အားနာတတ်စေချင်

sumonthwe(34)
Published in
#msu
Words
286
Reading
2 min
Listen
Play
8y

ဟိုလေ။ ဖုန်းပြောရင်လေ လိုရင်းတိုရှင်းပြောဖို့ စိတ်ကူးမရှိဘူးလားဟင်။ အကြောင်းအရာတခုကို အချက်ကျကျပြောဆိုတတ်ဖို့ ဘယ်လိုပြောရမှန်းကိုမသိတာ။ တဖက်ကနားထောင်နေတဲ့ကိုယ့်မှာ သူဘာပြောချင်တာပါလိမ့်ဆိုပြီး စဉ်းစားနေရတာနဲ့ကို နားတွေပူခေါင်းတွေရှုပ်။ ဥပမာဆိုပါတော့ဗျာ။ ဆေးရုံတက်တဲ့သတင်းတခုကိုပြောတယ်ဆိုပါစို့။ ဒါဟာအရေးကြီးသတင်းပဲ။ ဘယ်မှာကားတိုက်သွားလို့ အခုဆေးရုံတင်ထားရတယ်။ လိုရင်းကဒါပဲ။ အဲ့ဒါကို ဆေးရုံမတက်ခင် တပတ်လောက်အလိုကတည်းက အဖြစ်တွေကိုစီကာပတ်ကုံးတွေပြောတာဆိုတာ။ ပြန်ပြောပြမယ်နော်။ :D

  • '' လွန်ခဲ့တဲ့တပတ်ကလေ နင့်အန်တီပေါ့ ဈေးဝယ်ထွက်တာ။ အိမ်ကအကူကောင်မလေးနှစ်ယောက်လည်းပါတယ်။ ဈေးဝယ်တယ်ဆိုတာကဟယ် ဧည့်သည်တွေလာမှာမို့။ ဟိုမိသားစုလေ သိတယ်မလား။ အခုအမေရိကန်ကနေအလည်ပြန်လာတော့လေ သူတို့ကို ထမင်းဖိတ်ကျွေးဖို့ ဈေးသွားဝယ်တာ။ ဝယ်တာကလည်း ငါးသားလောက်ဥချည်းပဲ တပိဿာ။ ကြက်သားနဲ့ ပုစွန်ထုတ်ကပဲ တပိဿငါးဆယ်။ ကြက်သားကဟယ် ပါလာတဲ့ကလေးတွေကို အချိုချက်ကလေးလုပ်ကျွေးဖို့။ ပုစွန်ထုတ်ကလူကြီးတွေအတွက်တဲ့။ အဲ့ဒါကိုဟယ် နင့်အန်တီပေါ့ ပုစွန်ထုတ်က အကောင်ကြီးတော့ တပိဿာကို ငါးကောင်ပဲပါတယ်ဆိုပြီး နောက်တပိဿာထပ်ဝယ်တယ်။ စဉ်းစားကြည့် ဘယ်လောက်လေးလဲဆိုတာ။ အသီးအနှံတွေနဲ့ ငါးဖယ်ခြစ်တွေလည်းပါသေး။ ကောင်မလေးတွေကလည်း မနိုင်မနင်းနဲ့ပေါ့ဟယ်။ အဲ့ဒါ ငါ့ယောက်ျားက ကားနဲ့လိုက်ပို့ပေးမယ်ပြောတာကို လမ်းလျှောက်ရင်းဈေးဝယ်ချင်လို့တဲ့။ အပြန်လာကြိုမယ်ဆိုတာလည်းမရဘူး။ သူကျန်းမာတယ်ဆိုတာပြချင်တာလေ။ ဟုတ်တော့လည်းဟုတ်တယ်။ အခုတလော ဟိုနာမည်ကြီးနေတဲ့ အမေရိကန်အားဆေးလေးသောက်နေတော့ နင့်အန်တီကလန်းဆန်းနေတာဟဲ့။ အဲ့လိုဟေ့ အဲ့လို။ မပြောချင်ဘူး။ အိမ်မှာဆိုလည်း သူက ကိုယ်တိုင်ချက်ပြုတ်ရမှ။ အမလေးးဟယ် အဲ့နေ့က ဧည့်သည်တွေဆိုတာ ခုနှစ်ယောက်တောင်လာတာ။ အိမ်မှာဝုန်းခတ်နေတာပေါ့ဟယ်။ ကလေးတွေကပူလို့ဆိုပြီး မနေတတ်လို့ အဲယားကွန်းကိုအဆုံးထိဖွင့်ပေးထားရတယ်။ ဒါတောင် မခံနိုင်လို့ အငယ်မအခန်းကအဲကူလာရော ငါ့အခန်းက အဲကူလာရော အပြင်ထုတ်ပြီး ဖွင့်ထားရတယ်။ သူတို့လည်း လက်ဆောင်တွေယူလာတာပေါ့ဟယ်။ ငါတို့က အလှကြိုက်တော့ အမေရိကန်မိတ်အလှပြင်ပစ္စည်းတွေအများကြီးဝယ်
ူလာတာ။ အဲ့လိုပေါ့ဟယ်။ သူတို့ပြန်သွားပြီးတဲ့အထိလည်း အမေက အကောင်းဟဲ့။ ပျော်လို့ရွှင်လို့။ ငါတို့ကတောင် ဝမ်းသာနေတာ ။အော် ငါတ်ု့အမေလန်းနေတယ်ပေါ့။ အဲ့မှာဟယ် နောက်နေ့ကျတော့ ရှန်ဂရီလာက ပင်လယ်စာဘူဖေးစားချင်လို့ဆိုပြီး အိမ်ကသားသားနဲ့သူ့အဖေက တစခန်းထတယ်။ အဲ့တော့ အမေကလည်း မစားတာကြာပြီဆိုတော့ သူလည်းနဲနဲစားမယ်ဆိုပြီး ဘွတ်ကင်လုပ်ပြီးနောက်နေ့မှာတော့ သွားလိုက်ကြတာ။ ငါတို့အကုန် ငါးယောက်ဟဲ့။ အောင်မလေးးး မြန်မာငွေနဲ့ဆိုတယောက်ကို ငါးသောင်းဝန်းကျင်ကျတယ်လေ။ မတန်နိုင်ဘူးပေါ့ဟယ်။ စားချင်နေတော့လည်း။ အဲ့လိုစားကြတော့ နင့်အန်တီက ဂဏာန်းတွေပဲစွတ်စားတာဟ။ ငါ့မှာလေ စိတ်ပူလို့။ ဝမ်းများလျှောမလားပေါ့။ စားလို့သောက်လို့ပြီးတော့ အိမ်ပြန်။ အဲ့ဒီ့အထိလည်း အကောင်းပဲဟဲ့။ အိမ်ပြန်ပြီးရုပ်ရှင်တောင်ကြည့်နေသေးတာ။ အဲ့မှာဟယ် နောက်နေ့ကျ ဘာဖြစ်တယ်မသိဘူး။ ဗိုက်ထဲမကောင်းဘူးဆိုပြီး ဝမ်းသွားတာ သုံးခါ။ သုံးခါလောက်နဲ့ဘာမှမဖြစ်ပါဘူးဆိုပြီး အမေလည်းပေါ့ ငါလည်းပေါ့သွားကြတာ။ အဲ့တော့ ထုံးစံအတိုင်း သူပဲဈေးသွားမယ်တဲ့။ ဟိုနေ့ကပုစွန်ထုတ်ကဧည့်သည်အတွက်ပဲဆိုတော့ ဒီနေ့အိမ်သားတွေအတွက် နှစ်ပိဿာလောက်သွားဝယ်မယ်တဲ့။ ဈေးသွားခါနီး ဝမ်းတခါထပ်သွားသေးတယ်။ ဟယ် တအောင့်နေတော့ ဖုန်းဝင်လာတာပဲ။ အမေကားတိုက်ခံရလို့တဲ့။ ငါ့မှာဟယ် ပူထူသွားတာ။ဆေးရုံကို ချက်ချင်းလိုက်ပေါ့ဟယ်။ နောက်တော့ သိပ်စိုးရိမ်ရတာမဟုတ်ဘူးဆိုပြီးပြောမှ ဟင်းချနိုင်တာ။ အမေက မူးပြီး ယိုင်သွားတဲ့အချိန်မှာ ကားနဲ့တိုက်မိတာတဲ့။ ဝမ်းသွားထားတဲ့အရှိန်နဲ့ဆိုတော့ အသက်ကကြီးပြီမလား မခံနိုင်ဖြစ်သွားတာနေမယ်။ ပွန်းရုံပဲ့ရုံလေးပဲ။ ဒါပေမယ့်ဟယ် သိတဲ့အတိုင်းပဲ ဒီသတင်းကို ကြားကြတော့ ဆေးရုံကိုလိုက်လာကြတဲ့လူဆိုတာ မနည်းဘူး။ ကားတွေများတန်းစီနေလို့ ငါ့မှာအားတွေတောင်နာတယ်။ တကယ်က ဘာမှဖြစ်တာမဟုတ်ဘူးလေ။ စိတ်မပူဖို့ ငါလည်းရှင်းပြရတယ်။ အဲ့လိုအဲ့လို။ နင်လာမှာလား။ ဘာမှမဝယ်ခဲ့နဲ့နော်။ ဒီမှာ အပြည့်အလျှံပဲဟဲ့။ တခြားကုတင်တွေတောင်မျှပေးပစ်နေရတာ။ အေးအေး ငါလည်း လူတိုင်းကိုလိုက်ရှင်းပြနေရတာနဲ့ကို မအားပါဘူးဟယ်။ အေးအေး ဒါပဲနော်။ လာမှ အသေးစိတ်ပြောပြတော့မယ်။ '' တဲ့။

  • ညှယ် ။ လာမှအသေးစိတ်ပြောပြမယ်ဆိုတာ ဆေးရုံမတက်ခင် တလလောက်အလိုကအကြောင်းတွေပါ ပါလာအုံးမလားလို့ တွေးမိပြီး ဒါသတွေထွက်ဆိုတာ။တဖက်လူကိုအားမနာတတ်တာများ။ကားတိုက်ခံရပြီး ဆေးရုံတက်တဲ့သတင်းကိုအရင်မပြောဘဲ သောက်ကျိုးနဲဝေ့လည်ကြောင်ပတ်တွေပြောပြီး နားပူအောင်လုပ်တယ်။ သူ့စကားနားထောင်ရင်းနဲ့ သူ့အမေ ဆေးရုံတက်တယ်ဆိုတာတောင် မေ့ပြီး ကိုယ့်မှာ ပုစွန်ထုတ်ကြီးပြေးမြင်လိုက် ဂဏာန်းကြီးပြေးမြင်လိုက်နဲ့။ နောက်ဆုံးမှ ကားတိုက်ခံရမှန်းသိတယ်။ အရေးပေါ်လူနာဆို သွေးလွန်ပြီးနတ်ပြည်ရောက်နေလောက်ပြီ။ သူကပွားလို့ကောင်းတုန်း။

  • ပြောပြတာပါ။ လူဆိုတာ သူ့ဖို့ကိုယ့်ဖို့ စဉ်းစားတတ်ရတယ်။ ကိုယ်က အားပေမယ့် တဖက်မှာ အားချင်မှအားမှာ။ တခါတလေ ဟလိုလို့ထူးဖို့တောင် မအားတတ်ကြတာ ကိုယ်တွေ့ပဲ။ အဲ့တော့ ဖုန်းဆက်မယ်ဆိုရင် တဖက်ကို စကားပြောလို့ရလားဟင်လို့မမေးဘဲ စွတ်ပြီးပြောတော့ တဖက်မှာ ဖုန်းချရအခက်။ :/ လူချင်းတွေ့ရင်လည်း အစအဆုံးမကနားထောင်ရအုံးမှာကို ဖုန်းနဲ့တင် နာရီဝက် လေးဆယ့်ငါးမိနစ်ကြာအောင် ပြောပြနိုင်တာ အံ့မဆုံး သြမဆုံးဖြစ်ရတယ်။ ပြောနိုင်စိန်တွေ။ ဘယ်သူကဘာဆိုတာ သိနေတာတောင်မှ ပုစွန်ထုတ်တွေ ရှန်ဂရီလာတွေ အမေရိကန်တွေ တွင်တွင်ပြောသွားတာကို ကိုယ်တော့ ကြွားတယ်ထင်တာပဲ။ ကားတိုက်မှုတခုအကြောင်းပြုပြီး ငါတို့သထိန်းတွေဆိုတာ ကပ်ဒိုးလေးဝင်ယူသွားတာ။ :/ မသွားဘူး ။ ဆေးရုံသွားမကြည့်ဘူး။ ခရီးသွားရမှာမို့လို့ ပြောပြီး တမင်ကိုသွားမတွေ့ဘူး။ ကိုယ်တွေက ယုတ်ယုတ်ပဲ။ ကျောပူလည်းမခံနိုင်ဘူး။ နားပူလည်းမခံနိုင်ဘူး။ စောင်ကြွားတဲ့ဒဏ်လည်းမခံနိုင်ဘူး။ ကိုယ်ဆိုတာကလည်း ကိုယ်ကသာကြွားချင်တာ ကိုယ့်လာကြွားရင် မျက်စောင်းချည်း နှစ်ဆယ့်တစ်ခါလောက်ထိုးပစ်လိုက်ချင်တာ။ ဟုတ်တယ်။

စုမွန်သွယ်
msu 057

Photo source

smart-phone-sketch-with-caption-saying-help!-customer-service-or-business-M6YERJ.jpg

အားနာတတ်စေချင် | Ecency