အငြင်းပွား

Words
136
Reading
1 min
Listen
Play
8y

image

အငြင်းပွား

တစ်နေ့တော့ တက္ကသိုလ်ပါမောက္ခကြီးတစ်ယောက်ဟာ အိမ်ကို စာရွက်လိပ်တစ်လိပ်နဲ့ ပြန်လာတယ်။ သူဟာ အတွေးအခေါ်ပညာရှင်ဖြစ်သလို ဘုရားသခင် (God) ဆိုတာကို မယုံကြည်တဲ့ ဘုရားမဲ့ဝါဒီ တစ်ဦး လည်းဖြစ်ပါတယ်။

အိမ်မှာ ဇနီးဖြစ်သူက ဘာသာတရားကိုင်ရှိုင်းတယ်။ သားဖြစ်သူကိုလည်း သူ့ဘာသာတရားအပေါ် စည်းရုံး သိမ်းသွင်းနေပါတယ်။ အငြင်းမပွားလိုတဲ့ ပါမောက္ခကြီး ဝယ်လာတဲ့ စာရွက်မှာ ရေးထားတဲ့ စာလုံးတွေက

“God is nowhere”

သူက ဇနီးနဲ့ သားကိုပေးချင်တာ ကတော့ “ဘုရားသခင်ဆိုတာဘယ်မှာမှ မရှိဘူး” လို့ပြောချင်တာ။

အိမ်ရောက်ပြီး သတင်းစာထိုင်ဖတ်နေရာက သားဖြစ်သူကို ခေါ်လိုက်တယ်

“သားရေ လာပါဦး … ဒီ စာတန်းလေးကို ရေခဲသေတ္တာမှာ ကပ်ပေးပါလား”

image

“ဟုတ်ကဲ့ ဖေဖေ”

သားက မီးဖိုခန်းထဲကို စာရွက်လေး ယူသွားတယ်။ ရေခဲသေတ္တာမှာ ကပ်လိုက်တော့ အားလုံး အလွယ်တကူ မြင်နိုင်မှာပေါ့ဆိုတဲ့သဘောနဲ့ ခိုင်းလိုက်တာပါ။ သူ့အကြံကိုလည်း ပါမောက္ခကြီးက ပီတိဖြစ်နေမိတယ်။

ဒီလိုနဲ့ ထမင်းစားချိန်ရောက်တော့ ပါမောက္ခကြီးက ထမင်းစားခန်းထဲ ဝင်လိုက်တယ်။ သူကပ်ခိုင်းထားတဲ့ စာရွက် သားဖြစ်သူက ကပ်ပြီးပြီလားဆိုပြီးတော့ ရေခဲသေတ္တာဆီကို ကြည့်လိုက်တယ်။ သူအံ့အားသင့်သွား ရပါတယ်။

ရေခဲသေတ္တာနဲ့ သူဝယ်လာတဲ့ စာတန်းက မဆံ့ဘူး။ စာတန်းက ရှည်နေတယ်။ ဒါကြောင့် သားဖြစ်သူက စာတန်းကို သူ့စိတ်ကူးနဲ့သူ ပိုင်းပြီးတော့ ကပ်ထားလိုက်မှ ကွက်တိဖြစ်သွားတယ်။

သားဖြစ်သူ စီစဉ်ထားတဲ့ အစီအစဉ်လေးပါ

“God is now

here”

ပါမောက္ခကြီးက စာတန်းကို အံ့အားသင့်စွာ ကြည့်နေတယ်။

“ဖေဖေ သားကပ်ထားတာ အဆင်ပြေရဲ့လား”

“အေး … အေး … ပြေပါတယ်ကွာ”

“ဖေဖေ့စာတန်းက ရှည်နေတာကိုး။ ဒါကြောင့် သားကဖြတ်ကပ်လိုက်ရတယ်”

“အင်း … အင်း”

“မရှိဘူး” “ရှိတယ်” ဆိုတာတွေဟာ ဇွတ်လုပ်လို့ရတာတွေ မဟုတ်ပါဘူး။

တစ်ခါတလေ သူ့အလိုလို ရှိသွားတတ်တာတွေလည်း ဖြစ်သွားတတ်ပါတယ်။

ခုတော့ ဘုရားသခင်ဟာ ဒီနေရာရှိနေပါတော့တယ်။

(God is now here)

တင်ညွန့်

photo :facebook

image

အငြင်းပွား | Ecency