Public Cover for children

sayar(50)
Published in
#steemit
Words
187
Reading
1 min
Listen
Play
9y

Image…
ဒီတစ်ပတ်ထဲမှာပဲ သက်ငယ်မုဒိမ်းမှု နှစ်ခုဖတ်ရတယ်။
တစ်ခုက မကွေးတိုင်းထဲက
တစ်ခုက ရန်ကုန်မြို့ပေါ်က
အတော် စိတ်မသက်မသာ ဖြစ်မိတယ်။

သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်လာရင် ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ အရေးကိစ္စနဲ့ ပတ်သက်ပြီး နားလည်သူတွေကို အသိပေးဝန်းရံခိုင်းတာ ပိုသင့်တော်ပါတယ်။
ပထမဆုံးအနေနဲ့ Pregnancy ကို တားမြစ်ဖို့
တားဆေးကို ၄၈နာရီအတွင်း တိုက်သင့်ပါတယ်။
အသက်အရမ်းငယ်လွန်းသေးရင်တော့ မလိုပေမယ့်
တစ်ခါတရံ အပျိုဖော်မဝင်ခင် (ရာသီမလာသေးခင်) အရွယ်ပေမယ့် ကိုယ်ဝန်ရှိသွားတတ်တာမျိုးတွေ ရှိပါတယ်။
အချို့က အပျိုမှမဖြစ်သေးတာ တိုက်ဖို့မလိုအပ်ဘူးလို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် အရွယ်ရောက်တဲ့အချိန်ချင်း မတူတတ်ကြတဲ့အတွက် ၄၈နာရီအတွင်း ဆေးတိုက်မိဖို့ လိုအပ်ပါတယ်။

နောက်တစ်ဆင့်ကတော့ လိင်ကနေတဆင့် ကူးဆက်တတ်တဲ့ ရောဂါတွေ (HIV, Bပိုး,Cပိုး,ဆစ်ဖလစ်) စတာတွေကို ကာကွယ်ဖို့အတွက် ဆေးစစ်တာတွေ၊ ဆေးတိုက်တာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့လိုအပ်ပါတယ်။

နောက်တစ်ဆင့်က သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ဝေဒနာတွေနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့၊ ပြန်လည်တည်ဆောက်နိုင်ဖို့ စတဲ့ အကူအညီတွေ လိုအပ်ပါတယ်။

ဒါက ကိုယ်သိသလောက် ရေးပြတာပါ။
သက်ငယ်မုဒိမ်းအတော်များများဟာ ရုတ်ချဉ်းသိတဲ့အမှုထက် မသိတဲ့အမှုက ပိုများပါတယ်။
ပြီးတော့ သက်ငယ်မုဒိမ်း အားလုံးနီးပါးဟာ နွမ်းပါးတဲ့၊ပညာမတတ်တဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပွားတာများပါတယ်။ အဲ့တော့ ပဋိသန္ဓေတားဆေး တိုက်ရမှန်း မသိကြတာ၊ တိုက်လို့ အချိန်မမှီတော့တာတွေ ရှိပါတယ်။
တစ်ခါတရံကျ ဗိုက်ကြီးလာပြီး မဖုံးနိုင်မဖိနိုင်ဖြစ်မှ
Rape caseမှန်း မိဘတွေက သိတာမျိုးတွေ ရှိပါတယ်။

လေးငါးခြောက်လမှ သိရတာမျိုးတွေဆိုရင်တော့ ဘာမှမတတ်နိုင်ပါဘူး။
ဒါပေမယ့် လနုနုမှာ သိရရင်တော့ မွေးဖွားဖို့ ကိုယ်အားမပေးပါဘူး။

ကိုယ်ဗုဒ္ဓဘာသာဝင်ပါ။
ကိုယ်ဝန်ဖျက်ချတာဟာ လူသတ်မှုဆိုတာ ကောင်းကောင်းကြီး နားလည်ပါတယ်။
ပုံမှန် Unwanted Pregnancy ကတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်၊ ကိုယ်အကုသိုလ်နဲ့ကိုယ်ပါ။
ဒါပေမယ့် သက်ငယ်မုဒိမ်းကနေ မွေးဖွားလာမယ့် ကလေးငယ်တွေအတွက် လောကကြီးဟာ သိပ်ကြမ်းတမ်းပါတယ်။

မွေးဖွားလာမယ့်ကလေးကို အသာထားပါဦး
မွေးဖွားရမယ့်မိခင်ဟာလည်း ကလေးဖြစ်နေတယ်။
ကလေးက ကလေးပြန်မွေးရတဲ့ အခြေအနေပါ။
ကိုယ့်ဘာသာ အရွယ်ရောက်လို့ အလိုတူတူနဲ့ အိမ်ထောင်ပြုပြီး လိုလိုချင်ချင် ကလေးမွေးရင်တောင်မှာ
ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ အာဝေနိကဒုက္ခအသွယ်သွယ်ကို ခံစားရတာ...
အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်
အတင်းအဓမ္မလိင်မှုပြုခံရပြီး မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရ၊ ကလေးမွေးရတာကို စဉ်းစားကြည့်ပါ။
အတွေးနဲ့တောင် အတော်ခါးသီးပါတယ်။

ကိုစိုးထိုက်(ဖဒို)ရဲ့ စောင့်ရှောက်ရေးဂေဟာမှာ
ကိုယ့်သမီးလေးကို သွားသွားကြည့်ရင်း
Victimကလေးမလေးတွေကို ခဏခဏမြင်ဖူးပါတယ်။
ကလေးလေးက ကလေးမွေးထားရတယ်...
သူတို့ကိုယ်တိုင်က ကလေးစိတ်ပဲ ရှိသေးတာ။
ကစားချင်မယ် ဆော့ချင်မယ် ကလေးလိုနေချင်မယ်။
ဒါပေမယ့်..........
အတော်သနားစရာကောင်းတဲ့ ဘဝတွေပါပဲ။

လူ့အဖွဲ့အစည်းအနေနဲ့ သက်ငယ်မုဒိမ်းတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပါမယ်။
ကျူးလွန်သူကို ပြစ်ဒဏ်ကြီးလေးစွာ ချနိုင်ဖို့ရယ်
Victims တွေကို ဖေးမကူညီစောင့်ရှောက်ဖို့ရယ်
ကူညီပါဝင်ပေးဖို့ လိုအပ်ပါတယ်။

ကိုယ်နဲ့မသက်ဆိုင်သလို မနေဘဲ နှုတ်၏စောင်မခြင်း
ဖေးမခြင်း၊ ကူညီခြင်းတွေနဲ့ လူတိုင်းပါဝင်လာမယ်ဆိုရင်
အတိုင်းအတာတစ်ခုအထိ ထိရောက်လာနိုင်မယ် ထင်ပါတယ်။

ကလေးသူငယ်တွေကို ကလေးသူငယ်စစ်စစ်ဖြစ်ခွင့်ပေးပါ။
thanks sayar@sayar
SMT 16

Public Cover for children | Ecency