အိုဘယ့်ရခိုင်မြေ

Words
126
Reading
1 min
8y
Listen to this post
~1 min

အိုဘယ့် ရခိုင်မြေ(၁)

IMG_20180621_183645.jpg

ရခိုင်…..မြန်မာပြည်၏ အနောက်တံခါး….ယဉ်ကျေးမှုတို့မြို့ပြနိုင်ငံတိုင်အောင် မြင့်မားခဲ့သော ဒေသသို့အလည်တစ်ခေါက်ရောက်ခဲ့ပါသည်။ မြောက်ဦး ဝေသာလီမြို့ဟောင်း စသည်ဖြင့် ကြားဖူးနေ၊ စိတ်ဖြင့်သက်သက်သာ အလည်ရောက်နေခဲ့သည်မှာ ကြာချေပြီ။
ပုဂံမတိုင်မှီကပင် မြို့ပြနိုင်ငံထူထောင်ကာ ဗုဒ္ဓသာသနာ ရောင်ဝါထိန်လင်းခဲ့သောနေရာ။
ဆွဲဆောင်မှုအားကြီးလှသော်လည်း လွယ်လင့်တကူရောက်နိုင်သောနေရာ မဟုတ်ပြန်။ ရန်ကုန်မှ ကားဖြင့်သွားလျင် ၂၄ နာရီမကသောခရီး၊ အမ်းတောင်ကြားလမ်းမှ တဆင့်လာရသည်ဟုဆိုသည်။

IMG_20180621_163133.jpg

လမ်းပန်းဆက်သွယ်ရေးအားဖြင့် အတန်ခက်ခဲသည်ဟုဆိုနိုင်သည်။ ဒီခေတ်နောက်ပိုင်း တိုးတက်လာသည်ဆိုသည့်တိုင် သက်တောင့်သက်သာခရီးတစ်ခုဟုဆိုရန် ခက်ခဲသည်။ ကျွန်တော်တို့က လေကြောင်းဖြင့်သွားရန်သာ ဆုံးဖြတ်ခဲ့ကြသည်။ လေယာဉ်ခရီးဖြင့် ဆိုလျင်တော့ ရန်ကုန်မှ စစ်တွေသို့ တစ်နာရီကျော်ခန့်သာ ကြာမြင့်ပေမည်။ စစ်တွေသို့ရောက်သော် မြို့တွင်းလည်ပတ်ပြီးနောက်တစ်နေ့မှ မြောက်ဦးသို့ ခရီးဆက်ရန်ဖြစ်သည်။

IMG_20180621_183145.jpg

စစ်တွေသည်ရခိုင်ပြည်နယ်မြို့တော်ဖြစ်သော်လည်း လည်ပတ်စရာ မများလှပေ။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သောကြောင့် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ကမ်းခြေရှိသော်လည်း အပန်းဖြေကမ်းခြေအဖြစ် အသုံးပြုရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ ရေတိမ်ပိုင်းတွင်ပင် ကျောက်ဆောင်ထူထပ်များပြားကာ လှိုင်းလဲကြီးသောကြောင့်ပင်ဖြစ်သည်။ စစ်တွေမြို့ လောကာနန္ဒာ စေတီတော်သို့ဦးစွာ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။ စေတီတော်၏ပုံတော်မှာ ရွှေတိဂုံစေတီတော်နှင့် ဆင်တူပြီး အတွင်းတွင် လှိုဏ်ပတ်လမ်းပါရှိသည်။ ကြည်ညိုဖွယ်ရာပင်ဖြစ်သော်လည်း ထိန်းသိမ်းစောင့်ရှောက်မှု အတန်ငယ်အားနည်းသည်ဟုထင်မိသည်။

IMG_20180621_164341.jpg

ထိုမှတဆင့် စစ်တွေ view point သို့ သွားရောက်လည်ပတ်ကြသည်။ ရှေးယခင်က အမြောက်ကြီးထားရှိကာ ပင်လယ်မှ ဝင်လာသောရန်သူကို တိုက်ခိုက်ရန် အသုံးပြုခဲ့ကြသည်ဟု သိရသည်။ ထိုနေရာမှ ပင်လယ်အတွင်းရှိ မီးပြတိုက်ကိုလဲ လှမ်းမြင်နိုင်သည်။ လေအတော်ထန်ကာ ပင်လယ်လှိုင်းများမှလည်း ကမ်းခြေသို့ မာန်ဟုန်ပြင်းစွာ ရိုက်ခတ်နေကြသည်။ ညနေခင်းအချိန်တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေသော view point သည် အမှန်တကယ်ပင် စိတ်ကို ညို့ယူဖမ်းစားနိုင်ပါသည်။

IMG_20180621_182426.jpg

View point မှအပြန် အာရိယန်စားသောက်ဆိုင်တွင် ညစာဝင်ရောက်စားသုံးကြပါသည်။ သန့်ရှင်းလတ်ဆတ်သော ပင်လယ်စာများကို အရသာရှိစွာ ချက်ပြုတ်ထားပြီး ပင်လယ်ကမ်းနဘေးတွင်ရှိသောကြောင့် လှိုင်းသံများကို အတိုင်းသားကြားနေရသည်မှာ မမေ့နိုင်သော အတွေ့အကြုံပင် ဖြစ်သည်။ ထိုညအဖို့ စစ်တွေ ရွှေသဇင်ဟိုတယ်တွင် တည်းခိုခဲ့ကြသည်။

အပိုင်း(၂)ဆက်ပါဦးမည်

(ဓာတ်ပုံများမှာ ခရီးစဉ်အတွင်း ကျွန်တော်ရိုက်ခဲ့သောပုံများဖြစ်ပါသည်)

စိုင်းကောင်းဇော်သန့်
MSC-261

အိုဘယ့်ရခိုင်မြေ | Ecency