ရေဒါစနစ်အကြောင်း သိကောင်းစရာ
ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ စစ်ရေးကဏ္ဍမှာ အဓိက အသုံးပြုလေ့ရှိတဲ့ ရေဒါစနစ်အကြောင်း တင်ပြချင်ပါတယ်။
ရေဒါဆိုတာ လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုပြီး လေယာဉ်၊ သင်္ဘောစတဲ့ ရွှေ့လျားနေတဲ့ အရာဝတ္ထုတွေသာမက မြေမျက်နှာသွင်ပြင်၊ တွင်းထွက်ပစ္စည်းတွေဖြစ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ အစရှိတဲ့ တည်ငြိမ်နေတဲ့အရာဝတ္ထုတွေရဲ့ အကွာအဝေး၊ အမြင့်၊ လားရာ၊ အလျင်တို့ကို တိုင်းတာနိုင်တဲ့ အီလက်ထရွန်းနစ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ရေဒါမှာ active ရေဒါနဲ့ passive ရေဒါဆိုပြီး ရှိတယ်လို့လည်း သိရပါတယ်။ စင်စစ်အားဖြင့် ရေဒါဆိုတာ အမေရိကန်ရေတပ်ဗိုလ်တစ်ဦးက တီထွင်ခဲ့တဲ့ ဝေါဟာရတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ radio detection and ranging ဆိုတဲ့ အင်္ဂလိပ်စကားကို အတိုချုံးယူပြီး ရေဒါဆိုတဲ့ ဝေါဟာရကို ရရှိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရေဒါဟာ စစ်အတွင်းက အသုံးများခဲ့တဲ့ ကိရိယာတစ်ခုဖြစ်ပြီး အမေရိကန်က စမ်းသပ်စစ်ဆေးသူတစ်ယောက်က ၁၉၂၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရေဒါမှာ ရေဒီယိုရဲ့ မူအများအပြားနဲ့ ရေဒီယိုမှာ ပါဝင်တဲ့ ပစ္စည်းအများအပြားကို အသုံးပြုထားပါတယ်။ ရေဒါကလွှတ်တဲ့ ရောင်ခြည်ဟာ မိုးတိမ်၊ နှင်းထု၊ လေမုန်တိုင်းစတာတွေကို ဖောက်ထွင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားစဉ်က အင်္ဂလန်နိုင်ငံရဲ့ လေတပ်ဟာ ရေဒါကို စစ်ဦးကပင် စတင်အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ရေဒါရဲ့ အစွမ်းနဲ့ ဂျာမနီ ဗုံးကြဲလေယာဉ်တွေ ထွက်ခွာလာတာနဲ့ တစ်ပြိုင်နက် ကြိုတင်သိရှိပြီးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် တိုက်လေယာဉ်တွေကို အချိန်မီတက်ရောက်ကာ ရန်သူလေယာဉ်တွေကို ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။
ရေဒါကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ကောင်းစွာအသုံးချခဲ့ကြပြီး အဝေးမှလာတဲ့ ရန်ကူလေယာဉ်ပျံနဲ့ မိမိတပ်လေယာဉ်တို့ကို အလွယ်တကူခွဲခြားသိနိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ television radar လို့ခေါ်တဲ့ ရုပ်မြင်သံကြားရေဒါကို သင်္ဘောနဲ့ သံချပ်ကာကားတပ်တွေမှာ အသုံးပြုခဲ့ကြပြီး ရေဒါအကူအညီနဲ့ အဝေးကပင်ဆက်သွယ်စကားပြောဆိုနိုင်ကြပါတယ်။ အဲဒီနောက်မှာတော့ ပိုမိုတိုးတက်တီထွင်ခဲ့ကြပြီး ရေဒါတွေကို လက်ရှိမှာ နယ်ပယ်ကဏ္ဍစုံမှာ ကျယ်ပြန့်စွာအသုံးပြုနေကြပြီဖြစ်ပါတယ်။
Ref : wikipedia
Credit- google photo