မျောက်ဇာတ်

sumonthwe(34)
Published in
#msu
Words
260
Reading
2 min
Listen
Play
8y

တခါတုန်းက ရွာတစ်ရွာမှာ အလှူပွဲတိုင်း ကပြဖျော်ဖြေရတဲ့ ဇာတ်အဖွဲ့ တစ်ဖွဲ့ရှိတယ်။ အဲ့ဒီ့ ဇာတ်အဖွဲ့ဟာ ကောင်းလွန်းလို့ ရွာမှာရှိတဲ့ လူကြီးလူငယ်အကုန်ကြိုက်ကြတာပေါ့။ တခြားရွာက
အလှူတွေမှာလည်း ပွဲစဉ်ဆက်ပြီး နှစ်ပတ်လည်လုံး မအားရအောင် ဖျော်ဖြေရတယ်။ အဲ့လိုအောင်မြင်နေတာကို သိပ်မနာလိုတဲ့ ရွာထဲက ငညစ်ဆိုတဲ့လူဟာ တနေ့တနေ့ ဒီဇာတ်အဖွဲ့ကို ပျက်စီးရာပျက်စီးကြောင်းပဲ အမြဲကြံနေသတဲ့။ သူဘယ်လိုမှမလုပ်နိုင်အောင်ကို ဇာတ်အဖွဲ့ကလည်း တနေ့တခြား အောင်မြင်လို့နေတာပေါ့။ ဇာတ်အဖွဲ့ကအောင်မြင်လေလေ ငညစ်တစ်ယောက်လည်း မစားနိုင်မအိပ်နိုင် ဒုက္ခများလေလေပေါ့။
တနေ့တော့ သူ့စဉ်းစားမှုတွေဟာ အသက်ဝင်လာပါတော့တယ်။ သူ့အတွေးကို သူ့ဘာသာသူ သဘောတွေကျပြီး အကောင်အထည်ဖော်ဖို့ကြိုးစားတော့တယ်။ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူ စုဆောင်းပြီး အချိန်တခုကိုစောင့်နေတော့တာပေါ့။ ဒီတခါတော့ လုံးဝအပိုင်ပဲလေ။ ဒီအဖွဲ့ကိုကြည့်မရတာကြာပြီ။ ဒီတခါတော့ အပြုတ်ဖြုတ်နိုင်တော့မယ်ပေါ့။ သူဘယ်လောက်စွမ်းတယ်ဆိုတာကို ဒီဇာတ်အဖွဲ့သိသွားစေမပေါ့။

အဲ့လိုနဲ့ သူစောင့်စားနေတဲ့ တနေ့ကိုရောက်လာပါလေရော။ အဲ့ဒီ့နေ့က ရွာဘုရားပွဲအလှူလုပ်မယ့်ရက်ပေါ့။ ဇာတ်အဖွဲ့က ၃ရက်ဖျော်ဖြေရမယ်။ ဘုရားပွဲရက်ကတော့ ၇ရက်ပေါ့။ အဲ့လိုနဲ့ ငညစ်ဟာ သူစုဆောင်းထားတာတွေကို ယူပြီး ဘုရားပွဲကျင်းပရာ အနီးမှာ နေရာယူလိုက်တယ်။ ပြီးတော့ အသင့်အတင့်ကျယ်တဲ့ နေရာတစ်ခုယူပြီး မိုးလုံနေလုံဇာတ်စင်ဆောက်တယ်။ ဇာတ်စင်တခုလုံးကို အလုံပိတ်ထားပြီး ဝင်ပေါက်တစ်ခုပဲထားထားတယ်။ ဝင်ပေါက်မှာ ဆိုင်းဘုတ်တစ်ခုထောင်ထားလိုက်တယ်။

အဲ့လိုနဲ့ ဇာတ်ပွဲကမယ့်အချိန်ကိုရောက်လာပါလေရော။ ဇာတ်စင်ပေါ်မှာ မင်းသားမင်းသမီးတွေတန်းစီနေရာယူလိုက်ကြတယ်။ ဇာတ်အဖွဲ့ကိုတာဝန်ယူထားတဲ့ ဇာတ်ခေါင်းက ပွဲအနေအထားကိုကြည့်ပြီး လန့်သွားတယ်။ ဒီနှစ်ဘယ်လိုဖြစ်တာလဲ။ ဇာတ်ရုံတဝက်လောက်ပဲလူရှိတယ်။ ခါတိုင်းနှစ်ဆို ရုံပြည့်ရုံလျှံ လက်မှတ်မရလို့ငိုသူတွေမှအများကြီး။ ဒီနှစ်တော့ အဲ့သလိုမဟုတ်ဘဲ ရုံတဝက်လောက်တောင် လူကမပြည့်ချင်ဘူး။ သူအကြီး အကျယ်စိတ်ညစ်သွားတယ်။ ဘာလုပ်လို့လုပ်ရမှန်းလည်းမသိတော့ဘူး။ စင်ပေါ်က မင်းသားမင်းသမီးတွေကလည်း ပရိတ်သတ်ကိုကြည့်ပြီး အားပျက်နေကြပြီ။ မထူးပါဘူး ဘုရားပေါ်သွားထိုင်နေလိုက်တော့မယ်ဆိုပြီး ထွက်လာလိုက်တယ်။ သူလည်းရုံအပြင်ကိုထွက်လိုက်ရော
အားပါးပါး လူအုပ်ကြီးဆိုတာ တိုးဝှေ့တွန်းထိုးနေကြတာ မြင်မကောင်းဘူး။ အော်ဟစ်ဆူပူနေတာပေါ့။ ဘယ်လိုဖြစ်တာပါလိမ့်ဆိုပြီး စနည်းနာကြည့်တော့မှ ဟိုက် သူ့ဇာတ်ရုံမျက်နှာချင်းဆိုင်က ဇာတ်ရုံတရုံထဲအတင်းလုယက်ဝင်နေကြတာကိုး။

အလို !!! ခါတိုင်းနှစ်တိုင်းမှာ သူ့ဇာတ်ရုံတစ်ရုံပဲရှိရာကနေ ဒီနှစ် ဘယ်လိုဖြစ်လို့ နောင်တရုံကပါ နေရာရသွားလဲပေါ့။ ရွာလူကြီးကိုတော့ သွားဆဲအုံးမှဆိုပြီး ဒေါသတကြီးနဲ့လူအုပ်ကိုတိုးထွက်လိုက်ရာမှာ သူတွေ့လိုက်ရတာက လူအသွင်နဲ့မခြားမျောက်ကလေးများဇာတ်ပွဲ ဆိုတဲ့ဆိုင်းဘုတ်ပဲ။ သူအရမ်းအံ့သြသွားတာပေါ့။ ဘာတွေထူးခြားလို့ ဒီလောက်လူတိုးနေရတာလည်းသူသိချင်ပေမယ့် မျောက်ဇာတ်ပွဲက လက်မှတ်ပိတ်လိုက်ပါပြီတဲ့။ သူ့ရဲ့မကျေမနပ်စိတ်က မထွတ်အထိပ်ရောက်သွားတယ်။ နောက်နေ့ လက်မှတ်ရအောင်ဝယ်ပြီး ကြည့်ဖြစ်အောင်ကြည့်မယ်လို့ကြုံးဝါးလိုက်သေးတယ်။

တဖက်က ငညစ်ကလည်း သူ့လုပ်ရပ်အောင်မြင်လို့ ပျော်ရွှင်မြူးတူးနေတာပေါ့လေ။ သူက မျောက်တွေကို လူတွေကတဲ့ပုံနဲ့ တထပ်တည်းကခိုင်းတယ်။ မျောက်တွေကလည်း လူနဲ့တူအောင်လိုက်ကကြတယ်။ ပရိတ်သတ်က တဝါးဝါးနဲ့ သြဘာပေးကြတာပေါ့လေ။ ပရိတ်သတ်ဆိုတာကလည်း နှစ်တ်ုင်း ဒီလူတွေပဲမြင်နေရတော့ ဒီနှစ်အပြောင်းအလဲဖြစ်အောင် မျောက်ပွဲပဲကြည့်တော့မယ်လို့ဆုံးဖြတ်ထားပုံပဲ။ လက်ခုပ်တွေတဖြောင်းဖြောင်းပေါ့။ ဒါပေမယ့် ငညစ်က မကျေနပ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဟိုဘက် ဇာတ်အဖွဲ့ထဲမှာ လူတဝက်ရှိနေသေးလို့ပဲ။ သူလိုချင်တာက ဇာတ်အဖွဲ့ကို လူတစ်ယောက်တောင်မကြည့်တဲ့ အဖြစ်မျိုးဆိုတော့ နောက်အကြံတစ်ခုထုတ်ရတာပေါ့။နောက်တနေ့တော့ မျောက်သီချင်းဆိုပွဲ။ ပထမရက်ကလိုပဲ လူတွေကျိတ်ကျိတ်တိုးပေါ့။ ဟိုဘက်ဇာတ်အဖွဲ့ကတော့ ပရိတ်သတ်တော်တော့်ကိုနည်းသွားပြီ။ ငညစ်ပျော်ပြီလေ။ ဒါပေမယ့်မကျေနပ်သေးဘူး။ နောက်ဆုံးတညမှာ ငညစ်ကဆိုင်းဘုတ်မှာ ကြေငြာလိုက်တယ်။ ပရိတ်သတ်ကြီးက မျောက်တွေကို အဆဲတောင်းနိုင်ပါကြောင်း။ မိမိဆဲစေချင်သူကိုလည်း နာမည်တပ်ပြီး ဆဲပေးကြောင်း ။ ဆဲနည်းပေါင်းစုံရှိပြီး သူ့မျောက်တွေမဆဲနိုင်ပါက သူကငွေပေးလျော်မည်ဖြစ်ကြောင်း။ ကြေငြာပြီး နောက်ဆုံးနေ့ကို ရုံဝင်ကြေး အခမဲ့ကြေငြာလိုက်တယ်။ ဇာတ်ရုံကိုလည်း ဖွင့်ပေးလိုက်တယ်။ ပရိတ်သတ်ဆိုတာ မြင်မကောင်းဘူးပေါ့။ ရွာနီးချုပ်စပ်အကုန်လာကြည့်ကြတော့ ကွင်းလုံးပြည့်ရုံလုံးပြည့်ပေါ့။ ဟိုဘက်ဇာတ်ရုံထဲမှာ ပရိတ်သတ်ဆို တစ်ယောက်မှမရှိတော့ဘူး။ ဇာတ်အဖွဲ့သားတွေကလည်း လက်မှိုင်ချပြီးမျောက်ပွဲပဲ ထိုင်ကြည့်နေလိုက်ရတော့တာပေါ့။ မတတ်နိုင်ဘူးလေ။
အဲ့ဒီ့မှာ မျောက်တွေကို အဆဲတောင်းတာဆိုတာ သူ့ထက်ငါ အလုအယက်ပဲ။ ဟိုလူ့ကိုဟိုလိုဆဲပေးပါအုံး။ ဒီလူ့ကို ဒီလိုဆဲပေးပါအုံးနဲ့ ပွက်ပွက်ညံနေတော့တာပဲ။ ကိုယ်မကျေနပ်တဲ့လူတွေနာမည်ကိုချည်း မျောက်တွေက ပယ်ပယ်နယ်နယ်ဆဲပေးကြတာဆိုတော့ မျောက်ပွဲလာ ပရိတ်သတ်က လက်ခုပ်တဖြောင်းဖြောင်းဖြစ်နေတော့တာပေါ့။ ဆဲနည်းတွေကလည်း တခါမှမကြားဖူးတဲ့ ဆန်းသစ်တီထွင်တဲ့အဆန်းဆဲနည်းတွေချည်းပဲဆိုတော့ ပရိတ်သတ်က ဘဝင်ခွေ့နေတာပေါ့ဗျာ။

တဖက်ဇာတ်ပွဲက မင်းသားမင်းသမီးတွေခင်မျာမှာလည်း စိတ်ဓါတ်တွေကျကြတာပေါ့။ မျောက်တွေဆဲသလိုလည်း သူတို့ကပြန်မဆဲနိုင်။ မျောက်ဆိုတော့ သိတဲ့အတိုင်း ကွိကွအုပ်လိုက်သောင်းကျန်းကြတာဆိုတော့ သူတို့ကြောက်တာပေါ့။ မတော် မျက်နှာတွေလာကုတ်ရင် ဘယ်နှယ့်လုပ်မလဲ။

အဲ့လိုနဲ့ပဲ။ နောက်ဆုံးတော့ နာမည်ကြီးဇာတ်အဖွဲ့ဟာ မြို့ကြီးတမြို့ကိုပြောင်းရွေ့ပြီး မြို့ပေါ်မှာပဲ လူဇာတ်ကြိုက်တဲ့လူတွေကို ဖျော်ဖြေနေရတော့တယ်။ မျောက်တွေကတော့ ရွာတွေမှာသောင်းကျန်းတုန်းပဲလေ။မျောက်တွေကြီးစိုးတဲ့ အဲ့ဒီ့ရွာတွေကိုတော့ ဘယ်လူမှရောက်မလာတော့တာဒီနေ့အထိပဲဆိုပါတော့ဗျာ။ သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့။

(2016 လောက်ကရေးဖူးတဲ့ စာလေးပါ)

စုမွန်သွယ်
MSU - 056

image source

kbl1392798554.jpg

မျောက်ဇာတ် | Ecency