တခေတ်တခါက စိတ်ကူးခဲ့ဖူးသလို
ဆေးပေးရင်းနဲ့ ကလောင်ကိုင်မယ့်လက်ကလေး
နာဖျားမှုတွေကို
စာသားတွေနဲ့ ကျန်းမာစေချင်သူ။
.
လောလောဆယ်မှာ
စာသားတွေရဲ့ ကယ်တင်ခြင်းခံနေရသူတစ်ယောက်
ဒီလူတစ်ယောက်ရဲ့ အကျဉ်းချုံးလိုက်ရတဲ့ ဆန္ဒတွေဟာ
သွေးသားတောင့်တမှု သက်သက်မဟုတ်ဘူး။
.
ကိုယ့်ရင်ကွဲနာ
ကိုယ့်ဘာသာချုပ်ရိုးချည်ရင်း
ကိုယ့်မျက်နှာကို ကိုယ်မြင်တိုင်း
တနေရာရာကို ပြုပြင်ချင်တဲ့အလိုမကျမှုတွေနဲ့
ကိုယ့်အကြောင်းကိုယ် အမြည်းလုပ်ကာ
နေ့ညတိုင်းကို
တကိုယ်တော် ယစ်မူးလာခဲ့လေသူ။
.
အသက်တွေကြီးလာသမျှ
အိပ်မက်တွေ သေးငယ်လာလိုက်တာ။
အသက်၆၀ အရွယ်ရဲ့ လျော့တိလျော့ရဲ လက်မောင်းသားလိုပဲ
ဖရိုဖရဲတွေ မင်းမူနေလိုက်ကြတာ။
.
လမ်းမပေါ်ခွေခွေလေးလဲနေတဲ့ ရေသန့်ဗူးခွံလေးလို
ရေမရှိတော့လို့ လမ်းပေါ်ရောက်သလား
လမ်းပေါ်ရောက်လို့ ရေပြန်မဖြည့်ကြတာလား
အရာရာဟာ မဖြစ်မနေတွေကို ဦးစားပေးခဲ့ရ။
.
အညတရတစ်ယောက်ရဲ့ အနာဂတ်ဟာ
တလွှာပြီး တလွှာ
မထိတထိနဲ့
ခြစားခံလိုက်ရပုံများ….။