စိတ်တစ္ဆေ (2)

sumonthwe(34)
Published in
#msu
Words
264
Reading
2 min
Listen
Play
8y

သူငယ်ချင်းများကတော့ မရိပ်မိကြ။ အိပ်ယာထဲရောက်မှ ကိုအောင့်ကိုပြောပြရသည်။ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်မှုတ်တုန်းကတခါ မီးငယ်ဘေးမှာ လူတယောက်အတူမီးမှုတ်နေသလိုခံစားရကြောင်းနှင့် ပန်ကန်ပြားတချပ်လိုတဲ့ကိစ္စ ပြောပြတော့ ကိုအောင်က စိတ်ထင်တာဖြစ်မှာပါဟုပြောသည်။ ကိုအောင့်ကိုကြည့်ရသည်မှာ မနက်ဖြန်ခရီးထွက်မှာကိုပဲ ရင်ခုန်စိတ်လှုပ်ရှားနေပုံရသည်။ မနက်စောစောသွားရမှာမို့ ဒီညကိုစောစောအိပ်ကြမယ်ဟုပြောသည်။ ကျန်တဲ့သူငယ်ချင်းများကတော့ အသီးသီးအိပ်ယာခင်းပြီး အိပ်ကုန်ကြပြီ။ ကိုအောင့်ကိုကြည့်တော့လည်း မျက်လုံးမှိတ်ကာ အိပ်ပျော်နေလေပြီ။ မအိပ်နိုင်သည်မှာ မီးငယ်တယောက်သာ။ တစုံတခုဖြစ်နေသည်ကိုမီးငယ်ကောင်းကောင်းသိသည်။ စဉ်းစားမရ။ ဘာဖြစ်နိုင်မလဲ။ စဉ်းစားရင်းသာခေါင်းမူးလာသည်။ ဟိုဘက်စောင်းလိုက်ဒီဘက်စောင်းလိုက်ဖြင့် အချိန်ကုန်ခဲ့သည်။ မနက်လေးနာရီခန့်တွင် ဖုန်းများမှ အလှည့်ကျ အလန်းမြည်လာကြသည်။ မနိုးမှာစိုး၍ အယောက်စေ့ဖုန်းကိုအလန်းပေးထားသောကြောင့် မနက်လေးနာရီခန့်တွင် ဖုန်းအလန်းများဖြင့်ဆူညံ့နေတော့သည်။ လူုခြောက်ယောက် ဖုန်းခြောက်လုံးရဲ့ အော်မြည်သံက အားလုံးကို အားလုံးအိပ်ယာမှထ၍ တက်ကြွစေသည်။ ရေချိုးရန်ပြင်ကြသည်။ စကားသံများဖြင့်ဆူညံနေပြီး အားလုံးတက်ကြွနေကြသည်။ မီးငယ်ကတော့ မအိပ်ထားသောကြောင့် ခေါင်းထဲမှာ မူးနောက်ရီဝေနေသည်။ ' မိန်းကလေး တွေရေအရင်ချိုးကြ '
ကိုအောင်ကအော်ပြောသည်။ ကိုအောင်တို့ယောက်ျားလေးသုံးယောက်ကတော့ အိမ်ရှေ့ဝရန်တာထွက်၍ဆေးလိပ်သောက်ကြ စကားပြောကြဖြင့် မီးငယ်တို့မိန်းကလေးများရေချိုးပြီးသည်ကိုစောင့်နေကြသည်။ မီးငယ်တို့မိန်းကလေးသုံးယောက်စလုံး ရေချိုးခန်းအတွင်းပြိုင်တူချိုးကြသည်။ ရေချိုးပြီးသည်နှင့် တဘက်များခြုံကာရေချိုးခန်းမှအထွက်တွင် ရေချိုးခန်းတံခါးခေါက်သံကြားရသည်။ စန္ဒာက တံခါးဘုသီးကိုလှည့်ပြီးအဖွင့်တွင် ရိပ်ကနဲပြေးသွားသော လူ အရိပ်တခုကိုတွေ့လိုက်ကြသည်။မီးငယ်တို့ ရေချိုးတာကြာ၍ သူတို့ယောက်ျားများ တံခါးလာခေါက်သည်ဟုပင် ထင်လိုက်ကြသည်။ သို့သော် ထိုသို့ မထင်သည်မှာ မီးငယ်တယောက်သာရှိသည်။ မနေ့ကတည်းက တခုခုမှားနေသလိုခံစားခဲ့ရသည်မဟုတ်ပါလား။
မီးငယ်တို့အလှပြင်နေချိန်တွင် ကိုအောင်တို့ အိမ်ထဲဝင်လာကြသည်။ စန္ဒာကသူ့ယောက်ျားကို မျက်လုံးပြူးကြည့်ပြီး
' ခုနက ဘာလို့တံခါးလာခေါက်တာလဲ။ ပြီးရင်လှမ်းခေါ်မှာပေါ့ ' လို့ရန်တွေ့သည်။ ထိုအချိန်မှာပဲ အားလုံးက တယောက်မျက်နှာတယောက်ကြည့်ပြီး မျက်လုံးဖြင့် မေးခွန်းထုတ်နေကြသည်။ စန္ဒာ့ယောက်ျားက ဝေခွဲမရသောမျက်နှာထားဖြင့်
' ငါတို့သုံးယောက်လုံး အခုမှ အိမ်ထဲဝင်လာတာ 'ဟု ခပ်လေးလေးပြောသည်။ သူပြောမှပင် အားလုံးက ထိတ်လန့်ပြီး ငြိမ်သွားကြသည်။ ကိုအောင်သည်လည်း မျက်နှာမှာ အဖြေရှာမရသောအရိပ်အထင်းသားတွေ့ရသည်။ ကိုအောင်တို့ သုံးယောက်စလုံးလည်း တခုခုဖြစ်နေကြသလိုပင်။ မီးငယ်က ရင်တထိတ်ထိတ်ခုန်နေသည်။ ညကတည်းက ကိုအောင့်ကိုပြောပြထားသည်မဟုတ်ပါလား။ အားလုံးရဲ့စိတ်ထဲတွင် တစုံတခုဖြစ်နေသည်ဆိုတာကို ခံစားနေရသည်။ ကိုယ်စီကိုယ်စီ စိတ်မသန့်မှုဖြစ်နေကြသည်မဟုတ်လား။ ထိုအချိန်တွင် ကိုအောင်က ' ကဲ မီးငယ်တို့ စန္ဒာတို့ ရီမြင့်တို့ ခနလာထိုင်အုံး ' ဟု စကားဆိုလာသည်။ မီးငယ်ကဘစိတ်ထဲ ဇဝေဇဝါဖြစ်တာကလွဲလို့ ဘာမှ မဖြစ်ပေမယ့် စန္ဒာရော ရီမြင့်ရော ကြောက်ဒူးတုန်နေကြသည်။ ခုနက ရေချိုးခန်းကထွက်တော့ ယောက်ျားတယောက်ရဲ့အရိပ်ကို မီးငယ်တို့သုံးယောက်စလုံး တွေ့ခဲ့ရသည်မဟုတ်လား။ အဝတ်အစားမြန်မြန်ဝတ်ပြီး ကိုအောင်တို့နားမှာသွားထိုင်ကြသည်။ ကိုအောင်အပါအဝင် ကျန်နှစ်ယောက်စလုံးလည်း မျက်နှာမကောင်းဖြစ်နေသည်။ ဘာဖြစ်တာလဲ ခန့်မှန်းမရ။ မီးငယ်တို့ရောက်ပြီး ခနကြာသည်အထိ ကိုအောင်ကဘာမှမပြောဘဲငြိမ်နေသည်။ တအောင့်ကြာတော့မှ ' ငါတို့ ခရီးမသွားကြရင်ကောင်းမယ် ' ဟုပြောသည်။ မီးငယ်တို့မိန်းကလေးသုံးယောက်က ပါးစပ်အဟောင်းသားဖြင့် ဟာကနဲဖြစ်ကုန်ကြသည်။ ဒီခရီးကို ရက်အကြားကြီးကတည်းက မျှော်လင့်ခဲ့သည်မဟုတ်ပါလား။ အများကြီးပြင်ဆင်ခဲ့ပြီးမှ ခရီးမသွားရတော့ဘူးဆိုတော့ ဘာကြောင့်လဲ သိချင်နေကြသည်။ ကိုအောင်က ဆက်ရှင်းပြသည်။ ' အားလုံးနော် မကြောက်ကြနဲ့။ မနေ့ကတည်းက မီးငယ်ငါ့ကိုပြောတယ်။ တခုခုဖြစ်နေတယ်ဆိုတာ။ ငါက သိပ်မယုံတတ်တော့ စိတ်ထင်တယ်ပဲပြောလိုက်မိတယ်။ အခုတော့ တကယ်ပဲ တခုခုဖြစ်နေတယ်ဆိုတာ ငါလက်ခံလိုက်ပြီ။ 'ကိုအောင်က စကားနဲနဲပြောပြီး တံတွေးမျိုချသည်။ တစုံတခုကို အလေးအနက်စဉ်းစားနေပုံလည်းရသည်။ နောက်မှ စန္ဒာ့ယောက်ျားထူးမော်က သူတို့ကြုံခဲ့ရတာကိုဖောက်သည်ချသည်။ မီးငယ်တို့ရေချိုးနေစဉ် ကိုအောင်တို့သုံးယောက် ဝရန်တာမှာ ဆေးလိပ်သောက်ရင်းစကားပြောကြသည်။ ထိုစဉ် ဆေးလိပ်ဘူးတဘူးလုံး ပျောက်သွားသည်။ သူတို့လိုက်ရှာနေစဉ် ခုနကနေရာမှာပြန်တွေ့သည်။ အားလုံးက ရယ်မောလျှက် စောစောထရတော့ အမြင်ဝေဝါးပြီးမျက်စိမှောက်တာပါကွာဟုပြောလိုက်'ကြသည်။ ထိုခနတွင် အသံတသံကြားရသည်။ ' မျက်စိမမှောက်ပါဘူး ' ။ အားလုံးတယောက်မျက်နှာတယောက်ကြည့်လျှက် မင်းပြောတာလား သူပြောတာလားဖြင့် စိတ်လှုပ်ရှားကုန်ကြသည်။ သုံးယောက်ထဲတွင် ဘယ်သူမှပြောတာမဟုတ်ကြောင်း သုံးယောက်စလုံးသိကြသည်။ သို့သော် အသံသည် သူတို့ထိုင်ရာနေရာအတွင်း၌သာ ပေါ်ထွက်လာခြငဖြစ်သည်။ သုံးယောက်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။' ဘာလဲကွ ဘယ်ကောင်က လာချောင်းနေတာလဲ ' ဟု ရီမြင့်ယောက်ျား ဇော်ဇော်က ထအော်သည်။ ထိုစဉ် ရယ်သံကြားရသည်။ ရယ်သံနှင့်အတူ မကြောက်ပါနဲ့ကွ ဟုပီပီပြင်ပြင်အသံတသံကြားလိုက်ကြသည်။ သုံးယောက်စလုံး ကြက်သေသေလျှက် နှလုံးခုန်နှုန်းတွေမြန်သွားကြသည်။ ဘယ်လောက်ပဲ ယောက်ျားရင့်မကြီးတွေပဲပြောပြော ယခုလိုသိသာထင်ရှားစွာ ခြောက်လှန့်မှုမျိုးကိုတော့ စိတ်လှုပ်ရှားမိသည်။ သုံးယောက်စလုံး ခေါင်းချင်းဆိုင်ကာ ခရီးမသွားဘဲ မနက်ဖြန်ကျမှ ဘုန်းကြီးပင့်၍ ပရိတ်ရွတ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ဆက်ရန်ရှိသေးသည်။

စုမွန်သွယ်
MSU - 57

Photo credit - http://www.angelsghosts.com

စိတ် 2.jpg

စိတ်တစ္ဆေ (2) | Ecency