ကျွန်ုပ်ထံမှသင်ခန်းစာယူပါ

Words
133
Reading
1 min
8y
Listen to this post
~1 min

Credit Image Source

  ကုန်သည်တစ်ယောက်ရယ်၊ အဖိုးအိုတစ်ယောက်နဲ့ သူ့သမီးလေးရယ်တို့ဟာ ရေထွက် စမ်းကလေး တစ်ခုရဲ့ ဘေးမှာ ဆုံကြတယ်။ ရေထွက် စမ်းကလေးကနေ ကြည်လင်ပြီး လက်လက်ထနေတဲ့ ရေကြည်အေးတွေ တသွင်သွင် စီးထွက်လို့နေတယ်။ ရေထွက်စမ်းကလေးရဲ့အပေါ်မှာ "ကျွန်ုပ်ထံမှ သင်ခန်းစာ ယူပါ" ဆိုတဲ့ စာသားလေးကို အများမြင်သာအောင် သစ်သားပြား တစ်ချပ်ပေါ်မှာ ထင်ထင်ရှားရှား ရေးသားထားတယ်။

  ထိုစာသားလေးကို မြင်တဲ့ ကုန်သည်ကြီးက သူကတော့ ရေထွက်စမ်းကလေးကနေ သင်ခန်းစာကောင်း တစ်ခုကို ခုလိုသင်ယူ လိုက်ရပါသတဲ့။

  "ရေထွက်စမ်းဆိုတ တစိမ့်စိမ့် စီးထွက်လာတဲ့ ရေတွေကနေစတာပါပဲ။ ဒါပေမယ့် ပင်လယ်ထဲ ရောက်အောင် လမ်းတစ်လျှောက် စီးဆင်းသွားရာမှာတော့ အခြား ရေစီးကြောင်းကလေးတွေနဲ့ ပေါင်းစည်းသွားရတယ်။ ပြီးတော့ စမ်းချောင်းကလေးတွေ ဖြစ်လာတယ်။ ပြီးတော့ ချောင်းလက်တက်ကလေးတွေ အဖြစ် ပေါင်းစည်းသွားတယ်။ အချိန်တန်တော့ ကြီးမားတဲ့ မြစ်ကြီး ဖြစ်ပေါ်လာရတယ်။ ဒီလိုပါပဲ လူတွေအလုပ် လုပ်တဲ့အခါလည်း ထို့နည်းလည်းကောင်းပါပဲ။ နည်းပါးတဲ့ အစပြုမှုကလေးတွေကနေ စတင်ပြီးတော့ နောင်များ မကြာမီမှာ ကြီးမားတဲ့ လုပ်ငန်းကြီးတွေ ဖြစ်လာအောင် ဆောင်ရွက်သွားသင့်သတဲ့"  

  အဘိုးအိုကလည်း ခုလိုပြောတယ်။  

  ရေထွက် စမ်းကလေးကနေ သင်ယူလိုက်ရတဲ့ သင်ခန်းစာကတော့ မိတ်ဆွေနဲ့ တစိမ်းတရံဆန် မခွဲခြားဘဲ တန်းတူထားပြီး နှုတ်ကလည်း ညီးညူ ထုတ်ဖော်ပြောကြားမနေဘဲ အကျိုးဆောင်ပေးဖို့ပါပဲတဲ့။  

  ကလေးမလေး ပြောတာကတော့ သူသင်ယူလိုက်ရတာက -

"ရေဆိုတာ သန့်ရှင်း စင်ကြယ် မနေရင် အလကားပါပဲ။ သုံးလို့မရပါဘူးတဲ့။ ဒါကြောင့် ကျွန်မတို့ဟာ ဘဝမှာ သန့်ရှင်းပြီး ရိုးသားဖြူစင်အောင် နေထိုင် သင့်ပါသတဲ့။" 


 "သင်ကြားပေးလိုက်တဲ့ ဆရာကတော့ တစ်ဦးတည်းပါပဲ။ သင်ပေးတဲ့ ဆရာရဲ့ ပါရမီနဲ့ အရည်အချင်းကို လိုက်ပြီး လူတိုင်းဟာ သင်ယူကြပါတယ်။ ဘဝဆိုတဲ့ ကျောင်းတော်ကြီးမှာ အသစ် တစ်စုံတစ်ရာကို မသင်ယူလိုက်ရတဲ့ နေ့တစ်နေ့ဟာ ကျွန်တော်တို့အတွက်ကို တကယ့်ကို အလဟဿ ဆုံးရှုံးသွားရတဲ့ နေ့တစ်နေ့ပါပဲ"  

*************************************

Author @shankhunsam

ကျွန်ုပ်ထံမှသင်ခန်းစာယူပါ | Ecency