လိပ်ခေါင်းရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် အကောင်းဆံုးနည်းလမ်းက ၀မ်းကိုပျော့နေအောင် (၀မ်းမချုပ်အောင်) ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။
(၁) အမှျှင်ဓာတ်များများစားပါ။
သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတွေများများစားပေးပါ။ ၀မ်းပျော့စေပါတယ်။
(၂) အရည်များများသောက်ပါ။
တစ်နေ့ကို ရေရှစ်ဖန်ခွက်လောက်သောက်ပေးရပါမယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးရပါမယ်။ ၀မ်းပျော့စေပါတယ်။
(၃) ၀မ်းမညှစ်ပါနဲ့
ပံုမှန်၀မ်းသွားနေတုန်းမှာပဲဖြစ်ဖြစ်၊ ၀မ်းချုပ်လို့ပဲဖြစ်ဖြစ် အသက်အောင့်ပြီး အားစိုက်ညှစ်ထုတ်ရင် ၀မ်းဗိုက်အတွင်းမှာ ဖိအားအများကြီးမြင့်တက်လာပါတယ်။ လိပ်ခေါင်းဖြစ်ဖို့အခွင့်အရေး တွေများလာစေပါတယ်။
(၄) ၀မ်းသွားချင်ရင် အောင့်မထားပါနဲ့
ပံုမှန်၀မ်းသွားချင်လာတဲ့အခါ ၀မ်းမသွားချင်အောင် စိတ်ကိုချုပ်ထိန်းထားလိုက်ရင် ၀မ်းသွားချင် စိတ်ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါပေမဲ့ မစင်တွေက အူထဲမှာအချိန်ကြာကြာနေရရင် ခြောက်ပြီးမာလာပါတယ်။ နောက်ပိုင်းမှာ ၀မ်းသွားဖို့ ခက်ခဲလာပါလိမ့်မယ်။
(၅) ကာယလေ့ကျင့်ခန်းပြုလုပ်ပါ။
၀မ်းချုပ်တာကို ကာကွယ်ဖို့၊ သွေးပြန်ကြောတွေအပေါ် ဖိအားလျော့နည်းစေဖို့ ကိုယ်ကာယလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်သင့်ပါတယ်။ တက်တက်ကြွကြွနေထိုင်သင့်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်လို့ ကိုယ်အလေးချိန်လျော့ကျသွားတာကလည်း ၀မ်းဗိုက်အတွင်းဖိအားလျော့နည်းစေတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။
(၆) အချိန်ကြာကြာထိုင်ခြင်းကို ရှောင်ကြဥ်ပါ။
အချိန်ကြာကြာထိုင်တာ အထူးသဖြင့် အိမ်သာထဲမှာ အချိန်ကြာကြာထိုင်တာဟာ စအို၀မှာ ရှိတဲ့ သွေးပြန်ကြောတွေအပေါ် ဖိအားများစေပြီး လိပ်ခေါင်းရောဂါဖြစ်ဖို့ အခွင့်အရေးကိုများစေပါတယ်။