ငွေမက်ရတဲ့အဓိကအကြောင်းအရင်းပဲ။ သူကျတော့ရော ။ သူကတော့ အပေါင်းအသင်းတွေနဲ့ လက်တည့်စမ်းရင်းဒီလောကထဲရောက်လာသူ။ မိဘကငွေကြေးတောင့်တင်းတယ်။ သုံးနိုင်စွဲနိုင်တယ်။ အဖေကလိမ္မော်ခြံတွေပိုင်တယ်။ အမေက တရုတ်ပြည်ကနေ အထည်တွေမှာပြီး လက္ကားဆိုင်ဖွင့်ထားတယ်။ အမနှစ်ယောက်က အိမ်မှာထမင်းဆိုင်အကြီးကြီးဖွင့်ထားတယ်။ သူကတော့ ဟိုဘက်မှာ ဝိုင်းလုပ် ဒီဘက်မှာဝိုင်းလုပ်ပေါ့လေ။ အငယ်ဆုံးသားဖြစ်တဲ့သူ့ကို တအိမ်လုံးကလည်း လိုလေသေးမရှိထားရင်းနဲ့ပဲ သူကဒီလောကထဲရောက်လာတယ်။ ပြောရရင် သူနဲ့ကိုယ်က အကွာကြီးကွာတယ်။ ရုန်းကန်ရပုံချင်းလည်းမတူဘူး။ တည်ဆောက်ရပုံချင်းလည်းမတူဘူး။ ဒါပေမယ့် ကိုယ်တို့ သိပ်ချစ်ခဲ့ကြဖူးတယ်လေ။
ကိုယ်တို့နှစ်ယောက်စလုံးရဲ့ ရည်ရွယ်ချက်က နောက်တနှစ်လောက်ဒီအလုပ်တွေလုပ်အုံးမယ်။ ငွေစုမယ်။ ပြီးရင် ဒီလောကထဲကထွက်ပြီး ထမင်းဆိုင်လေးတဆိုင်ဖွင့်မယ်။ ပစ်ထားလို့မရတဲ့ ကိုယ့်မိသားစုနဲ့အတူနေပြီး ကိုယ်တို့နှစ်ယောက်အတူကြိုးစားကြမယ်။ အဲ့လိုရည်ရွယ်ခဲ့တယ်။ကိုယ်တို့သိပ်များစိတ်ကူးယဉ်ဆန်သွားခဲ့လေသလား။ အရာရာကို လျှော့တွက်ခဲ့မိလေသလား။ ဒါမှမဟုတ် အရာရာဟာ ကိုယ်တို့အတွက်နောက်ကျလွန်းခဲ့လေသလား။ ကိုယ့်ဘဝက အမြဲအဲ့ဒီ့လိုပါပဲ။ ပြေလွှားရုန်းကန်မှုတွေမရှိရင်လည်း မွနကြပ်ပိတ်လှောင်မှုတွေနဲ့သာ အသားကျနေတာပဲ။ ဝမ်းနည်းဝမ်းသာမှုဆိုတာ ဘယ်တော့မှ အချိုးတကျမရှိဘူးမဟုတ်လား။
'' နင့် အမေက နောက်တခေါက်ထပ်ခွဲဖို့ ဘယ်လောက်ကြာအုံးမှာလဲ။
'' တပတ် ''
ဘယ်သူ့ကိုမှရိုးမယ်ဖွဲ့လို့မရတဲ့ ဝေဒနာခပ်ပြင်းပြင်းတွေ ကိုယ့်ဘဝထဲကိုဝင်လာတာ လွန်ခဲ့တဲ့ သုံးလလောက်ကပေါ့။ သူ့အမေရဲ့ ခေါင်းထဲမှာအကြိတ်အဖုတခုတွေ့တယ်တဲ့။ တဖြည်းဖြည်း အမြင်အာရုံတွေ အပြုအမူတွေမူမမှန်တော့ရင်းနဲ့ ခွဲရမယ့်အနေအထားရောက်လာတယ်။ အကြိတ်က ဦးနှောက်ရဲ့အတွင်းဘက်အထိရောက်နေတော့ ပထမတကြိမ်ခွဲတာ မအောင်မြင်ဘူး။ သွေးလွန်လို့ ပြန်ချုပ်လိုက်ရတယ်လို့ပြောတယ်။ သတိကလည်းမရတချက် ရတချက်။ သတိရလာတဲ့အခါ စကားတွေမရပ်မနားပြောတယ်။ မိသားစုအားလုံးကိုမှတ်မိတယ်။ ဒါပေမယ့် သူ့သားကိုတော့ တွေ့တိုင်းငိုတယ်တဲ့။ သူ့သားကိုတွေ့ရင် ပြောလက်စ စကားကိုတောင်ဖြတ်ပြီး မျက်ရည်တွေပဲကျတော့တာပဲတဲ့။ သူ့အမေကိုကြည့်ရတာ မသက်သာလှဘူး။ နောက်ကျောဂုတ်နေရကနေလည်း အပေါက်ဖောက်ပြီးပိုက်တချောင်းသွင်းထားရတယ်။ ဗိုက်မှာလည်း ပိုက်တွေနဲ့။ သူ့အမေကိစ္စဖြစ်ကတည်းက သူတို့မိသားစုအကုန်လုံး ရန်ကုန်ကိုရောက်နေကြတယ်။ ရန်ကုန်စရောက်ကတည်းက သူ့ကိုဆက်သွယ်ပြီး သူ့အမေနားမှာပဲနေဖို့ ဝိုင်းပြောကြတယ်။ ရန်ကုန်က ဦးနှောက်အာရုံကြောဆေးရုံကို သူမနက်တခေါက်ညနေတခေါက်သွားတယ်။ ပြီးတာနဲ့ ကိုယ့်ဆီကိုပဲသူပြန်လာတယ်။ ကိုယ့်အိမ်သေးသေးလေးမှာ အတူတူအိပ်ကြတယ်။ နေရာကျဉ်းတဲ့ကိုယ့်အိမ်မှာ သူနဲ့ကိုယ်အတူအိပ်ဖို့ တယောက်အိပ်ကုတင်လေးရှိတယ်။ နှစ်ယောက်အတူ ခပ်တင်းတင်းဖက်ပြီးအိပ်ကြတယ်။ ကိုယ်တို့ပျော်ခဲ့ကြရတာပဲလေ။ သူ့အမေဆီသွားမယ့်အချိန်ဆို ကိုယ့်မှာရင်တထိတ်ထိတ်။ သူကအတူလိုက်ခဲ့ဖို့အမြဲခေါ်တယ်။ ကိုယ်ကြောက်တယ်လေ။ သူတို့အသိုင်းအဝိုင်းကို ကိုယ်ရင်မဆိုင်ရဲဘူး။ ကိုယ်တို့အသိုင်းအဝိုင်းနဲ့ပုံစံတွေမတူဘူးမဟုတ်လား။ သူ့အမေအတွက်ဆိုပြီး ကိုယ်တခုခုစီစဉ်ပေးလိုက်ချင်တယ်။ ဒါမှမဟုတ် လူနာစောင့်တွေအတွက်ဆိုပြီး ချက်ပြုတ်ပေးလိုက်ချင်တယ်။ ဒါပေမယ့် ချိုင့်ကြီးချိုင့်ငယ်နဲ့ စည်ကားနေတဲ့သူတို့အသိုင်းအဝိုင်းမှာ ကိုယ့်ရဲ့ဟင်းတွေမျက်နှာငယ်မှာကိုယ်သိတယ်။ တရက်တော့ သူအတင်းခေါ်လို့ အားနာနာနဲ့ပဲ ကိုယ်လိုက်သွားခဲ့ဖြစ်တယ်။ ကိုယ့်လိုလူကောင်သေးသေးလေးဟာ သူတို့အသိုင်းအဝိုင်းထဲမှာ သိမ်ငယ်နေမလားလို့ထင်ခဲ့ပေမယ့် သူ့ရဲ့အရေးတယူအားပေးမှုတွေကြောင့် သူ့အသိုင်းအဝိုင်းကလည်း ကိုယ်ထင်သလောက်မဆိုးခဲ့ဘူး။ အားလုံးဟာကိုယ့်ကို ဖော်ဖော်ရွေရွေပဲဆက်ဆံကြတယ်။ သူတို့ရဲ့ ရှမ်းသံဝဲဝဲလေးတွေကို ကိုယ်ချစ်တယ်။ အဲ့ဒီ့နေ့ကစပြီး မျက်နှာသွယ်သွယ် မျက်လုံးဝိုင်းဝိုင်းနဲ့ရိုစီ့ကို စသိခဲ့ရတာပဲ။
ရိုစီက သူ့ငယ်သူငယ်ချင်း ။ အိမ်နီးချင်းလည်းဖြစ်သလို မိဘချင်းကလည်း စီးပွားဖက်တွေ။ ရိုစီကတဦးတည်းသောသမီး။ သူတို့လောက်ငွေကြေးမတောင့်တင်းပေမယ့် အတန်အသင့်တော့ ပြေလည်သူပဲ။ သူ့မိသားစုကလည်း ရိုစီ့ကိုချစ်ကြတယ်။ သူ့အမတွေဆိုရင် ရိုစီလေး ရိုစီလေးလို့တောင် ခေါ်ကြတာ။ အဲ့ဒီ့နေ့ကတည်းက ကိုယ်သဘောပေါက်ပါတယ်။ ရိုစီကလည်းသူ့နားကနေကိုမခွာဘူးလေ။ ကိုယ်ရိပ်မိပါတယ်။ အသားအရည်ခြောက်သွေ့ပြီး မျက်နှာတွေကျသွားတဲ့သူ့ကို ရိုစီက အားဆေးတွေသောက်ဖို့သေချာပြောနေသေးတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ရင်းနှီးမှုအတိုင်းအတာကိုရိုစီလည်းသတိထားမိသလို သူ့အမတွေလည်းသတိထားမိကောင်းပါရဲ့လေ။ ဒါပေမယ့်ပေါ့။ ကိုယ့်ကံကြမ္မာဟာ အမြဲပဲ ခြောက်သွေ့ပူပြင်းလွန်းတယ်မဟုတ်ဘူးလား။ ဆရာဝန်တွေရဲ့ပြောပြချက်အရ ခွဲစိတ်မှုအောင်မြင်ဖို့က ခြောက်ဆယ်လေးဆယ်လို့ပြောတယ်။ အသက်ရှင်နိုင်ခြေ လေးဆယ်ပဲရှိတယ်။ တကယ်လို့ မခွဲရင်တော့ တလအတွင်းအသက်ဆုံးနိုင်တယ်။ ခွဲမယ်ဆိုရင်လည်း ခြောက်ဆယ်ရာခိုင်နှုန်းဟာ သေတဲ့ဘက်မှာရှိတယ်တဲ့။ သူတို့မိသားစုအစား ကိုယ်ပါရင်တွေပူ ခေါင်းတွေခြောက်ခဲ့ရတယ်။ နောက်ဆုံးခွဲမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ လေးဆယ်ရာခိုင်နှုန်းကို မျှော်လင့်ချက်တကြီးနဲ့ ပုံအောလိုက်တယ်။ ပထမတကြိမ်ခွဲစိတ်မှုမှာ သွေးလွန်နေလို့ ပြန်ချုပ်လိုက်ရတယ်။ ခေါင်းထဲကရေတွေထွက်တယ်။ ပိုက်နဲ့စုပ်ထုတ်တယ်။ အမြင်တွေပြန်ကြည်သွားတယ်။ မိသားစုတွေကိုမှတ်မိတယ်။ ဒါဆိုအခြေအနေကောင်းတယ်လို့ သူတို့ယူဆတယ်။ တဖက်ကလည်း ဝမ်းသာမိသလို တဖက်ကလည်း နောက်တကြိမ်ခွဲစိတ်မှုအတွက် စိတ်ပူကြရတယ်။ ဒီလိုနဲ့ပဲလေ။
ဒီလိုနဲ့ပဲ အရေးပေါ်အကြောင်းတွေဆက်တိုက်ဖြစ်သွားတယ်။ ဆေးရုံပေါ်မှာ နှစ်လကျော်ကြာလာပြီဖြစ်တဲ့ သူ့အမေရဲ့ဆန္ဒအရ ရိုစီနဲ့သူ့ကိုလက်ထပ်ခိုင်းသတဲ့။
ရုပ်ရှင်တွေဆန်လိုက်တာကွာ။ ဘယ်လိုတွေ ဆုံးဖြတ်လိုက်ကြတာလဲ။ သူ့ကိုမေးတော့လည်း တဖက်ကအမေ။ ဆေးရုံမှာ ပိုက်တန်းလန်းဖြစ်နေတဲ့အမေ။ သူဆုံးဖြတ်ရခက်နေတယ်။ သူ့အမတွေကိုသူက ကိုယ်တို့နှစ်ယောက်အကြောင်းဖွင့်ပြောပြတယ်။ အတူနေနေပြီဆိုတဲ့အကြောင်း။ အတူတူအိပ်တာ နှစ်နှစ်ရှိပြီဆိုတဲ့အကြောင်း။ ငွေစုနေတဲ့အကြောင်း။ ဆေးရုံသွားပြီးဆေးဖြတ်မယ်ဆိုတဲ့အကြောင်း။ ဆေးပြတ်တာနဲ့ ထမင်းဆိုင်ဖွင့်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားမယ့်အကြောင်း။ ကလေးယူမယ့်အကြောင်း။ အကြောင်း အကြောင်း အကြောင်း။ သူအများကြီးပြောပြတယ်။ အဲ့ဒီ့မှာ ကိုယ်တို့နှစ်ယောက်စလုံးရဲ့အရှိုက်ကိုထိမယ့် စကားတခွန်းသူ့အမကပြန်ပြောတယ်။ လက်ထပ်စာချုပ်ရှိလားတဲ့။ ကိုယ်ဒူးညွတ်ခွေယိုင်လဲသွားမယ့်စကားတခွန်းကို နောက်အမတယောက်က ထပ်ပြောတယ်။ မေမေက ဆေးသမားချွေးမလိုချင်မှာမဟုတ်ဘူးတဲ့။ ကောင်းကင်ကြီးတခုလုံး ကိုယ့်အပေါ်ကိုပြုတ်ကျလာသလို ဝန်တွေပိလိုက်တာများ။ ချစ်ခြင်းကိုသက်သေထူဖို့ လက်ထပ်စာချုပ်တွေက အရေးပါသတဲ့လား။ ဘယ်သူ့ဘက်ကို ဘယ်လိုစာနာပေးရမလဲဆိုတာတောင် ကိုယ်မသိတော့ဘူး။ ကိုယ်ငိုမိတယ်။ မျက်ရည်တွေဟာပူလောင်လိုက်တာ။ ကိုယ်ပြေးထွက်ခဲ့လေသလား အငွေ့ပဲပျံ့သွားခဲ့လေသလား ။တိမ်တွေလိုပဲ လွင့်ဝဲသွားခဲ့တာလား ကိုယ်သတိမထားမိတော့ဘူး။ ကိုယ်ရောက်နေတဲ့နေရာဟာ တောင်ဒဂုံရဲ့အစွန်အဖျားက လယ်ကွက်တွေရဲ့အလယ်။ အိမ်ခြေတွေကျဲကျဲ လူတွေလည်း နည်းပါးတဲ့အရပ်မို့ ကိုယ်အော်ဟစ်ငိုယိုနေတာ ဘယ်သူမှမသိဘူး။ ကိုယ်လွင့်ထွက်သွားချင်တယ်။ သူ့ကိုမပိုင်ဆိုင်ရတော့ဘူးဆိုတာထက် ဆေးသမားချွေးမဆိုတဲ့စကားဟာ ရင်ကိုကွဲကြေစေတယ်။ နားထဲမှာ အထပ်ထပ်အခါခါပြန်ကြားယောင်နေမိတယ်။ ဆေးသမားချွေးမ ဆေးသမားချွေးမ။ ကိုယ့်ကို ဒီနေ့အထိ ဘယ်သူကမှဆေးသမားလို့ မခေါ်ခဲ့ဖူးဘူး။ ကိုယ်ကိုယ်တိုင်လည်း ဆေးသမားဆိုတာကို သတိမထားခဲ့မိဘူး။ အခုတော့ သူ့အမကကိုယ့်ကို သတိပေးလိုက်တယ်။ ဆေးသမားတဲ့။ ကိုယ့်အမေကရော ဆေးသမားကိုသမက်တော်ချင်ခဲ့ရဲ့လား။ ကိုယ်သူနဲ့အတူနေတော့မယ်လို့အမေ့ကိုပြောတော့ ပြုံးပြီးခေါင်းညိတ်ခဲ့တဲ့အမေ့ကို မျက်စိထဲပြန်မြင်ယောင်နေမိတယ်။ သမီးကြီးပျော်ဖို့အဓိကပါတဲ့လေ။ အမေဟာ သူ့သမီးကြီးဘာတွေလုပ်နေတယ်ဆိုတာ သိလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့မှမစပ်စုဘူး။ တခွန်းပဲပြောတယ်။ ဘယ်အရာမဆို အချိန်မလွန်စေနဲ့တဲ့။ အမေလည်းသိခဲ့မှာပေါ့။ ကိုယ်ဆေးသမားဆိုတာ ကိုယ့်ချစ်သူ သူလည်း ဆေးသမားဆိုတာ အမေသိခဲ့မှာပေါ့။ အမေကြိတ်ငိုခဲ့သေးလား။ အမေ့အကြောင်းတွေးမှ ကိုယ်ရင်တွေကွဲတော့တယ်။ ဆေးသမားသမက်လို့ အမေဘာကြောင့်မပြောခဲ့တာလဲ။
အတွေးတွေရှည်လွန်းလှတယ်။ သူကိုယ့်လက်ကို ဖိညှစ်ဆုပ်ကိုင်လိုက်တယ်။
'' မိုး ချစ်လေး။ ငါနင်နဲ့မခွဲနိုင်ဘူး။ အရမ်းချစ်တယ်မိုးရယ်။ ငါသေလိမ့်မယ်သိလား။ ရင်ထဲမှာနင့်ကိုဘယ်လောက်ချစ်လဲဆိုတာ ငါမပြောတတ်ဘူး။ ငါလေ … ''
ပြောလက်စစကားတွေရပ်တန့်သွားပြီး သူငိုတယ်။ ကိုယ်လည်းငိုတယ်။ သူ့အမေရဲ့ဆန္ဒဟာ ကိုယ်တို့အတွက် ကြိမ်စာတခုလေလား။ ဒါမှမဟုတ် ကိုယ်တို့ဟာ ဘယ်အရာကိုမှ အလေးအနက်မထားခဲ့လို့ အခုကြိမ်စာပြန်သင့်နေတာလား။ တကယ်လို့များ လက်ထပ်စာချုပ်ရှိနေခဲ့ရင်ရော အခုအချိန်မှာ သူ့အမေအသက်ထက် ဘယ်အရာက ပိုအရေးကြီးတယ်လို့ဆုံးဖြတ်မလဲ။ ကိုယ်တို့ အကောင်းဆုံးလမ်းကိုပဲ ရွေးချယ်မိတယ်လို့ထင်တယ်။ လူတယောက်ရဲ့အသက်။ သေတော့မယ့်လူတယောက်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ရှင်နေတဲ့လူနှစ်ယောက်က ဖြည့်ဆည်းလိုက်တယ်ပဲသဘောထားလိုက်တယ်။ ကိုယ်တို့လမ်းခွဲလိုက်ကြတာပေါ့။ သူရောကိုယ်ရော တင်းတင်းကျပ်ကျပ်ဖက်ထားမိတယ်။ ခပ်လှမ်းလှမ်းမှာ ရိုစီက ကိုယ်တို့ကိုမသိမသာကြည့်နေတယ်။ သူရောငိုနေမလား။ ငယ်ငယ်ကတည်းက အားကိုးတွယ်တာလာတဲ့လူတယောက်ကို အခုအချိန်မှာပိုင်ဆိုင်ရတော့မှာမို့ ရိုစီပျော်နေမလား။ ကိုယ့်လက်ထဲကနေ တရားဝင်ဇနီးမယားအဖြစ် သူ့ဘေးနားမှာနေခွင့်ရတော့မှာမို့ ကျေနပ်နေလိမ့်မလား။ သူကရော ။ အို ကိုယ်ဘာတွေတွေးနေမိပါလိမ့်။
'' ချစ်တယ်နိုင်ရယ်။ ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ ငါဘယ်မထင်လဲ။ ငါတို့ရဲ့ကံပဲပေါ့ဟာ။ နင် ဆေးရုံတက် ဆေးဖြတ်နော်။ ငါကတော့ လောလောဆယ် ကိုယ့်ဘာသာကိုယ်ပဲဖြတ်နိုင်အောင်ကြိုးစားမယ်။ ငွေကလိုနေသေးတယ်မဟုတ်လား။ လုပ်ရအုံးမှာပဲ။ နင်မပေးနဲ့။ ပေးစရာလည်းမလိုတော့ဘူး။ နင့်ဘဝနဲ့နင်သာယာတော့။ ငါတို့ လမ်းခွဲကြတာပေါ့ ''
လေတွေက တဝေါဝေါတိုက်နေတယ်။ ကိုယ့်ခြေလှမ်းတွေက ယိုင်လဲလုမတက်ခြေထောက်တွေညောင်းညာနေတယ်။ ခေါင်းကိုငုံ့ပြီးလျှောက်ခဲ့တဲ့ လမ်တလျှောက်လုံးမှာ မျက်ရည်တွေစိုရွှဲလို့။ ရင်ထဲမှာပူလောင်လိုက်တာ။ကိုယ်တိမ်တွေလို ပေါ့ပါးပါရစေတော့ ။ ကိုယ်မိုးစက်တွေလို အေးမြပါရစေတော့။ ကိုယ်နှင်းပွင့်တွေလို ဖြူစင်ပါရစေတော့။ ဂြိုလ်တွေ နက္ခတ်တွေ သူ့နေရာနဲ့သူ စနစ်တကျရှိပါစေတော့။ ကိုယ့်ကံကြမ္မာတွေ ချိုမြိန်ပါစေတော့။ အိမ်ကိုရောက်တော့ အမေကထမင်းခူးကျွေးတယ်။ အကြောင်းစုံကိုရိပ်မိနေတဲ့အတွက် ပခုံးကိုဖက်ပြီးစကားတခွန်းပြောတယ်။
'' သမီးကြီး အမေတို့တွေ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပြောင်းယူကြရအောင် ''တဲ့။ အဲ့ဒီ့ခနတာမှာပဲ ကိုယ်နုံးခွေကျသွားတော့တယ်။ မျက်လုံးတွေပိတ်သွားတော့တယ်။ တကိုယ်လုံးဖျော့တော့သွားတော့တယ်။ တဝေါဝေါနဲ့ လေတွေကတော့တိုက်နေတုန်းပဲ။ အသဲတွေ နှလုံးတွေတင်မက ရင်တခုလုံးကိုပါ ကြွေအောင် လေတွေတိုက်နေတုန်းပဲ။ လေ …… တွေ …တိုက်နေတုန်းပါပဲ……လေ။
စုမွန်သွယ်
MSU No 057