စောစီးဖွေရှာ စိတ်ကျန်းမာ

sumonthwe(34)
Published in
#msu
Words
235
Reading
2 min
Listen
Play
8y

ကျနော်ကိစ္စတခုကြောင့် အာရှတော်ဝင်ဆေးရုံက စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာဇော်စိန်လွင်နဲ့ သွားတွေ့ခဲ့ပါတယ်။ ကျနော်ဆယ်တန်းနှစ်တုန်းကလည်း တခါသွားပြဖူးပါတယ်။ အဲ့တုန်းကတော့ ဆရာက လသာဆေးခန်းမှာထိုင်ပါတယ်။ အဲ့တုန်းကတော့ ဆယ်ကျော်သက်တို့ဖြစ်စဉ်အတိုင်း အားငယ်ကြောက်ရွံ့ပြီး အရာရာကိုစိတ်တိုင်းမကျ မိဘနဲ့အဆင်မပြေ လူမှုရေးတွေပျက်ယွင်းမှုတွေကြောင့် သွားပြခဲ့ဖူးတာပါ။ ဖြစ်ချင်တာက ကိုယ့်အပေါ်နားလည်နိုင်မယ့်လူမျိုး ရင်ဖွင့်လို့ရမယ့်လူမျိုးလိုချင်တာ။ ပွင့်ပွင့်လင်းလင်းပေါ့လေ။ အားဖြစ်စေမယ့်လမ်းညွှန်ချက်တွေလိုချင်တာ။ နင့်မှာဘာပူစရာရှိလဲ စာကြိုးစားရမှာပေါ့ သူများတွေနင့်လောက်တောင်မရှိဘူး တွေ့လားကြိုးစားကြတာ ဘာညာဘလာဘလာ ပြောမယ့်လူမျိုးမလိုချင်ခဲ့ဘူး။ အဲ့တော့ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ကျနော့်ကိုဆေးခန်းခေါ်သွားကြတာက ကျနော့်အမေနဲ့ အဒေါ်။ ဆေးခန်းရောက်တော့ ဘာဖြစ်ချင်လဲဆိုတာဆရာ့ကိုပြောလေ ဆိုပြီး သူတို့နှစ်ယောက်ပါဘေးနားမှာထိုင်နေကြတယ်။ :D မိဘကိုမကျေနပ်တဲ့အကြောင်းပြောဖို့ဟာ မိဘကဘေးမှာထိုင်နေတော့ ဘယ်လိုပြောရမလဲ။ အဲ့တော့မပြောဘူး။ ကျနော်ကဘာမှမပြောတော့ အဒေါ်ကဝင်ပြောပေးတယ်။ ဆရာ သူက အဖေနဲ့အဆင်မပြေဘူး။ အဖေရဲ့အချစ်ကိုလိုချင်နေတာဘလာဘလာ ပြောပါလေရော။ အင်းးး ခက်တော့ခက်ပြီ။ သူတို့ပြောတော့လည်း သူတို့စကားပေါ့လေ။ ထားပါတော့ အဲ့ဒါနဲ့ဆရာက ဆေးတွေပေးပြီး ရက်ချိန်းပြန်လာခဲ့ဖို့ပြောတယ်။ ဆေးတွေသောက်ပြီး ကျနော်ဆိုတာ အိပ်ယာထဲကကိုမထွက်နိုင်ဘူး။ အိပ်တာအိပ်တာဆိုတာ။ ဘာစာမှလည်းမဖတ်နိုင်ဘူး။ ဘာအလုပ်မှလည်းမလုပ်နိုင်ဘူး။ တနေကုန်အိပ်တာ။ အိပ်ယာနိုးရင် ထမင်းထစား ပြီးရင်ပြန်အိပ်နဲ့ဆိုတော့ လူကတချိန်လုံးအိပ်ယာထဲမှာချည်းပဲ။ မဖြစ်ချေဘူးပေါ့။ ဆေးတွေသာသောက်တာ အိပ်တာအပြင် ဘာတိုးတက်မှုမှမရှိဘူး။ ဘယ်ရှိမလဲ။ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ဆရာဝန်နဲ့သေချာမှ မဆွေးနွေးခဲ့ရတာ။ အဲ့တော့ အိပ်ရေးတွေပျက်ပြီး အတွေးလွန်နေတယ်လို့ထင်လို့ ဆရာကအိပ်ဆေးတွေချည်းပေးလိုက်တာဖြစ်မယ်။ :D အဲ့လိုနဲ့ ခံစားချက်တွေကလည်း မပျောက်ခဲ့ပါဘူး။ ကျနော့်ငယ်ဘဝက နာကျည်းစရာတွေများခဲ့တာကိုး။ ဘာမှမထူးတော့ နောက်တပတ်ဆေးခန်းထပ်မသွားဘူး။ အမေတို့ဆိုတာကလည်း ရိုးရိုးရောဂါတခုဖြစ်သလို ရော့အင့်ဆိုပြီး ဆေးထိုးဆေးသောက်လိုက်တာနဲ့ ပျောက်ရမယ်လို့ထင်နေတော့လည်း ဆေးမတိုးတဲ့ကျနော့်ကိုဆေးခန်းခေါ်သွားဖို့ လက်လျှော့လိုက်တာပေါ့လေ။ အဲ့တုန်းကအမေတို့ကလည်း ဖြေရှင်းနည်းအမှန်ကို မသိခဲ့ကြဘူး။ မခံချင်စိတ်နဲ့ ကြိုးစားရမှာပေါ့လို့ပဲ သူတို့တွေးခဲ့တာ။ အဲ့ဒီ့ဖိအားတွေက ကျနော့်ကိုပိုအထီးကျန်ဆန်လာစေတာပဲ။

အဲ့ဒါဟာ ရူးတာမဟုတ်ဘူး။ စိတ်ကျန်းမာရေးချို့ယွင်းချက်ဟာ လူတိုင်းမှာရှိတယ်။ ပေါ်တင်ဖွင့်ပြောတာနဲ့ ဖွင့်မပြောတာပဲကွာတာ။ အဲ့တုန်းကလည်း ဆေးခန်းသွားတော့ ဆေးခန်းမှာတွေ့သမျှက လူကောင်းတွေချည်းပဲ။ လမ်းဘေးမှာတွေ့ရသလို သွပ်ခါနေတာတွေမဟုတ်ဘူး။ အနုစားစိတ်ကျန်းမာရေးချို့ယွင်းသူတွေပဲဖြစ်တယ်။ အဲ့တော့ ပြောချင်တာက လူတိုင်းမှာဖြစ်နေတဲ့ ဖြစ်တတ်တဲ့စိတ်ကျန်းမာရေးကို လူတိုင်းနီးပါးဟာ မေ့လျော့ထားကြတယ်ဆိုတာပါပဲ။ စိတ်ကျန်းမာရေးချို့ယွင်းမှုတွေကိုကြည့်ရင် စိတ်ကျတာတွေပါတယ်။ စိတ်တက်ကြွလွန်းတာတွေပါတယ်။ စိတ်မတည်ငြိမ်တာတွေပါတယ်။ အစုံပဲ။ တချို့ဆို ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်ကြတယ်။ တချို့က ဖိစီးမှုတွေကြောင့်ဖြစ်ကြတယ်။ တချို့က မူးယစ်ဆေးတွေကြောင့်ဖြစ်ကြတယ်။ စိတ်ကျရောဂါကတော့ အများဆုံးဖြစ်ကြတယ်။ နုတာရင့်တာပဲကွာတယ်။ လူတိုင်းနီးပါးဖြစ်ကြတယ်။ စိတ်ကျရောဂါပြင်းထန်လာရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိဖြစ်ကုန်တယ်။ အဲ့တော့ ဘာလုပ်ကြမလဲ။

ကျနော်တို့မှာ ရင်ဖွင့်ဖော်လိုပါတယ်။ တခါတလေ မိဘကိုဖွင့်ပြောပြလို့မရတဲ့အခက်အခဲတွေ ချစ်သူပြောပြလို့မဖြစ်တဲ့ အခက်အခဲတွေ သူငယ်ချင်းတွေမသိစေချင်တဲ့အခက်အခဲတွေရှိတတ်ကြတယ်။ အဲ့ဒီ့အခါမှာ ကိုယ့်ကိုယ်လည်းမသိတဲ့လူတယောက် ဒါပေမယ့် ကိုယ့်အပေါ်လည်းနားလည်မယ့်လူတယောက်ကို ကျနော်တို့တောင့်တတတ်ကြတယ်။ ကိုယ့်ကိုအပြစ်မပြောဘဲ ဘာလုပ်သင့်တယ်လို့ လမ်းညွှန်ပေးတဲ့လူဆီမှာ ရင်ဖွင့်ချင်ကြတယ်။ ကြားဖူးတာကတော့ သူများနိုင်ငံတွေမှာ နှစ်သိမ့်ဆွေးနွေးအကြံပေးဝန်ဆောင်မှုဟာ နာရီနဲ့အမျှဈေးတွက်တယ်တဲ့။ ကျနော်သဘောကျပါတယ်။ ကျနော်တို့ဆီမှာတော့ အဲ့လိုဝန်ဆောင်မှုတွေအားနည်းနေပါသေးတယ်။

ပြောချင်တာက ကိုယ့်မှာ စိတ်ကျရောဂါဟာ တော်တော်လေးဆိုးနေပြီလို့ ခံစားရရင် ဆွေးနွေးလို့ကောင်းမယ့် စိတ်ဆရာဝန်ဆီအမြန်ဆုံးသွားတိုင်ပင်ပါ။ ကျနော်အာရှတော်ဝင်ဆေးရုံကိုရောက်တော့ ဒေါက်တာဇော်စိန်လွင်နဲ့ပြမယ့်လူနာတွေက ရိုးရိုးသာမာန်လူတွေလိုပါပဲ။ အသက် ရှစ်ဆယ်ကျော်အဖွားတွေလည်းပါတယ်။ နှစ်ဆယ်ကျော်လူငယ်တွေလည်းပါတယ်။ ကျနော်တို့လိုလူလတ်ပိုင်းတွေလည်းပါတယ်။ အစုံပါပဲ။ လူနာလည်းတော်တော်များပါတယ်။ ဂိမ်းစွဲလို့လာဖြတ်သူနဲ့ သတိမေ့လို့လာကုသူနဲ့ အိမ်ထောင်ရေးအဆင်မပြေလို့လာဆွေးနွေးသူတွေနဲ့ လူနာအပြည့်ပါပဲ။ တခြာကိစ္စတွေကိုတော့ လူတွေက ကုသင့်တယ်ထင်ပေမယ့် အိမ်ထောင်ရေးအဆင်မပြေတာကိုတော့ ကုရကောင်းမှန်းမသိကြပါဘူး။ ကျနော်က အကုန်စပ်စုခဲ့ပါတယ်။ ( အသေးစိတ်သိချင်ပါက cb မှာ လာစပ်စုလို့ရပါတယ် :P ) အဲ့တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြတိုင်း ရူးနေတာမဟုတ်သလို လမ်းဘေးက သွပ်သွပ်ခါရူးနေတဲ့အရူးတွေကလည်း စိတ်ကျန်းမာရေးဆရာဝန်နဲ့လာမပြကြပါဘူး။ :D

စိတ်ပျိုမှကိုယ်နု ကိုယ်နုမှစိတ်လန်း။ စိတ်နဲ့ကိုယ်ဟာ အပြန်အလှန်မှီတည်နေတာမို့ စိတ်ကလေးကိုလည်း ပစ်မထားကြပါနဲ့။ ဂရုစိုက်ပေးကြပါ။ လောကမှာ လူတိုင်းဟာ ကိုယ့်ထက်ဆိုးတဲ့အခြေအနေတွေရင်ဆိုင်နေကြရပါတယ်။ အားမငယ်ကြပါနဲ့။ လူမှုရေး စီးပွားရေး အိမ်ထောင်ရေး အဘက်ဘက်မှာ အဆင်မပြေမှုတွေရှိရင် တကိုယ်တည်းမဖြေရှင်းပါနဲ့။ အနည်းဆုံးတော့ အကြံကောင်းတကယ်ပေးနိုင်မယ့် ရင်ဖွင့်ဖော်ဆီမှာ ရင်ဖွင့်ဆွေးနွေးတိုင်ပင်ကြပါ။ ရှက်စရာမဟုတ်တာကို ရှက်ရင် တကယ်ရှက်စရာဖြစ်လာတဲ့အခါကျမှ မကယ်နိုင်ဖြစ်သွားတတ်ပါတယ်။ စိတ်ကလေးကိုတော့ ချစ်ကြပါ။ ဂရုစိုက်ကြပါအုံးလို့။

စေတနာဗရပွဖြင့်
စုမွန်သွယ် image

စောစီးဖွေရှာ စိတ်ကျန်းမာ | Ecency