ဧပြီလ ၁ရက်နေ့မှာ လူတစ်ယောက်ကို အဖြေပေးပါ့မယ်လို့ ချိန်းခဲ့ဖူးတယ်။
တကယ်က ကိုယ်က နောက်လိုက်တာ။ စလိုက်တာ။ ကိုယ်စတာကို သူကလည်း သိလိမ့်မယ်လို့ ထင်ခဲ့တာ။ တက္ကသိုလ်ကျောင်းသားပျော်ပွဲစားတစ်ခုမှာ သူနဲ့စတွေ့တော့ တွေ့တာနဲ့တင် အသဲအသန်တွေဖြစ်ပြီး ကိုယ့်ကိုစကားတွေလိုက်ပြော သတင်းတွေစုံစမ်းနဲ့။ ကိုယ်က ကျောင်းသူလေးမဟုတ်လား။ ရှက်တာပေါ့လို့ ။
သူ့ကိုဘာမှကိုပြန်မပြောဘူး။ ခပ်ချေချေပဲပေါ့လေ။
အဲ့လိုနဲ့ ပျော်ပွဲစားပြီးလို့ နောက်နေ့တွေကျောင်းပုံမှန်ပြန်တက်တော့လည်း သူဟာ တကောက်ကောက်နဲ့။ ကျောင်းဝကနေစောင့် စကားလိုက်ပြော။ ကိုယ်နဲ့တူတယ်ဆိုတဲ့ မင်းသမီးပါတဲ့ဗီဒီယိုခွေတွေပေး။ အိုးးး အတင်းဆိုမှအတင်း။ သူနဲ့ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်တွေကလည်း အမျိုးတွေဆိုတော့ ကိုယ့်မှာ တဖက်ကအားနာရတာတမျိုး တဖက်ကလည်း စိတ်ရှုပ်ရတာတမျိုး။ :D စိတ်ရှုပ်တယ်ဆိုတာက သူ့ပုံစံကို ကိုယ်ခံစားလို့မရတာ။ အရပ်ကထွားထွားကျိုင်းကျိုင်း။ လက်မောင်းကြီးတွေက အဖုဖုတွေပေါ်အောင် ဝတ်လိုက်မှဖြင့် ကိုယ်ကျပ်တွေချည်း။ နှာခေါင်းကကိုယ်တစက်ကလေးမှကြည့်မရတဲ့ ရှာရွတ်ခမ်းနှာခေါင်း စသဖြင့်ပေါ့လေ။ ကိုယ်မကြိုက်တဲ့လူဆိုတော့လည်း အပြစ်တွေမြင်တာပေါ့လေ။
ကိုယ့်သူငယ်ချင်း သူ့အမျိုးတွေကလည်း မြှောက်ပေးရှာပါတယ်။ နင်ချုပ်ကိုင်လို့ရမယ့်လူမျိုးဘာညာနဲ့။ ကိုယ်ကလည်း မကြိုက်ဆို နဲနဲမှကိုမကြိုက်။ ခက်တာက သူ့ကိုဘာလို့မကြိုက်တာလဲပဲ အမြဲမေးနေတော့တာ။ ခင်ဗျားနှာခေါင်းကြီးကိုမကြိုက်တာလို့ပြောရမလား ခင်ဗျား လက်မောင်းကြီးကိုကြောက်တာလို့ ပြောရမလား။ ကိုယ့်မှာဘယ်လိုပြောရမလဲ။ မကြိုက်တာမကြိုက်တာပေါ့။ သူကလည်း ဇွတ်! နေ့စဉ်နေ့တိုင်းကြုံတွေ့ရတဲ့ ဒုက္ခကို အဖြေပေးမယ်ဆိုတာနဲ့ အဆုံးသတ်လိုက်တယ်။ ၄လပိုင်း ၁ရက်နေ့အဖြေပေးမယ်လို့။ ကျောင်းတက်နေတဲ့ အချိန်အတွင်းတော့ မလိုက်ပါနဲ့တော့လို့။ ကတိပေးရှာပါတယ်။ အဲ့တုန်းက ၁လပိုင်းဖြစ်မယ်ထင်တယ်။ သူတော်တော်ကြာကြာစောင့်ခဲ့ပါတယ်။ ဒီကြားထဲတော့ ကိုယ်မမြင်အောင် ကင်တင်းန်ကချောင်းကြည့်နေတာမျိုး အဆောင်အနောက်ကနေချောင်းကြည့်တာမျိုးတွေတော့ရှိတာပေါ့။ ကိုယ်ကလည်း မြင်ရက်သားနဲ့ကို မမြင်ချင်ယောင်ဆောင်တာ ။လုံးဝ မသိသလိုမျိုးပေါ့လေ။ ကိုယ့်စကားလာမပြောရင် ပြီးတာပဲဆိုပြီး
တကယ်တန်းကျတော့ အဖြေပေးမယ်ဆိုတဲ့ နေရာကို ကိုယ်မသွားခဲ့ပါဘူး။ အဟီးးးး သူကအဲ့လောက်တော့ အထာနပ်လိမ့်မယ်လို့ ထင်ခဲ့တာကိုး။ အဲ့ဒီ့ရဲ့ အကျိုးဆက်အနေနဲ့ သူက ကိုယ့်အိမ်ကို ရအောင်စုံစမ်းပြီး ရောက်အောင်လာခဲ့တော့တာပါပဲ။ လမ်းထိပ်မှာဆော့နေတဲ့ ကိုယ့်ညီမဆီကို ကိုယ့်လိပ်စာလာမေးတာတဲ့။ သိပ်သိတတ်တဲ့ ကိုယ့်ညီမကလည်း အိမ်ကိုအပြေးလာပြီး စုစုရေ ဟိုလူကြီးလားမသိဘူး။ လာတယ်တဲ့။ ဆိုတော့ ထိုင်နေရာကနေ ဝုန်းကနဲပြေးပြီးအခန်းထဲသွားပုန်းနေလိုက်ရတယ်။ အဖြစ်တွေ အဖြစ်တွေ။
ကိုယ့်အမေကိုသူက ပြောတာပြောတာဆိုတာ။ အန်တီ့သမီးကိုယူပြီးရင် ဘယ်လိုထားပါ့မယ်။ ဘာတွေတင်တောင်းပါ့မယ်။ စိတ်မဆင်းရဲစေရပါဘူး။ ဘာညာအစုံပေါ့လေ။ ကိုယ်ကတော့ အခန်းထဲကနေ ဒူးတုန်နေတာ။ ဒွတ်ခပါပဲ။ အမေကလည်း အားနာပြီး အင်းပါသားရယ်လုပ်လိုက်မှဖြင့် အမငှီး မတွေးရဲ မတွေးရဲ။ ကိုယ့်အမေကလည်း အထာနပ်တယ်။ သမီးပြန်လာရင် ပြောလိုက်ပါ့မယ် ဘာညာနဲ့ အတင်းပြန်လွှတ်လိုက်ရတာ။ ဒါတောင် ကိုယ်တော်ချောက စုမွန်ပြန်လာတဲ့အထိစောင့်ပါ့မယ်လုပ်နေလို့ ကိုယ်ရင်တွေတဒိန်းဒိန်းခုန်ခဲ့ရသေးကလား။
ကိုယ့်ရဲ့ တောက်ကျင့်မကောင်းခဲ့ပုံများပြောပါတယ်။ လူတစ်ယောက်ကို ဒုက္ခတွေပေးတာဆိုတာ။ သူ့ခမျာ သူငယ်ချင်းတွေကို လိုက်အပူကပ်တာ ၄လပိုင်း ၁ရက်နေ့ အဖြေပေးမယ်ဆိုပြီး မပေးဘူးကွာ ဘာညာနဲ့ အသဲတွေကွဲပြတာလေ။ ဖိတ်စာတခြမ်းတွေသေချာပြတာ။ ကိုယ်က အဲ့တုန်းကတော့ ခွီခဲ့တပေါ့လေ။ ခုတော့လည်း ဒါဟာ တော်တော်တန်တန် ယုတ်မာခဲ့တာမဟုတ်ဘူးဆိုတာ သိလာတယ်။ ရှောင်ရင်းတိမ်းရင်းနဲ့ပဲ သူလည်း လက်လျှော့ပြီး နိုင်ငံခြားကို ထွက်သွားပါတော့တယ်။ ကိုယ်ကျောင်းပြီးတဲ့ အချိန်ကျတော့ အနောက်နိုင်ငံတခုမှာ အဆင်ပြေနေတယ်ဆိုလား။ အိမ်ထောင်မပြုသေးဘူးဆိုလား ကြားလိုက်မိသေး။
ခုတော့လည်း ဒါတွေဟာ ငယ်ဘဝအိပ်မက်တွေအဖြစ် ကျန်ခဲ့ပါပြီလေ။ ဖူးစာဆိုတာ ဘယ်လောက်ကြိုးစားကြိုးစား ဦးရာလူပဲရတာမဟုတ်လား။
ဒါနဲ့ မေ့လို့။ သူ့နာမည်က ကျော်ကျော်တဲ့။ ကိုယ်တွေများ ကျော်နဲ့အကျိုးပေးချက်
စုမွန်သွယ်
msu 057