သီချင်းတွေကို ကိုယ်မဆိုဖြစ်တော့တဲ့အကြောင်း (၁)

sumonthwe(34)
Published in
#msu
Words
512
Reading
3 min
Listen
Play
8y

တကယ်တော့ သီချင်းဆိုရတာရော နားထောင်ရတာကိုပါ ကိုယ်ကြိုက်နှစ်သက်ပါတယ်။
လူတော်တော်များများလည်း ကြိုက်နှစ်သက်ကြမှာပါ။ ခပ်ငယ်ငယ်ကဆိုရင် ကိုယ်တိုင်သီချင်းရေး ကိုယ်တိုင်သံစဉ်ထည့်ပြီး တကိုယ်တည်း တိတ်တိတ်လေးဆိုခဲ့ဖူးတဲ့ သီချင်းတွေဆိုတာ အပုဒ်နှစ်ဆယ်လောက်ရှိတယ်။ ဘယ်သူမှ မသိခဲ့ဘူး။ တိုးတိုးတိတ်တိတ်လေးပဲ။ ပြောချင်တာက ကိုယ်ရဲ့ဝါသနာ။ သီဆိုမြူးတူးနေရတာကို ကိုယ်သဘောကျတာ။ နောက်တခုက ကိုယ်ကသီချင်းဆိုရင် သံစဉ်တင်မက စာသားကိုပါ လိုက်ပါ ခံစားတတ်တယ်။ သီချင်းအများစုရဲ့စာသားတွေကလည်း ဝမ်းနည်းအားငယ်ဖို့ကောင်းတဲ့ တကယ့်အဖီးလ်တလိုင်းတွေ မဟုတ်လား။ အဲ့တော့ မရှိရှိတာ ရှာကြံပြီး ဖီးလ်ရတာပဲ။ ကိုယ်က ရော့ဂီတအပြင် ပေါ့ပ်တို့ ဟစ်ဟော့တို့လည်း နားထောင်တယ်။ ကန်းထရီးစတိုင်လေးတွေလည်းကြိုက်တယ်။ အဓိကက စာသားလေးတွေက ရင်ကိုထိတယ်ဆိုရင် ဘယ်သီချင်းကိုမဆို ကြိုက်တယ်။ ဒါပေမယ့်ပေါ့လေ ကိုယ်အခုနောက်ပိုင်းမှာ သီချင်း လုံးဝမဆိုဖြစ်တော့ဘူး။ လုံးဝဆိုလုံးဝကိုမဆိုတော့တာ။ သီချင်းမဆိုတော့တာတင်မကဘဲ သီချင်းတွေလည်း နားမထောင်ဖြစ်တော့ဘူး။ အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ ကြောက်စိတ်ကြောင့်ပဲ။ သီချင်းဆိုရင် စာသားတွေအပေါ်မှာ အရမ်းခံစားစိတ်နှစ်တတ်လွန်းတဲ့ ကိုယ့်အတွက် နောက်ပိုင်းမှာ သီချင်းတွေကို ဆိုဖို့ရော နားထောင်ဖို့ပါကြောက်တတ်သွားတော့တယ်။ အဲ့ဒါကတော့………

-- အကြောင်းအရာတွေက တခုတည်းမဟုတ်ဘူး။ တိုက်ဆိုင်တာတွေအရမ်းများလာတဲ့နောက်ပိုင်း ကိုယ်သီချင်းတွေမဆိုဖြစ်တော့ဘူး။ ကိုယ်ခပ်ငယ်ငယ်တုန်းက ကဗျာဘွဲ့မှူးဆိုတဲ့ ခရစ်စမတ်ရောက်မှာကြောက်တယ် ဆိုတဲ့သီချင်းလေးကို အင်မတန်စွဲလမ်းခဲ့ဖူးတယ်။ အဲ့ဒီ့သီချင်းထဲမှာ အရက်သောက်တာ မကြိုက်တဲ့မေမေ အပေါင်းအသင်း သိပ်များတဲ့ဖေဖေ သူတို့နှစ်ယောက်ကိုချစ်တဲ့ကျနော် ခရစ်စမတ်မှာပြဿနာပေါ်………
………………………… ခရစ်စမတ်ရောက်မှာကြောက်တယ် ခရစ်စမတ်ရောက်ရင် မသောက်နဲ့ဖေဖေရယ် ဆိုတဲ့စာသားလေးတွေပါတယ်။ ပြောရရင် အိမ်ထောင်ရေး အဆင်မပြေတဲ့ ကိုယ့်မိဘတွေရဲ့ အခြေအနေတွေနဲ့ တိုက်ဆိုင်ထပ်တူကျလွန်းလှတဲ့ အဲ့ဒီ့သီချင်းလေးဟာ ကိုယ့်ရင်ကို လှုပ်ခါနိုင်စွမ်းပြင်းခဲ့တယ်။ အချိန်တိုင်းလိုလိုမှာ အဲ့ဒီ့သီချင်းလေးကို ကိုယ်ဆိုညည်းခဲ့တယ်။ အမေကတောင်ပြောတယ်။ ကျက်သရေမရှိတဲ့သီချင်းတဲ့။ ကိုယ်ဂရုမစိုက်ခဲ့ပါဘူး။ အဲ့လိုနဲ့အချိန်ကြာလာတာနဲ့အမျှ ကိုယ့်မိဘတွေရဲ့အနေအထားတွေဟာ ပိုပိုပြီးဆိုးရွားလာခဲ့တယ်။မြေဇာပင်ဖြစ်တဲ့ကိုယ်ဟာ နေ့စဉ်တင်မက ညစဉ်ပါခေါင်းအုံးနဲ့မျက်နှာအပ်ပြီး ငိုခဲ့ရတယ်။ ဘုရားသခင်ဆီမှာလည်း တောင်းလိုက်ရတဲ့ဆုဆိုတာ မနည်းမနော။ နောက်တော့ ကိုယ်ပြန်စဉ်းစားတယ်။ ကိုယ်နေ့တိုင်း ဆိုနေတဲ့သီချင်းကြောင့်များလားပေါ့လေ။ အဲ့လို စဉ်းစားမိပြီး ကိုယ်သီချင်းဆိုတာ ရပ်လိုက်တယ်။ ရပ်လိုက်တယ်ဆိုတာ အဲ့ဒီ့သီချင်းကိုမဆိုတော့တာကိုပြောတာ။ အဲ့ဒီ့ ခရစ်စမတ်ရောက်မှာကြောက်တယ်ဆိုတဲ့ သီချင်းကို မဆိုတော့ဘူး။ မေ့ပစ်လိုက်တယ်။ ဒါပေမယ့် နေ့တိုင်း စွဲလမ်း သီဆိုခဲ့တဲ့စာသားတွေက အာရုံထဲမှာ တဝဲလည်လည်နဲ့ တော်တော်နဲ့မပျောက်ခဲ့ဘူး။ နောက်တော့လည်း တဖြည်းဖြည်း တခြားအရာတွေနဲ့ အစားထိုးလိုက်ရတာပါပဲ။ အဲ့ဒီ့မှာ သတိထားမိလာတာက အဖေနဲ့အမေရဲ့ရန်ပွဲဟာ သိသိသာသာလျော့ကျသွားတာပါပဲ။ တိုက်ဆိုင်မှုလေလားပေါ့။ အဲ့လိုနဲ့ပဲ အဲ့ဒီ့သီချင်းလေးဟာ ကိုယ့်ရဲ့အသိစိတ်ထဲမှာ လုံးဝကိုပျောက်ကွယ်သွားတော့တယ်။

-- နောက်တခါ ကိုယ်အပျိုပေါက်အရွယ်တုန်းကပေါ့။ ကိုယ်တွေအဖွားတွေခေတ်မှာ ခေတ်စားခဲ့တဲ့သီချင်း ချစ်ကုမ္ပဏီဆိုတာလေ ကိုယ့်မှာအရူးအမူးစွဲလမ်းခဲ့ရတာပေါ့။ အားနေရင် အဲ့သီချင်းပဲပါးစပ်ကထွက်နေတာ။ ရှေးသီချင်းဆိုပေမယ့် အတော်ကိုဆိုလို့ကောင်းတာ။ သီချင်းစာသားတွေကလည်း တကယ့်ကို အရသာရှိတယ်။ အဲ့ဒီ့စာသားတွေထဲမှာ '' ပိုစတာကပ်မယ် လမ်းလည်ခေါင် ချစ်သူအလိုရှိသည် ပုံ ဒေါင်းညွန့်ရီ။ လျှောက်လွှာရှင်ဦးသူရွေးမည် နောက်ကျရင် နိုးဗေကန်စီ ……………… အပလီကေးရှင်းလေးနဲ့ လာပြီလာပြီ ကျနော့်ကိုချစ်ပါဆိုနေပြန်သည် သူ့ကိုချစ်ပါဆိုနေပြန်သည်။ ………………………… မယားနဲ့လူပျိုတွေ သွားသွားသွား …… သားနဲ့လူပျိုတွေ သွားသွားသွား ………… ကျမအမျိုးသားက ရိုးသားရမည် နိုးကြားရမည် ကြိုးစားရမည် '' ဘာညာ အဲ့လိုလေးတွေပါတယ်။ အပျိုပေါက်ဖြစ်တဲ့ကိုယ့်မှာ အဲ့ဒီ့သီချင်းလေးကို သဘောတွေကျတာမပြောပါနဲ့တော့။ အဲ့သီချင်းလေးက ကိုယ့်အဖွားခေတ်ကဆိုပေမယ့် ကိုယ့်အမေတို့လက်ထပ်မှာလည်း ဆိုကြတုန်းဆိုတော့ ကိုယ့်အမေကတဆင့် ကိုယ့်ပါးစပ်ထဲလည်း အဲ့ဒီ့သီချင်းရောက်ခဲ့ရတယ်။ ဆိုဟန်ကမြူးတော့ ကိုယ့်မှာဟန်နဲ့ပန်နဲ့ကိုဆိုတာ။ အဲ့လို။ အဲ့လိုတွေဆိုပါများတော့ ဘာဖြစ်လာသလဲဆိုရင် နမိတ်လို့ပဲပြောရမလားပဲ။ အပျိုပေါက်လေးကိုယ့်ကို ကမ်းလှမ်းကြတဲ့ ချစ်သဝဏ်တွေဆိုတာ နည်းမှမနည်းပဲ။ ကျောင်းတက်နေတဲ့ကိုယ့်ကို လမ်းကတမျိုး အိမ်ရှေ့ကတမျိုး ကျောင်းရှေ့ကတမျိုး ချစ်စာကြိုက်စာတွေပေးကြတာဆိုတာမြင်မကောင်းဘူး။ ကိုယ်ဆိုတာက မွေးချင်းအကိုအရင်းသာမရှိတာ တဝမ်းကွဲအကိုတွေက အများသားမဟုတ်လား။ အဲ့တော့ ယောက်ျာလေးကိစ္စဘာညာဖြစ်ရင် အရမ်းရင်တုန်တာ။ သူများတွေလို ငါ့ဘယ်သူလိုက်တယ်လို့ မကြွားရဲဘူး။ အိုးစားကွဲမယ့်အလုပ်လေ။ ကံဆိုးချင်တော့ ကိုယ့်နောက်လိုက်တဲ့ ငနဲတွေထဲမှာ အိမ်ထောင်သည်တွေလည်းပါနေတာပဲ။ ကျောင်းကဆင်းပြီဆိုတာနဲ့ ကိုယ့်မှာ ကျီးကန်းတောင်းမှောက် ဘေးဘီကြည့်ပြီး အိမ်ကိုသုတ်ခြေတင်ရတာပဲ။ မတော် စာလာပေးနေတုန်း အကိုတယောက်ယောက်မြင်သွားရင် မရုမလှအဆူခံရအုံးမှာမဟုတ်လား။ အဲ့တော့ကြောက်ကြောက်နဲ့ ရင်ခုန်ပြီးအိမ်ပြန်ရတာပဲ။ အဲ့လိုနေလာရင်းနဲ့ တနေ့တော့ ဘယ်ကဘယ်လိုကြားသလဲမသိ ။ အကိုငယ်က အမေ့ကိုလာပြောတယ်။ ကိုယ့်နောက်ကို ဘဲတွေအများကြီးလိုက်ချောင်းနေကြောင်း အန္တရာယ်များကြောင်း။ အမေကဆူပါလေရော။ ကိုယ့်မှာလေ ကြောက်တာဒူးတွေကိုတုန်လို့။ လိုက်တဲ့လူတွေထဲမှာ အိမ်ထောင်သည်တွေပါ ပါတယ်ဆိုတော့ ဒေါသပုန်ထလိုက်ကြတာဆိုတာ မပြောပါနဲ့တော့။ အဲ့ဒီ့မှာလေ ကိုယ့်အတွက်သေရာပါစကားတခွန်းကို အမေကပြောခဲ့တယ်။ နင့်မျက်နှာကို အက်ဆစ်နဲ့ပက်ထားချင်တယ် တဲ့လေ။ ကိုယ်လည်းမကျူးလွန်ရပါဘဲနဲ့ ကိုယ့်ကိုအပြစ်ပုံချနေတဲ့ အကိုတွေနဲ့ကိုယ့်မိဘတွေကို စိတ်နာခဲ့ရတယ်။ အမှန်က ကိုယ်လှလို့ ချောလို့မဟုတ်ဘူး။ အပျိုလူပျိုအရွယ်တွေမှာဖြစ်တတ်တဲ့ ဆန်းတမျိုးက ကိုယ့်ဆီကိုစောစောစီးစီးရောက်ခဲ့လို့ပဲ။

အဲ့ဒီ့ရက်တွေဟာ ကိုယ်လိုအပျိုဖြန်းလေးအတွက်တော့ ကမ္ဘာပျက်မတတ်နေ့ရက်တွေပဲ။ နောက်တော့ ကျောင်းအသွားအပြန်ကို အကိုတွေက အလှည့်ကျ စက်ဘီးနင်းပြီး လိုက်ပို့ရတဲ့ဘဝရောက်သွားတယ်။ စိတ်ကျဉ်းကျပ်ပြီး စာမသင်ချင်လောက်အောင်ကို မွန်းပိတ်လှောင်ခဲ့ဖူးတဲ့နေ့ရက်တွေပါပဲလေ။ တနေ့တော့ ပန်းကန်ဆေးနေရင်း ချစ်ကုမ္ပဏီသီချင်းဆိုနေတဲ့ကိုယ့်ကို အမေကနောက်ကနေလှမ်းအော်တယ်။ နိမိတ်မရှိနမာမရှိသီချင်းတွေ မဆိုစမ်းနဲ့တဲ့။ မယားနဲ့လူပျိုတွေ သားနဲ့လူပျိုတွေ သိပ်လိုချင်နေတာလားဟမ် တဲ့။ အဲ့ဒီ့သီချင်းလေးဟာ ကိုယ့်အတွက်တော့ မျက်ရည်နဲ့ရင်းပြီးမေ့ပစ်လိုက်ရတဲ့ အမှတ်တရတခုပါပဲ။

-- နောက်တခုက စိုင်းထီးဆိုင်ရဲ့ အချစ်ထောင်ဆိုတဲ့သီချင်း။ ကိုယ်ဆိုတာကလည်းလေ ဘာရယ်မဟုတ်ဘူး။ သီချင်းတပုဒ်ကြိုက်ပြီဆို သွားသွားစားစား ပါးစပ်ထဲ ဒီသီချင်းပဲညည်းနေတတ်တာမျိုး။ အားနေရင် ပါးစပ်က အချစ်ထောင် အချစ်ထောင်နဲ့အော်နေမိတာပဲ။ ကိုယ့်ရဲ့ပါးစပ်ကပဲနိမိတ်တွေစီးဆင်းနေလေသလား။ ကိုယ်ကပဲ ကံဆိုးမှုတွေကိုသယ်လာမိတဲ့ စေတန်ရဲ့ညာလက်ရုံးဖြစ်နေသလားမပြောတတ်ဘူး။ အဲ့ဒီ့အချစ်ထောင်ဆိုတဲ့သီချင်းကို ကိုယ်စွဲစွဲမြဲမြဲဆိုနေခဲ့တာ တလလောက်လည်းကြာရော ကိုယ့်အဖေက ထောင်ကျပါလေရော။ အမှုကတော့ ၃၀၇။ အမှန်က ထောင်ဖမ်းခံရတာပေါ့လေ။ ထောင်ကျတာက သုံးလဆိုပေမယ့် ကိုယ်တွေမိသားစုကတော့ ဘဝတွေပျက်မတတ်ကိုဖြစ်သွားတယ်။ တရားခံကကိုယ်။ အမေကပြောတယ်။ နင်သီချင်းတွေဆိုရင် နိမိတ်မရှိတာတွေဆိုတာလေတဲ့။ ကျက်သရေမရှိတာတွေဆိုလို့ ပါးစပ်စီးပြီး ကံဆိုးကြတာတဲ့။ အံ့သြထိတ်လန့်မှုတွေဟာ ကိုယ့်အတွက်တော့ အံ့မခန်းပါပဲ။ ဘယ့်နှယ် ကိုယ့်ကြောင့်ပဲအရာရာဟာ ကံဆိုးခဲ့လေသလားပေါ့။ အဲ့ဒါတွေဟာ ကိုယ့်ငယ်ဘဝက အမှတ်တရ ဒဏ်ရာတွေပဲ။ အဲ့တော့ သီချင်းတွေကို စွဲစွဲလန်းလန်းသီဆိုဖို့ပဲဖြစ်ဖြစ် နားထောင်ဖို့ပဲဖြစ်ဖြစ် ကိုယ်ကြောက်လာတယ်။ ဒါပေမယ့်လေ ကိုယ်ဆိုတာ အမှတ်မရှိတဲ့ သည်းခြေမဲ့လူသားတဦးပါပဲ။

-- အဲ့ဒီ့လိုနဲ့ ဘယ်သီချင်းကိုမှ အတည်တကျစွဲလမ်းတာမျိုးမရှိတော့ဘဲ ဟိုသီချင်းကြားဟိုသီချင်းဆို ဒီသီချင်းကြားဒီသီချင်းညည်းနဲ့ ဖြတ်သန်းလာလိုက်တာ တက္ကသိုလ်စတက်တဲ့အချိန်ကိုရောက်လာပါလေရောလား။ တက္ကသိုလ်စတက်တော့ ကိုယ့်ရဲ့သီချင်းစွဲလမ်းမှုပြဿနာဟာ ထပ်နိုးကြားလာခဲ့တယ်။ မိဘတွေကလည်း ကိုယ့်ရဲ့တယူသန်အကျင့်ကိုမကြိုက်လို့ ခနခနဆူတယ်။ ပတ်ဝန်းကျင်မှာ နေသားမကျလာတဲ့အခါ ကိုယ်ဟာစိတ်ဓါတ်ကျလာတယ်။ အားငယ်လာတယ်။ အဲ့တော့ သီချင်းတွေဆိုတယ်။ ရင်ထဲကိုထိတဲ့ သီချင်းတပုဒ်က စိုင်းထီးစိုင်ရဲ့ သီချင်းပဲ။ စိုင်းထီးဆိုင်ဆေးမှုနဲ့ထောင်ကျတုန်းကဆိုတဲ့သီချင်းဆိုလား သေချာမသိဘူး။ '' ဆန္ဒရယ် လိုလားမှုရယ် ထာဝစဉ်မျှော်လင့်လျှက်စောင့်နေလည်း ကံခေတော့ဝေးရောပေါ့ အချစ်ရယ် လူတကာတွေပျော်နေချိန်မှာ လူတကာတွေမြူးနေချိန်မှာ ငါ့ဘဝတော့လေ အမှောင်ထုရဲ့အရိပ်အောက်မှာ ကျနေပြီပဲ။ ………… ဖြစ်သမျှအကြောင်းတွေရင်နာမိလည်းဘမထူးခြားတော့ပြီပဲ။ ဝမ်းနည်းမိတယ် ရင်နာမိတဲ့ငါ့ဘဝတလျှောက်မှာလေ '' အဲ့ဒီ့သီချင်း။ ကိုယ့်ရဲ့စွဲလမ်းမှုဟာ တစစကြီးလာပြီးတဲ့နောက်တော့ ကိုယ့်မှာပြဿနာတခုဖြစ်လာတော့တယ်။ အဲ့ဒါကတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတည်ထောင်မှုမှာ အလုပ်အမှုဆောင်ဥက္ကဌရာထူးနဲ့ စာရွက်တွေဝေခဲ့တဲ့ကိုယ်တို့သူငယ်ချင်းတသိုက်ကို ထောက်လှမ်းရေးက စစ်ကြောရေးပို့လိုက်တာပါပဲ။ ပထမတော့ တည်ထောင်သူ ကိုးဦးထဲမှာ ရှစ်ဦးကိုအရင်ဖမ်းတယ်။ နောက်ဆုံးတယောက်ဖြစ်တဲ့ ကိုယ့်ကိုတော့ တည်ထောင်တဲ့ထဲမှာ မိန်းကလေးတယောက်တည်းပါတာဆိုတော့ ခေါင်းဆောင်ဖြစ်ရမယ်ထင်ပြီး လူအုပ်အများကြီးနဲ့ စောင့်ဖမ်းကြတယ်။ အဲ့ဒါက ဂျူလိုင်၁၈ရက်နေ့ ည ကိုးနာရီပဲ။ မူရင်းစာရွက်ဟာ ကိုယ့်လက်ထဲမှာမရှိတော့ဘဲ ကိုယ့်အဖေကိုပေးထားနှင့်ပြီးသားဖြစ်နေတော့ ထောက်လှမ်းရေးတွေ ဘယ်လောက်ရှာရှာ ရှာမတွေ့ခဲ့ဘူးပေါ့။ တအိမ်လုံးကို စိတ်ကြိုက်ရှာဖွေ မွှေနှောက်ပြီးတဲ့နောက်မှာတော့ ရပ်ကွက်ရုံးကနေတဆင့် ကိုယ့်ကိုဖမ်းဆီးခေါ်ဆောင်သွားကြတော့တယ်။ ရှေ့မှာဆိုင်ကယ်နှစ်စီး အလယ်မှာ ကိုယ်ကိုတင်ခေါ်လာတဲ့ကား ပြီးတော့အနောက်မှာ ဆိုင်ကယ်တစီး။ ကိုယ့်ကိုတင်လာတဲ့ကားထဲမှာလည်း ရဲမေတွေရော ရဲအရာရှိတွေရောပါတယ်။ တက္ကသိုလ်ပထမနှစ်ကျောင်းသူလေးကိုယ်ဟာ မျက်နှာကိုအဝတ်အုပ်ပြီး ဘယ်မှန်းမသိတဲ့နေရာတခုကို ခေါ်ဆောင်ခြင်းခံခဲ့ရတယ်။ အခန်းကျယ်ကျယ်ထဲမှာ ထိုင်ခုံတလုံး စားပွဲတလုံး။ ဘေးပတ်ပတ်လည်က အုတ်တံတိုင်း။ ခပ်လှမ်းလှမ်းမြင့်တဲ့နေရာမှာ သံတိုင်တွေ။ တညလုံး တယောက်ပြီးတယောက်စစ်ဆေးမေးမြန်းကြတာ ကိုယ်ဟာ ဂယောင်ဂတမ်းတွေကိုဖြစ်လို့။ တယောက်ကစစ်ပြီးလို့ နောက်တယောက်လာချိန်ကို အမှောင်ခန်းကြီးထဲမှာ ခြောက်ခြောက်ခြားခြားထိုင်စောင့်ခဲ့ရတယ်။ အားငယ်သလိုလို ငိုချင်သလိုလို။ အဲ့ဒီလိုစစ်ကြတာ စစ်ကြတာ မနက်လင်းခါနီးလည်းရောက်ရော ခနနားကြတယ်။ တညလုံးမအိပ် မစားခဲ့တဲ့ဒဏ်ရော တချက်မရွေ့ဘဲထိုင်ခဲ့ရတဲ့ဒဏ်ရော ကြောက်တာရောပေါင်းပြီး ကိုယ့်တကိုယ်လုံးဟာ ထုံကျင်ကိုက်ခဲလာတယ်။ အဲ့ဒီ့ညမှာလည်းမှောင်မည်းမည်းအခန်းထဲမှာ တယောက်တည်း။ ဘုရားစာတွေဘာတွေသတိရရမယ့်အစား စိုင်းထီးဆိုင်ရဲ့သီချင်းလေးကိုပဲ သတိရသွားတယ်။ '' လူတကာတွေပျော်နေချိန်မှာ လူတကာတွေမြူးနေချိန်မှာ ငါ့ဘဝတော့လေ အမှောင်ထုရဲ့အရိပ်အောက်မှာ မျက်ရည်လည်လည် '' ပါးစပ်ထဲကိုရောက်လာတဲ့စာသားလေးဟာ ကိုယ့်ရင်ကိုဆွဲကိုင်လှုပ်လိုက်တာများ ဒိန်းကနဲပဲ။ အဲ့ဒီ့နေ့ဟာ ဂျူလိုင် ၁၉။ သူငယ်ချင်းတွေစုပြီး ပျော်ပွဲစားထွက်ဖို့ချိန်းထားကြတာ။ ကိုယ်မလိုက်နိုင်တော့ဘူး။ အဲ့ဒီ့အချိန်မှာ တကယ်ပဲဘုရားတ မိတော့တယ်။ ကိုယ့်ပါးစပ်စီးခဲ့ပြန်ပြီတဲ့လား။ အဲ့ဒီလိုနဲ့ ဆယ်ရက်လောက်ကြာတော့ကိုယ့်ကိစ္စအဝဝပြီးသွားတယ်။ အဲ့ဒီ့ကစလို့ အဲ့ဒီ့သီချင်းကိုလည်း ကိုယ်မေ့လိုက်ရတော့တယ်။ တစွန်းတစတောင်မဆိုမိတော့အောင် မေ့လိုက်ရတော့တယ်။

စုမွန်သွယ်

MSU - 067

Photot credit
https://savedlove.wordpress.com/2014/12/24/28-lonely-or-sad-christmas-songs-for-singles/

lonely-christmas.jpg

Photo Source

သီချင်းတွေကို ကိုယ်မဆိုဖြစ်တော့တဲ့အကြောင်း (၁) | Ecency