စီနီယာ အိုပါး

Words
195
Reading
1 min
8y
Listen to this post
~1 min

Copyနဲ့ ပတ်သက်လို့ ကျောင်းတုန်းက ကြုံဖူးတယ်။ သူငယ်ချင်းအဖွဲ့ထဲက ဆိုပေမဲ့ ဒီကျောင်းသားကြီးက မတ်မတ်စုတို့ထက် စီနီယာကျတယ်။ စီနီယာ အိုပါးလို့ ခေါ်ကျတယ်။ ပထမနှစ်မှာ ၂နှစ် ဒုတိယနှစ်မှာ နှစ်ချင်းပေါက်အောင်ပြီး တတိယနှစ်မှာ ၂နှစ်ပြန်ထိုင်နေတဲ့သူ။ မတ်မတ်စုတို့ခေတ်က သိပ္ပံ ဝိဇ္စာပေါင်းတဲ့ခေတ်ဆိုတော့ ၁၀တန်းမှာ မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ ဝိဇ္ဇာတွဲ သိပ္ပံတွဲဆိုပြီး သင်ကျရတာ။ ဝိဇ္ဇာတွဲမှာ ပထဝီဝင် သမိုင်း နဲ့ ဘောဂဗေဒ ၃ ဘာသာကို ပေါင်းထားတယ်။ သိပ္ပံတွဲမှာက ဓာတုဗေ ရူပဗေဒနဲ့ ဇီဝဗေဒကို ပေါင်းထားတယ်။ စာမေးပွဲဖြေတော့ အမှတ် ၃၀ကျော်ဖိုးစီ ဖြေရတယ်။

တက္ကသိုလ်ရောက်လာတော့ ၃နှစ်တန်းနဲ့ သင်ကျရတယ်။ အခု ပညာရေးကတော့ ၄ နှစ်တန်းတွေ ပြန်ဖြစ်သွားပါတယ်။ ခုနစကားလေးပြန်ကောက်ပါမယ်။ စီနီယာ အိုပါးဟာ တခြားအတန်းတွေ ဘယ်လိုတက်လာလည်းတော့ မသိပါဘူး။ နောက်ဆုံးနှစ် Final တန်းမှာတော့ မတ်မတ်စုတို့နဲ့ အတူတူတက်တဲ့နှစ်မှာ အင်မတန်စာခိုးချပါတယ်။ ခိုးတာမှ ခိုးနည်း မျိုးစုံနဲ့ကို ခိုးပါတယ်။ copyတွေကို ကွန်ပျူ တာနဲ့ သေးသေးလေးတွေဖြစ်အောင် စာစီပြီး ဘာဂျာခေါက်တွေ ခေါက်ပါတယ်။ ဘာဂျာခေါက်တွေကို နံပါတ်တွေတပ်ပြီး စာပုဒ်တွေရဲ့ ခေါင်းစဉ်တွေကိုသာ သူက ကျက်ပါတယ်။ ဥပမာ Area photoရဲ့ copyဟာ နံပါတ် ၁ စသည်ဖြင့်သာ နံပါတ်နဲ့ ခေါင်းစဉ်တွဲမှတ်ပါတယ်။

image
credit image source

ဘာဂျာခေါက်ထားတဲ့ copy တွေကို နံပါတ်တွေတပ်ပြီး သရေကွင်းနဲ့ အစည်းလိုက် လုပ်ပြီး ခြေသလုံး ၂ဖက်မှာ ချည်ထားပါတယ်။ နောက်တစ်နည်းက ဘောပင်ထဲမှာ စာရွက်သေးသေးလေးလိပ်ထည့်ပြီး copyလုပ်တဲ့နည်းပါ။ နောက်တစ်နည်းက ပေတံအကြည်မှာ ရေးတဲ့နည်းပါ။ အချိန်ကုန်လို့ သူက အဲ့နည်းကို သိပ်မသုံးပါဘူးတဲ့။ နောက်တစ်နည်းကတော့ copyစာရွက်ကို တိတ်အကြည်နဲ့ ကပ်ပြီး ရေစိမ်ထားပါတယ်။ ပြီးရင် စက္ကူ တွေကို ခွါလိုက်တဲ့အခါ တိတ်အကြည်မှာ စာလုံးမဲမဲလေးတွေကျန်ခဲ့ပါတယ်။ အဖြေလွှာပေါ်ကို တင်လိုက်တဲ့အခါ ထင်ထင်ရှားရှားမြင်ရပါတယ်။ ဆရာတွေလည်း သိပ်ဖမ်းမမိတဲ့နည်းပေါ့။ စီနီယာကြီးက သူ့ပေါင်ပေါ်နဲ့ စွယ်ကျယ်အောက်က အသားမှာ ကပ်ပြီး ဘယ်ခေါင်းစဉ်က ဘယ်နားမှာ ကပ်ထားတယ်ဆိုတာ မှတ်သွားပါတယ်။

အဲ့ဒီနှစ်ကလည်း စီနီယာကြီး စာမေးပွဲထပ်ကျပါတယ်။ နောက်တော့ ကျောင်းတွေပြီးလို့ ကိုယ့်မြို့ကိုယ့်ရွာပြန်ကျ လုပ်ငန်းခွင်တွေ ဝင်ကျဆိုတော့ သူငယ်ချင်းတွေ အဆက်အသွယ်မရှိကျတော့ပါဘူး။ တလောလေးကမှ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့လို့ စကားတွေပြောကျရင်း စီနီယာအိုပါး အကြောင်း သတိတရ မေးဖြစ်လိုက်ပါတယ်။ မူးယစ်ဆေးဝါး အလွန်အကျွံ့သုံးစွဲမှုနဲ့ ထောင်ကျသွားကြောင်းနဲ့ ထောင်ကနေလွတ်လာပြီး မကြာခင် ပြန်သုံးစွဲတာကြောင့် ဆေးထိုးအပ်တန်းလန်းနဲ့ဘဲ ဆုံးသွားကြောင်း ပြောပြလို့ စိတ်မကောင်းဖြစ်ရပါတယ်။ စာခိုးကြည့်သော်လည်း စိတ်ထားဖြူစင်သူ သူငယ်ချင်းများကို ကူညီတက်သူ အဆို အတီးကောင်းသူ သဘောကောင်းသူအဖြစ် သူငယ်ချင်းတွေက သူ့ကို ချစ်ခင်ကျပါတယ်။ စာမေးပွဲမှာ copyလုပ်ပြီး မအောင်မြင်ခဲ့သလို ဘဝတိုက်ပွဲမှာလည်း copyလုပ်ပြီး မအောင်မမြင်နဲ့ အဆုံးသတ်ရပါလားလို့ စိတ်မကောင်းကြီးစွာဖြစ်မိရင်း စီနီယာကြီး ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

image
credit image source

suhlaing@suhlaing
msc 175