ပတ်ဝန်းကျင်နဲ့အခေါ်အဝေါ်

sumonthwe(34)
Published in
#msu
Words
435
Reading
2 min
Listen
Play
8y

သမီးလေးကိုမွေးပြီးတော့ အရင်ဆုံးစဉ်းစားတာ နာမည်ပေးဖို့ပဲ။ ဘာနာမည်ပေးရမလဲပေါ့။ သိပ်ဆန်းပြားထူးထွေတာတွေလည်း ပေးချင်ဘူး။ ခေါ်ရထောက်ပြီး အဓိပ္ပါယ်မရှိတာတွေလည်း မပေးချင်ဘူး။ နောက်ပြီး ဗေဒင်ဆရာဘာညာဆီလည်းမမေးချင်ဘူး။ ကိုယ်လည်းတတ်သင့်သလောက်တော့ တတ်ထားသိထားတော့ ဘယ်ဆရာဆီမှမမေးခဲ့ဘူး။ အဲ့လိုစဉ်းစားရင်းနဲ့ ဂုဏ်မြတ်မွန်ကျော်ဆိုတဲ့နာမည်လေးတခုကိုစဉ်းစားမိတယ်။ ဂုဏ်ဆိုတဲ့နာမည်လေးကိုကြိုက်လို့ပေးမယ်လို့လုပ်တော့ နာမည်က ခေါ်ရထောက်နေတယ်။ နောက်ပြီး သိပ်တင်စီးလွန်းတယ်လို့ ခံစားရတယ်။ မနူးညံ့ဘူး။ အဲ့တော့ အဲ့ဒီ့နာမည်ကို ကန်ဆယ်လိုက်တယ်။ ( ကန်ဆယ်တော့ ငါးတွေရတာပေါ့လေ :P ) နောက်တော့ ထပ်စဉ်းစားတယ်။ တော်တော်လေးရွေးပြီးမှ ခေတ်ပန်းချီကျော်ဆိုတဲ့နာမည်ကို အတည်ပြုလိုက်ကြတယ်။ ခေါ်လို့လည်းအတင်ပြေတယ်ပေါ့။ အဲ့လိုနဲ့ ခေတ်ပန်းချီကျော် ခေါ် ခေတ်ခေတ်ဆိုပြီးဖြစ်သွားတယ်။ မြန်မာနာမည်ပြီးတော့ ကိုယ်တွေရဲ့ထုံးစံအတိုင်း အာရဗီနာမည်ကိုထပ်ရွေးကြတယ်။ တကယ်က အာရဗီနာမည်ကိုသာ အရင်ရွေးကြတာလေ။ မြန်မာနာမည်ကို သိပ်အရေးမကြီးဘူးလို့သတ်မှတ်ကြတာကိုး။ ကိုယ်တွေကပြောင်းပြန်။ :D အဲ့လိုရွေးကြတော့ ဆော်ဒီက ဓမ္မသတ်မှူးတွေဘာတွေဆီထိ ရွေးခိုင်းမိကြတယ်။ :D :D ဒါပေမယ့် တကယ်တန်းသူတို့ရွေးပေးတဲ့နာမည်တွေက ခေါ်ရခက်နေတယ်။ အဓိပ္ပါယ်တွေကလှပေမယ့် ကိုယ်တွေမြန်မာပါးစပ်မှာတော့ ချောချောမွေ့မွေ့အဖြစ်ဘူးရယ်။ အဲ့တော့ ကိုယ်တိုင်ပဲစဉ်းစားကြတယ်။ စုံစမ်းကြတယ်။ Website တွေမွှေရတယ်။ နောက်ဆုံး Ame Ra ဆိုတဲ့နာမည်လေးတခုရွေးမိကြတယ်။ အဓိပ္ပါယ်လေးလည်းကောင်းတယ်။ ခေါ်ရတာလည်း အဆင်ပြေတယ်ဆိုတော့ ဒီနာမည်လေးကိုရွေးလိုက်ကြတယ်။ ဒါက သမီးလေးကို ကိုယ်တွေခေါ်ဖို့ နာမည်ရွေးတဲ့ကိစ္စ။

  • နောက်တခုက ကိုယ်တွေမိဘတွေကို သမီးလေးက ဘယ်လိုခေါ်မလဲပေါ့လေ။ ကိုယ်တွေတုန်းက ပါပါ မေမေခေါ်ခဲ့ပေမယ့် ကိုယ့်သမီးအလှည့်ကျတော့ အဲ့လိုတွေလည်း မခေါ်စေချင်ဘူး။ ယောက်ျားကတော့ သူ့မိဘတွေကို အပါ့ နဲ့ မားဆိုပြီးခေါ်တယ်။ ဒါလည်းမကြိုက်ဘူး။ အဲ့တော့ ဒယ်ဒီ မာမီခေါ်ခိုင်းရကောင်းမလား။ အဲ့လိုဆိုရင် ကိုယ်တွေဂျန်းဂဲလ်အသိုင်းအဝိုင်းက အရက်ဆုံးမေးငေါ့ကြမှာလည်း မြင်ယောင်သေး။ နေတော့ ဗမာပြည်။ ခေါ်တော့ ဘိုတွေလိုဆိုပြီး သိပ်စတားကြတယ်ဘာဘာညာညာပြောမှာလည်း ကြောက်ရသေး။ ကိုယ်တွေကိုပြောလို့ကတော့ သိပ်ဂရုစိုက်မှာမဟုတ်ပေမယ့် ကိုယ့်သမီးလေးကို ဝိုင်းစနောက်ကြရင် သမီးက စိတ်ထိခိုက်မှာလည်းစိုးတော့ ဒယ်ဒီမာမီ မခေါ်ခိုင်းတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ အဲ့တော့ ဘယ်လိုခေါ်ကြမလဲပေါ့။ နောက်ဆုံး ဖေဖေ မေမေ ဆိုတာကိုပဲ ရွေးလိုကြတယ်။ ကိုယ်တွေအသိုင်းအဝိုင်းနှစ်ခုစလုံးမှာ မေမေတို့ အမေတို့ခေါ်တာရှိပေမယ့် ဖေဖေလို့ခေါ်တာ မရှိကြဘူး။ အဲ့တော့ အသိုင်းအဝိုင်းက သဘောမကျကြဘူး။ ဘယ့်နှယ့်ဖေဖေလဲပေါ့။ ကိုယ်တွေကလည်း ဇွတ်ပဲ။ ဖြစ်ချင်တော့ သမီးလေးက စကားပြောနောက်ကျတယ်။ အဲ့လိုနောက်ကျတာဟာ ဖေဖေမေမေဆိုတာကို မခေါ်တတ်လို့တဲ့။ ဖေဖေဆိုတာအသံထွက်ရခက်ပြီး ပါပါဆိုတာက လွယ်တော့ ကလေးက စကားပြောမြန်တယ်ပေါ့လေ။ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ဝိုင်းပြောကြတယ်။ သမီးလေးက နှစ်နှစ်နီးပါးမှ စကားစပြောတယ်။ စပြောတဲ့စကားတွေက ရယ်ရတယ်။ သူ့အဖေကို ဒက်တဲ့။ ကိုယ့်ကိုတော့ မေမေပဲခေါ်တယ်။ အဖေကိုခေါ်ရင် ဒက်ရေလို့ခေါ်တယ်။ ခေါ်စေချင်တာက ဖေဖေ။ ဒါပေမယ့် ဖေဖေလို့သူမခေါ်တတ်ဘူး။ သူ့ဘာသာသူခေါ်တယ်။ဒက်တဲ့။ ကိုယ့်မှာရယ်ရတာဆိုတာ။ ကဲ ဒါဆိုလည်း ထားပေါ့။ သူခေါ်တတ်သလိုခေါ်ပါစေပေါ့လေ။ အဲ့လိုနဲ့ သမီးလေး နည်းနည်းကြီးလာတော့ ကလေးသီချင်းလေးတွေ ကလေးကာတွန်းလေးတွေ Youtube ကနေပြတယ်။ ဆိုလိုက်ကလိုက်ပေါ့လေ။ အဲ့ဒီ့တုန်းက သူ့အသဲစွဲဇာတ်ကောင်က Peppa pig family ပဲ။ အဲ့ဒါတွေကြည့်ပြီးနောက်ပိုင်း ကိုယ့်ကိုခေါ်တာ မာမီpig သူ့အဖေကိုခေါ်တာ ဒယ်ဒီpig ။ အဲ့သလိုဖြစ်သွားတယ်။ သူ့ကိုယ်သူလည်း ဘေဘီPig တဲ့။ :D အဲ့ဒါလည်း မတတ်နိုင်ဘူးပေါ့လေ။ သူခေါ်ချင်သလိုသာခေါ်ပါစေတော့ပေါ့။ ကိုယ်တွေကတော့ စကားပြောရင် ဖေဖေကလေ မေမေကလေနဲ့ပြောပေးပါတယ်။ ဒါပေမယ့် သူကတော့ ဒယ်ဒီပစ် မာမီပစ်ပဲခေါ်တယ်။ ကိုယ့်မှာစိတ်ရှုပ်ရတာလည်း မပြောပါနဲ့တော့။ ခေါ်စေချင်တာက ဖေဖေရေ မေမေရေ။ အဲ့လို။

  • အဲ့လိုနဲ့သူ့ပါးစပ်ထဲတွေ့ကရာကို ခေါ်တော့တာပဲ။ တခါတလေ ဒက်နဲ့မမ်း တခါတလေ ဒယ်ဒီမာမီ တခါတလေ ဒယ်ဒီပစ်မာမီပစ် ။ အဲ့သလိုတွေခေါ်နေရင်းနဲ့ပဲ ဖေဖေမေမေဆိုတာကို သူပါးစပ်ယဉ်လာတယ်ထင်တယ်။ ကြိုကြားကြိုကြားခေါ်လာတယ်။ အင်းးးး ကိုယ်တွေအောင်မြင်ပြီပေါ့လေ။ :D အဲ့ဒီ့မှာ ဘာပြဿနာဖြစ်လဲဆိုတော့ နှစ်ဖက်အသိုင်းအဝိုင်းက ဒီဖေဖေဆိုတာကြီးကို နားမယဉ်ကြဘူး။ အဲ့တော့ ကလေးကို အနုနည်းနဲ့စည်းရုံးကြတယ်။ ကလေးရှေ့မှာဆိုရင် '' ပါးပါးကိုပြောလိုက်မားမားကိုပြောလိုက် '' '' သွားးသွားး ပါပါ့ဆီသွား '' '' ဟိုးသွားမယ်လို့ မာမားကိုပြောလိုက် '' စသဖြင့် နားသွင်းကြတယ်။ :D :D ကလေးက နည်းနည်းအူကြောင်ကြောင်ဖြစ်ပြီး ခေါ်တာတွေက ဇောက်ထီးတွေဖြစ်ကုန်တယ်။ ရယ်ရတာဆိုတာလေ။ တချို့ရင်းနှီးတဲ့လူတွေဆို ဘာကြောင့်ဖေဖေခေါ်ခိုင်းရတာလဲလို့ ပေါ်တင်တောင်လာမေးကြတယ်။ လူတွေဟာ ခက်တယ်။ :D အခေါ်အဝေါ်လေးတွေကအစ သိပ်အယူသီးချင်ကြတာပဲ။ အဲ့တော့ ကိုယ်တွေကလည်း နည်းနည်းလေးမှမလျှော့ဘူး။ လာမေးတဲ့လူတွေကို ရယ်ပဲရယ်ပြလိုက်တယ်။ ခေါ်ချင်လို့ခေါ်တယ်ဟယ်။ ကိုင်း ဘာလုပ်ချင်သလဲ။ :D :D

  • အဲ့လိုနဲ့ ဒီဖေဖေဆိုတဲ့အပေါ်မှာ အားလုံးလိုလိုက ပါးစပ်သဲရှပ်လာကြတယ်ထင်တယ်။ ပေါ်ပေါ်တင်တင်တွေကို တားကြတော့တယ်။ မခေါ်ခိုင်းပါနဲ့တဲ့။ နောက်ဆုံး ဘာသာရေးတွေဘာတွေတောင်နွယ်လာတယ်။ မွစ်စလင်မ်ဆိုရင် ဘယ်လိုခေါ်ရတယ်ပေါ့လေ။ ကိုယ်တွေကလည်း ဒါဟာဘာသာရေးနဲ့မဆိုင်ဘဲ နိုင်ငံယဉ်ကျေးမှုကွာတာကြောင့် အခေါ်အဝေါ်မတူကြောင်းရှင်းပြတာပဲ။ဒါပေမယ့်ပေါ့လေ။ ဒယ်ဒီမာမီ ခေါ်တာကို မြန်မာပြည်မှာနေပြီး ဘိုဆန်ချင်တယ်လို့ပြောမယ့် အသိုင်းအဝိုင်းတွေက ဖေဖေမေမေခေါ်တာကျတော့ မွစ်စလင်မ်ဆိုတာဘယ်လိုခေါ်ရတယ်ဆိုပြီး အိန္ဒိယယဉ်ကျေးမှုရိုက်သွင်းနေတာကိုမြင်ရတော့ ဟဟတွေတသီကြီးပေးပစ်လိုက်တယ်။ ကိုယ်တွေလူမုန်းများတဲ့အချက်တွေပေါ့လေ။ :D ထားပါတော့ ။ အဲ့လိုနဲ့ သမီးလေးကလည်း ဖေဖေမေမေခေါ်တာ ကျင့်သားရလာပြီဆိုတော့ ကိုယ့်မှာထွေထွေထူးထူး ပြောစရာပြင်စရာလည်းမလိုတော့ဘူး။ တနေ့ကျတော့နယ်က ယောက်ျားရဲ့အမျိုးအိမ်တအိမ်က ထမင်းစားဖိတ်တယ်။ ကိုယ့်မှာ ကလေးတဖက်နဲ့ဆိုတော့ မလိုက်ချင်ဘူး။ ကိုယ့်ကလေးကလည်း အငြိမ်နေတတ်တဲ့ကလေးမဟုတ်တော့ သူများအိမ်မှာအားနာဖို့ကောင်းတယ် မဟုတ်လား။ အဲ့တော့ မလာတော့ဘူးလို့ပြောလိုက်ပြီး ယောက်ျားကိုပဲသွားခိုင်းလိုက်တယ်။ အဲ့ဒါကို အိမ်ရှင်တွေက ကလေးသူတို့ထိန်းပေးပါ့မယ်။ အိမ်မှာလည်းတခြားကလေးတွေရှိတော့ ဆော့လို့ရပါတယ်။ လာပါဘာညာ အတင်းခေါ်လို့ အားနာတာနဲ့ လိုက်သွားလိုက်တယ်။ ဟိုလည်းရောက်ရော ထမင်းစားနေတုန်း အဲ့ဒီ့က အသက်ကြီးပိုင်း အမျိုးသမီးတယောက်ကလှမ်းမေးတယ်။ ကလေးကချစ်စရာလေးပေါ့။ အဖေအမေကိုဘယ်လိုခေါ်လဲတဲ့။ သူတို့ထင်ထားတာကအဖေကို အပါး အပါ ပါပါ အပါ့ အဘား ။ အမေကို မာမာ အမား မားမား အဲ့လို။ ဒါပေမယ့် ယောက်ျားကပြောလိုက်တယ်။ ဖေဖေမေမေ ခေါ်တယ်တဲ့။ ဆိုတော့ မျက်လုံးမျက်စံပြူးပြီး ဟဲ့ ဘယ်လိုဖြစ်လို့ ဖေဖေမေမေခေါ်တာတုန်း။ ပါပါမာမာဖြစ်ရမှာလေ။ ဘာညာဆိုပြီး တရားချတော့တယ်။ ကိုယ့်မှာတော့ ထမင်းသာစားနေရတာ စိတ်ထဲကလိကလိနဲ့။ ယောက်ျားကတော့ ရယ်ဖြဲဖြဲလုပ်နေတာပေါ့လေ။ ကိုယ့်မှာတော့ မအောင့်နိုင်တော့ဘဲ တခွန်းဝင်ပြောလိုက်ရတယ်။ အိန္ဒိယအခေါ်အဝေါ်တွေမကြိုက်လို့ ဆိုပြီး။ :D :D တကယ်က အိန္ဒိယအခေါ်အဝေါ်မကြိုက်တာတော့ မဟုတ်ပါဘူး။ ကြားရတဲ့စကားတွေ နားထဲဖုလာလို့သာပြောချလိုက်ရတာ။

  • ပြောချင်တာက အယူတွေသီးကြတာဆိုတာလေ။ ကိုယ်တွေမှာ ဒီအခေါ်အဝေါ်လေးတွေကိုတောင်မှ ဘောင်မကျော်နိုင်ဘူးဖြစ်နေတာ တွေးပြီးရင်ထုမနာဖြစ်မိတယ်။ နောက်တော့ အဲ့ဒီ့အန်တီလည်းကိုယ့်ကို တော်တော်ချဉ်သွားတယ်ထင်တယ်။ သူတို့သားသမီးမင်္ဂလာဆောင်တာတောင် မဖိတ်တော့ဘူး။ :D :D ယောက်ျားကတော့ပြောရှာပါတယ်။ ခင်ဗျားက ငြိမ်နေလိုက်တာမဟုတ်ဘူးတဲ့။ ငြိမ်နေရင် သူတို့ပြောတာမှန်ပါတယ်လို့လက်ခံပြီးသားဖြစ်သွားမှာပေါ့လို့။ အဲ့ဒါထက် ကိုယ့်ကို ဒီအခေါ်အဝေါ်လေးတောင် မှန်အောင်မသင်နိုင်တဲ့ သောက်သုံးမကျတဲ့မိခင်ဆိုပြီး ပြောကြတော့မှာပေါ့လို့။ အဲ့လိုပါဆို။ အခုတော့လည်း သမီးလေးက စိတ်ကူးပေါက်တိုင်း စိတ်ကူးပေါက်တိုင်း ဒယ်ဒီမာမီရော ဒက်နဲ့မမ်းရော ဖေဖေမေမေရော တခါတခါ ပါပါမာမာဆိုတာပါသေး။ :D :D သူခေါ်ချင်သလိုသာခေါ်ပါစေတော့ ဆိုပြီး လွှတ်ထားလိုက်တော့တယ်။ စိတ်လိုရင် ဖေဖေကျော်ကျော် မေမေစုစု ဆိုပြီးပြောသေးတာ။ :D တခါတလေ ဖေဖေကျော် မေမေကျော် ခေတ်ခေတ်ကျော်တဲ့။ သူ့ပါးစပ်ထဲ ကိုယ်တွေမှာ ဖြစ်ချင်တိုင်းကိုဖြစ်လို့။ အခုတော့လည်း အားလုံးအသားကျသွားပါပြီ။ :D :D
    image

#စုမွန်သွယ်

ပတ်ဝန်းကျင်နဲ့အခေါ်အဝေါ် | Ecency