This content got low rating by people.

အမေ

stearjack(18)
Published in
#zmt
Words
101
Reading
1 min
Listen
Play
8y

429158_M.jpg

တောင်သမန်ရွာ၏ ဆောင်းရက်သည် သာမန် ဆောင်းရက်များထက် ပို၍အေးသည်ဟု ထင်ရသည်။ ထူထဲသော ဆောင်းဝတ်အနွေးထည်ကြီးများ ဝတ်ထား သည်ပင် အအေးဓာတ်က ခန္ဓာကိုယ်ထဲသို့ အတင်းတိုးဝှေ့ နေသည်။ မြူနှင်းတို့ကား ထူထပ်စွာကျနေသောကြောင့် ကိုက်သုံးရာအဝေးကိုပင် ကောင်းစွာမမြင်ရ။ ထိုအအေး ဓာတ်နှင့် မြူနှင်းမှုန်တို့ကိုအန်တုပြီး ဇောချွေးများပင်ပြန် နေသောသူတစ်ယောက်ကလည်း ရှိနေပြန်သေးသည်။ သူသည် လုံချည်ကို တောသူဆန်စွာ တိုတိုဝတ်၍အင်္ကျီ ခပ်ပါးပါးပေါ်တွင် ဝါဂွမ်းဖြင့်ပြုလုပ်ထားသော ဖျင်ကြမ်း အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။ အချိုးမကျစွာ လိမ်းခြယ်ထားသော ရှင်မတောင်သနပ်ခါးထူထူများက မျက်နှာပေါ်တွင် ဟိုတစ်စု သည်တစ်စု။ လေးလံမည်ထင်ရ သော ထန်းခေါက်ဖာတစ်လုံးကို ခေါင်းပေါ်တွင် ကျွမ်းကျင်စွာရွက်၍ ဦးပိန်တံတားပေါ်မှ ခပ်သုတ်သုတ် လျှောက်လာသည်။ သူသည် ဦးပိန်တံတားကို ဖြတ်ကျော် ကာ လမ်းမကြီးအတိုင်းလျှောက်လာပြီး ဘယ်ဘက်သို့ တစ်ဆစ်ချိုးလိုက်သည် ။ ထို့နောက် ကျောင်းသားများနေ သော အဆောင်တစ်ဆောင်၏ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ခေါင်းပေါ်မှ ထန်းခေါက်ဖာကို အောက်သို့ခဏချလိုက် သည်။ အဆောင်အတွင်းသို့ မဝင်သေးဘဲ ထန်းခေါက်ဖာ ၏ဘေးတွင် ခြေပစ်လက်ပစ်ထိုင်လိုက်ကာ ထန်းခေါက်ဖာ ရွက်ရာတွင်သုံးသည့် ခေါင်းမြီးစုတ်ကိုဖြေ၍ ချွေးပြန်နေသော သူ၏မျက်နှာကို သုတ်လိုက်ပြီး ချွေးများခြောက်သွေ့ စေရန် ခေါင်းမြီးစုတ်ဖြင့် ယပ်ခတ်လိုက်သည်။

အတန်ကြာသောအခါတွင် သူသည် အဆောင်၏အတွင်းသို့ ဂနာမငြိမ်စွာကြည့်၍ တစ်စုံတစ်ခုကို ရှာဖွေနေ၏။ တွန့်ကြေနေသော အဝတ်အစားများက သူ့ကို အခြေခံလူတန်းစားအဖြစ် ဖော်ပြလျက်ရှိပြီး နေလောင် သော မျက်နှာ၊ အက်ကွဲနေသော ခြေဖနောင့်နှင့် ဖိနပ် စီးမထားဘဲ လုံချည်ကိုတိုတိုဝတ်ထားသည်က တောသူ တစ်ယောက်ဖြစ်သည်ကို သက်သေပြနေသယောင်ပင်။

အမေ | Ecency