ဒိုင်းအထပ်ထပ်ကြားက
ဓါးအလက်ပေါင်းများစွာရဲ့ သွေးသောက်ခြင်းဟာ
ငြိမ်းချမ်းရေးရဲ့နိဒါန်းဖြစ်တယ်
တစိမ်းတရံအရပ်မျက်နှာကနှစ်ဖက်
အသွေးအသားဆန္ဒတွေကအဖက်တရာ
ကျနော်တို့ ငြိမ်းချမ်းကြအုံးမှာလား။
ခြေနဲ့နင်းသတ်ခဲ့တဲ့
ကျည်နဲ့ခွင်းသတ်ခဲ့တဲ့
ဗုံးနဲ့လုံးသတ်ခဲ့တဲ့
ဓါးနဲ့မှားသတ်ခဲ့တဲ့
မိန်းမတွေ ယောက်ျားတွေ
လူကြီးတွေလူငယ်တွေ
ခွေးတွေကြောင်တွေ
ကလေးငယ်တွေ
ကလေးငယ်……… လေးတွေ
ကလေး…… သူငယ် လေးတွေ………
မျက်စိတွေပြာဝေနေအောင် ဒုနဲ့ဒေး
ကျနော်တို့ငြိမ်းချမ်းကြအုံးမှာလား။
သတ္တိကိုအကြောင်းပြလို့
အသိမဲ့တဲ့လူတွေစီးချင်းထိုးရင်
အသိရင့်တဲ့ဆင်တွေမြင်းတွေလည်း
မသေချင်ပေမယ့်
သေကြရတာပဲ
သေ……ကြ…… ရတာပဲ
ကျနော်တို့ငြိမ်းချမ်းကြအုံးမှာလား။
ငိုသံတွေ အော်သံတွေကြားမှာ
အသက်တွေဟာ ပြာမှုန်တွေအဖြစ်
တလွင့်လွင့်
ဖက်နဲ့ထုတ်ထားစရာ အသက်တွေမရှိတော့ဘူး။
ဒါနဲ့များဗျာ
ကျနော်တို့ငြိမ်းချမ်းကြအုံးမှာလား။
တကယ်တော့
စစ်မှန်ခြင်းဆိုတာ
မသုံးအပ်တဲ့ သုည
စစ် …… မှန် ခြင်းဟာ
နေရာတကာမှာ
ကျည်ပေါက်ရာတွေဗရပွနဲ့အကျည်းတန်နေတာမို့
ဘယ်စစ်မှ မမှန်စေချင်တော့တာ
ကျနော်တို့ ငြိမ်းချမ်းကြအုံးမှာလား။
#စုမွန်သွယ်
MSU No-057
Photo Credit - Google