ခွေးပါးစပ်က နတ်စကားထွက်ပါ့မလား
ဒါပေမဲ့ လူတွေက ခွေးပါးစပ်က ထွက်လာတဲ့စကားကို နတ်စကားဖြစ်မယ်ထင်ပြီး ဆင့်ဟိုဟာ ခွေးမျှော်သလို မျှော်သူတွေကမျှော်၊ ဘာသာပြန်သူတွေက ပြန်နေကြတယ်။
ခွေးပါးစပ်ကထွက်တာကို နတ်စကား ဟုတ်နိုးနိုးနဲ့ မျှော်ကိုးနေတဲ့ သူတွေလည်းရှိတယ်။ ပိုဆိုးတာက ပညာရှင်တွေကိုယ်တိုင်က ခွေးပါးစပ်ကထွက်လာတာကို သုတေသနလုပ်နေကြတာပဲ။
“ဝုတ် … ဝုတ်” ဆိုတာကို ဘာသာဗေဒဘက်က သရုပ်ခွဲတယ်။ မနုဿဗေဒနဲ့ နှိုင်းယှဉ်တယ်။ ဇီဝဖြစ်ထွန်းမှုနဲ့ ဆင့်ကဲဖြစ်စဉ်ဆိုပြီး ငွေကုန်ခံနေကြတယ်။
အသံကို ကွန်ပျူတာထဲသွင်း၊ ဆော့ဖ်ဝဲတွေနဲ့ စစ်ထုတ်ပြီး တစ်ခုချင်းပြန် ဖော်ထုတ်လိုက်တာက စာမျက်နှာပေါင်း ထောင်ကျော်တယ်။
ဝုတ် … ဝုတ် နှစ်လုံးကို စာမျက်နှာ ထောင်ကျော်အောင် သုတေသနလုပ်နိုင်တယ်ဆိုပြီးတော့ ပါရဂူဘွဲ့ ပေးသူတွေကပေးတယ်။
တွေ့လား … ဝုတ် … ဝုတ်ဆိုတဲ့ စကားကို အဘိဓာန်မှာ သွားရှာလို့ရအောင် ငါတို့တီထွင်ပြီး ထည့်သွင်းနိုင်ပြီ ဆိုပြီးတော့ ချီးကျူးဂုဏ်ပြုပွဲတွေ လုပ်ပြန်တယ်။
ခွေးပါးစပ်က ဝုတ် … ဝုတ် ထွက်တာ နတ်စကားလား ?
ကောင်းပါပြီ … ခွေးပါးစပ်ကထွက်တာ နတ်စကားပဲထားပါတော့၊ အဲဒီခွေးက နတ်စကားပြောပြီးရင် ချေးမစားတော့ဘူးလား။
“ဟေ့ ငါတို့ ခွေးတွေက ချေးမစားဘူး … ပေါင်မုန့်စားတယ်။ အမဲသားစားတယ်”
ကောင်းပါပြီ အဲဒီ ပေါင်မုန့်နဲ့ အမဲသားစားတဲ့ကောင်တွေကရော ဘယ်လိုဟောင်သလဲ
“ဝုတ် … ဝုတ်”
“ဟေ့ လိုက်မှတ်ကြဟေ့ ဝုတ် ဝုတ်ဆိုတာ အဓိပ္ပာယ်အများကြီးပဲ”
တိုင်းပြည်မှာကလည်း ခွေးပါးစပ်ကထွက်တာကို အလုပ်တစ်ခုလုပ်နေရတာကိုက အလုပ်ကြီး အကိုင်ကြီးဖြစ်လို့
“မဟုတ်ဘူးဗျ … ခွေးတွေပါးစပ်က ညောင်လို့ အော်လိုက်တဲ့နေ့ကျရင် ဒီမိုကရေစီရမယ်” တဲ့။ ပြောပြန်ပြီ
“ညောင်”
ကြားလိုက်သလား
“ကြောင်အော်တာ”
“ကြောင်အော်တာ မဟုတ်ဘူး”
“ဟ … ညောင် ဆိုတာ ကြောင်လေ”
ဒီခေတ်မှာ ကြောင်တွေက ညောင်လို့ မအော်တော့ဘူး
ခုခေတ်မှာ ကြောင်တွေက ဝုတ်ပြောင်းပြီး၊ ခွေးတွေက ညောင်ပြောင်းနေကြတာ
ဒါကြောင့် သေသေချာချာကြည့်ပြီးမှ ကြောင်လား ခွေးလား ခွဲခြားနိုင်မှာ။
ဟောကြည့်
ခါတိုင်းက “ဝုတ်သုတေသန”
ခုတော့ “ညောင်သုတေသန”
“ညောင်” တဲ့
ကြားလား
ခွေးများသည် အဘယ်ကြောင့် ညောင်ပြောင်းပြီး၊ ကြောင်များသည် အဘယ်ကြောင့် ဝုတ်ပြောင်းရကြောင်း စာတမ်းတင်ဖို့ လုပ်နေကြပြန်ပြီ။
ခေတ်က ကြောင်ရေချိုးတာလောက်နဲ့ မရတော့ဘူး
သုတေသနလုပ်ပြီး စာတမ်းမှ လာမတင်ရင် လူရာမဝင်တဲ့ခေတ်။
တင်ညွန့်
photo: facebook