ချစ်မိပါသည် ………သို့သော် (2)

sumonthwe(34)
Published in
#msu
Words
447
Reading
2 min
Listen
Play
8y

ချစ်မိပါသည် သို့သော် (၁) မဖတ်ရသေးသောမိတ်ဆွေများ အောက်ပါလင်ခ်မှ (၁) ကိုဖတ်နိုင်ပါသည်။

https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-1

ချစ်မိပါသည် ………သို့သော် (2)

ရက်ရှည်လများ ရန်ပွဲ အလီလီနွှဲခဲ့ကြပြီးနောက် သူမနဲ့ကိုကို သဘောတူညီမှုတခု လုပ်လိုက်ရတော့သည်။ သဘောတူညီမှုဆိုတာ ထက် သူမ၏ ဆုံးဖြတ်ချက်အတိုင်း ဆိုပါက ပိုမှန်လိမ့်မည်။ ဒါကလည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာ အရှက်မကွဲလိုသော သူမ၏ ဆန္ဒအရသာဖြစ်သည်။ ကိုကို့အတွက်မူ သူမ အဘယ်ကဲ့သို့ဆုံးဖြတ်သည်ဖြစ်စေ လိုက်နာမည်သာဖြစ်သည်။ သူမ၏ဆုံးဖြတ်ချက်သည် နှစ်ဖက်မိဘအသိုင်းအဝိုင်း အပါအဝင် သူမ၏ ဂုဏ်သိက္ခာအတွက်လည်း အရေးပါလွန်းသည်။ ထိုကဲ့သို့ဆုံးဖြတ်လိုက်ရခြင်းအပေါ် သူမ သာ ရင်နာရသည်။ သူမ သာ ကြေကွဲရသည်။ သူမ သာ ငိုပွဲဆင်ရသည်။ နောက်ဆုံး သူမ သာ အိပ်ယာထက်မှာ အထီးကျန် နာကျင်ရတော့သည်။
'' ကိုကို အဲ့ဒါဆိုလည်း ဇော်မြင့်ကို ကို ငယ်တို့နဲ့ အတူသာ လာနေခိုင်းလိုက်ပါ။ ကိုကိုလည်း ခိုးကြောင်ခိုးဝှက်တွေ့စရာမလိုတော့သလို ပတ်ဝန်းကျင်အမြင်မှာလည်း ကိုကို့သူငယ်ချင်းတယောက် အိမ်အဝင်အထွက်ရှိတယ်ပဲ သိထားလိမ့်မယ်။ ''
သူမပြောပြီးတော့ သက်ပြင်းတချက်ချလိုက်သည်။
'' ကိုကိုကတော့ ဘယ်မှမသွားပါနဲ့ကွယ် '' သူမမျက်ရည်အဝိုင်းသားဖြင့်ပြောမိသည်။ ကိုကိုကတော့ စိတ်ရှုပ်ရှုပ်နှင့်ပင် လက်ခံလိုက်ရမှာသေချာသည်။ ကိုကိုဖြစ်စေချင်သည်က သူမနှင့်ရန်ဖြစ်မည်။ သူမက အကြီးအကျယ် စိတ်ဆိုးမည်။ မပေါင်းနိုင်တော့ပါဘူးဟု ပြောမည်။ ပြီးနောက် ကွဲမည်။ အဝေးဆုံးထွက်သွားပြီး ဇော်မြင့်ကိုနှင့်အတူနေကြမည်။ မည်သူ့ကိုမှလည်း အဆက်အသွယ် မလုပ်ဘဲနေမည်။ အဲ့ဒီလို။ သို့သော် သူမက တအိမ်တည်းတွင်ပင် အတူနေကြမည်ဟုပြောလိုက်သောအခါ ကိုကို့မှာ အံ့သြရသည်။ တုန်လှုပ်ရသည်။ ရှက်ရွံ့ရသည်။ ကိုကိုသည် လိင်တူချင်း စိတ်တိမ်းညွတ်သည် ဆိုသည်ကို သိသာသိစေ မမြင်စေချင်သော သဘောဖြစ်သည်။ သူမကိုပင်လျှင် မခံစားနိုင်တော့သည့် အဆုံး ဖွင့်ပြောလာခြင်းဖြစ်သည်။ ယခုလို တအိမ်တည်းတွင် အတူနေကြရမည်ဆိုတော့ ကိုကို မျက်နှာပူသည်။ သူမစိတ်ထဲတွင် ကိုကို့ကို မည်သို့မည်ပုံ ပုံဖော်ရမှန်းပင် မသိတတ်တော့အောင် ဖြစ်ရသည်။ ဇော်မြင့်ကိုနှင့်တွေ့သောအခါ ကိုကိုသည် ချွဲနွဲ့နေလိမ့်မည်လား။ သို့မဟုတ် ဇော်မြင့်ကိုကပင်လျှင် ကိုကို့ကို ချွဲနွဲ့နေလိမ့်လေမလား။ ကိုကို့စကားများသည် အနုအလှများဖြင့် ကယုကရင်ဖြစ်နေလိမ့်မလား။ ဒါမှမဟုတ် ဇော်မြင့်ကိုရဲ့ ကယုကရင် စကားများအပေါ် ကိုကိုက ရှက်ပြုံးပြုံးနေလိမ့်မလား။ သူမ တွေးကြည့်မိသည်။ ကိုကိုသည် မိန်းမလျာတယောက်လား။ မိန်းမဖြစ်ချင်သူ တယောက်လား။ သို့တည်းမဟုတ် ဇော်မြင့်ကိုက မိန်းမလျာလား။ သူမခေါင်းများ ချာချာလည်လာသည်။ မျက်လုံးများပြာဝေလာသည်။ မျက်ရည်ပူများ အဆက်မပြတ် ကျလာသည်။ လက်များ တုန်ရင်လာသည်။ ခြေဖျားများ အေးစက်လာသည်။ ထိုနေရာတွင်ပင် သူမ လဲကျသွားခဲ့ပါတော့သည်။

-- နေ့စဉ်နှင့်အမျှမြင်တွေ့နေရသော ဇော်မြင့်ကိုနှင့် သူမလည်း မေးထူးခေါ်ပြောအဆင့်ကိုကျော်၍ မိတ်ဆွေအဆင့်ဖြစ်လာသည်။ ပတ်ဝန်းကျင်ကလည်း စကားတီးတိုးများ ပြောလာကြသည်ကို သူမပြန်ကြားလာရသည်။ ဇော်မြင့်ကိုနှင့် သူမကို ပုပ်ခတ်စွပ်စွဲမေကြသည်။ လင်မယားနှစ်ယောက်တည်းရှိသော အိမ်တွင် တခြား သူစိမ်းယောက်ျားတယောက် ရှိနေခြင်းမှာ ဘယ်လို သင့်တော်ပါမည်နည်း။ တခါတရံ ကိုကိုက အလုပ်သွားသောအခါ ဇော်မြင့်ကိုက အိပ်၍ကျန်နေခဲ့သည်။ ဇော်မြင့်ကိုရောက်လာကတည်းက အိမ်တွင် အခန်းကျဉ်းကျဉ်း သီးသန့်တခန်း ထပ်လုပ်ရသည်။ ဇော်မြင့်ကို နေဖို့ဖြစ်သည်။ ဇော်မြင့်ကို နာမည်တပ်ထားသော အခန်းထဲတွင် တခါတရံ ကိုကိုက ညအိပ်တတ်သည်။ နေ့ဘက် အလုပ်ပိတ်သောနေ့များတွင်လည်း ကိုကိုနှင့်ကိုဇော်မြင့်ကိုသည် အခန်းထဲတွင်ပင် ရုပ်ရှင်ကြည့်ကြသည်။ ဇော်မြင့်ကိုရောက်လာမှပင် သူမသည် တယောက်တည်းလည်း အိပ်တတ်လာသည်။ တယောက်တည်းလည်း စားတတ်ခဲ့သည်။ အရင်က ကိုကိုနှင့် အတူထိုင်၍ ထမင်းစားခဲ့သော စားပွဲခုံလေးတွင် ယခုအခါ ကိုကိုနှင့်ဇော်မြင့်ကိုတို့ အတူတူစားကြသည်။ ကိုကိုရော ဇော်မြင့်ကိုပါ သူမကိုအတူလာစားဖို့ အမြဲခေါ်သည်။ သို့သော် ကိုကို့ဘေးတွင် သို့မဟုတ် ကိုကို့ရှေ့တွင် သူမ မဟုတ်သော တခြား တစုံတရာရှိနေပြီး ထိုတစုံတရာသည်လည်း သူမ မနှစ်မြို့သော အခြေအနေတွင်ရှိနေပါက သူမ ထမင်းစားပျက်မည်။ သူမအပြုအမူများ လွန်ကျွံခဲ့ပါက ကိုကိုလည်း စိတ်ညစ်ရမည်။ ကိုကိုစိတ်ညစ်ပါက အိမ်ကဆင်းသွားမည်ဟုပြောလာမည်ကို သူမသေမလောက်ကြောက်ရွံ့မိသည်။ ကြောက်သည်ထက် ရှက်သည်။ ရှက်သည်ထက် ပို၍ရှက်သည်။ ထို့ကြောင့်ပင်လျှင် ……

-- ထိုသို့ဖြင့်ပင် ရက်မှလ လမှနှစ်သို့ကူးပြောင်းလာခဲ့တော့သည်။ ဇော်မြင့်အောင်နှင့်အတူနေလာသည်မှာ တနှစ်ရှိပြီဖြစ်သည်။ သူမစိတ်သည် အစဉ်သဖြင့် လေလွင့်နေတတ်သည်။ ဘာကိုမှ မည်မည်ရရ လုပ်၍မရ။ သူမ မိဘများကရိပ်မိသည်။ ရိပ်မိသည်ဆိုသည်မှာ သူမတခုခု စိတ်မချမ်းမသာဖြစ်နေမှန်းရိပ်မိသည်။ ကိုကို့ကိုကျတော့ အမြဲတစေပြုံးရွှင်နေတာတွေ့ရတတ်တော့ ကိုကိုနှင့်ရန်ဖြစ်သည်ဟုလည်း မထင်ကြ။ သူမမိဘများနှင့် ကိုကို့မိဘများထင်သည်မှာ ဇော်မြင့်ကိုနှင့် သူမသည် တိတ်တိတ်ကလေးဖောက်ပြန်နေသည်ဟု။ သူမတို့ဖောက်ပြန်နေသည်ကို ကိုကိုက မသိ၍ ဘာမှ မဖြစ်ခြင်းဖြစ်သည်ဟု။ သူမကသာ လိပ်ပြာမလုံ၍ အမြဲစိတ်ဆင်းရဲနေရသည်ဟု။ ထို့ကြောင့် ကိုကို့မိဘများက ကိုကို့ကို သတိပေးသည်။ ဇော်မြင့်ကိုကို အိမ်တွင်မထားရန်နှင့် သူမအပေါ်တွင်လည်း စောင့်ကြည့် သတိထားဖို့ ပြောသည်။ နောက်ပြီး ကိုကိုအပြင်သွားပါက ဇော်မြင့်ကိုနှင့်သူမကို အိမ်တွင်နှစ်ယောက်တည်း မထားဖို့လည်း အပြင်းအထန်ပြောသည်။ ထိုအခါမျိုးတွင် ကိုကိုကတော့ မလုံမလဲနှင့်ပြောရှာသည်။
'' မေမေတို့ ထင်နေသလို ဇော်မြင့်ကိုနဲ့ ငယ်က ဘာမှ မဟုတ်ကြပါဘူးဗျာ ''
ထိုကဲ့သို့ ကိုကိုက ဆင်ခြေပေးတိုင်း သူမက ကိုကို့ကို ခပ်စူးစူးပြန်ကြည့်မိသည်။
အော်…… ဇော်မြင့်ကိုနဲ့ငယ်က ဘာမှမဟုတ်ကြဘူးတဲ့လားကို ကိုရယ်။ ဒါဖြင့်ရင် ကိုကိုနဲ့ကျတော့ရော။ သူမခပ်စူးစူးကြည့်လိုက်တိုင်း ကိုကိုက မျက်လွှာချသွားတတ်သည်။ ထိုအဖြစ်ကို ဘယ်မိဘမှ မသိကြ။ ထိုသို့ဖြင့်ပင် သူမ၏ညများသည် မှောင်သထက်မှောင် မည်းသထက်မည်းခဲ့ရတော့သည်။ ဇော်မြင့်ကိုနှင့် သူမသည် မုန့်တခုကိုဝေပုံကျရနေသလိုပင်။ ကိုကိုသည် သူမနှင့်လာအိပ်သည့်အလှည့်တွင်ပင် သူမအပေါ် အေးစက်လာခဲ့တော့သည်။ တနေ့တော့ ဇော်မြင့်ကိုနှင့်ကိုကိုတို့ အိပ်နေရာအိပ်ခန်းရှေ့တွင် တညလုံးထိုင်နေခဲ့ဖူးသည်။ ဇော်မြင့်ကိုအခန်းလေးက အတော်လေးကျဉ်းသောကြောင့် တံခါးပိတ်ထားသည့်ကြားကပင်လျှင် သူမနှင့်အနီးကပ် စကားပြောနေသလို အတိုင်းသားကြားနေရသည်။ ထိုအခါ ကိုကို့စကားများကိုကြားပြီး သူမသွေး
သူမသွေးပျက်ရတော့သည်။
'' ဇော့်ကို ဘယ်လောက်ချစ်လဲဆိုတာ မသိလို့လားဟင် ''
'' မင်းကွာ ငါ့ကိုအဲ့ဒီလိုစိတ်ဆိုးအောင် မစနဲ့''
'' ဟားဟားးဟားးး ဇော်က ဖဲမရိုက်တတ်ဘဲနဲ့ကွာ ''
တခါတရံတွင် ထိတ်လန့်ခြောက်ခြားဖွယ်ရာ သွေးရူးသွေးတန်း ညည်းညူသံများကို သူမကြားရသည်။ ထိုနာကျင်စရာများလှသော အခန်းလေးရှေ့တွင် သူမသည် ခိုးချောင်ခိုးဝှက်ဖြင့် ကိုကိုတို့ စကားသံများကို သံယောစဉ်ဖြစ်နေလေသည်။ သူမ မကြားရတာကြာပြီဖြစ်သော ကိုကို့စကားသံများကို ဇော်မြင့်အောင်အခန်းရှေ့တွင်ကြားရသည်။ သူမအလွမ်းပြေသည်။ တခါတရံ ကိုကို့ကို မြှူစွယ်ကြည့်သည်။ ကိုကို သူမအခန်းသို့ လာသောအလှည့်တွင် သူမတကိုယ်လုံးချွတ်၍ ဝစ်လစ်စလစ်ဖြင့် ကုတင်ပေါ် ထိုင်နေလိုက်သည်။ တခါတလေ လှဲနေလိုက်သည်။ ထိညအခါမျိုးတွင် ကိုကိုက သက်ပြင်းချတတ်သည်။
'' ငယ် ကိုယ့်ကို ခွင့်လွှတ်ကွာ''
လို့ပြောပြီး စောင်ခြုံပေးတတ်သည်။ ထိုသို့ဖြင့်ပင် သူမဘဝသည် မိုးခေါင်ရေရှားဘဝသို့ တဖြည်းဖြည်းရောက်လာခဲ့တော့သည်။

-- အတွေးများလွန်လွန်းနေသည်။ သူမအတွေးများ အတော်အတန်ပင်လွန်နေသည်။ ပူလောင်ပြင်းပြလှသော အထီးကျန်မှု ဝေဒနာကို ဖြေဖျောက်ရန်အလို့ငှာ တရားထိုင်ကြည့်သည်။ မရ။ အိပ်ပျက်ညတွေများခဲ့ပြီ။ အစားအသောက်များလည်း ပျက်ခဲ့
ဲပြီ။ သူမ၏ အလှတရားတို့လည်း နေ့ချင်းညချင်း ယိုယွင်းလာခဲ့သည်။ နောက်ဆုံး စိတ်ရောဂါ အထူးကု ဆရာဝန်ဆီသို့ ရောက်လာခဲ့ရတော့သည်။ အဲ့ဒီ့ကမှတဆင့် မောင်နှင့်ရင်းနှီးခဲ့ရသည်။ မောင့်မိန်းမနှင့် သိကျွမ်းခဲ့ရသည်။
အပိုင်း (၃) ဆက်ရန်၇ှိသေးသည်။

စုမွန်သွယ်

MSU - 057

Photo credit - https://cinincarriere.nl/alleen-zijn/

ချစ်မိပါသည်.jpg