ဖောက်ပြန်ခြင်းခံရရင်တဲ့ ...
ဒါနဲ့ပက်သက်ပြီး ရင်ဖွင့်ကြတဲ့အခါ ... ကျွန်မမှာပြန်ဖြေစရာစကားလုံးတွေရှားခဲ့ပါတယ် ...
နှစ်သိမ့်တယ်ဆိုတာ တစ်ခဏ ခံစားချက်တွေသက်သာစေပေမယ့် အမှန်တရားမဟုတ်ပါဘူး.
တစ်ခါတစ်ခါ အမှန်တရားကလက်ခံဖို့ရာခါးသီးပေမယ့် အမှန်တရားတိုင်းလက်ခံခြင်းဟာ ရေရှည်အတွက်ကောင်းပါတယ်.
ဒါကြောင့် ... ကျွန်မ မနှစ်သိမ့်တတ်ပါဘူး.
အမှန်တရားကိုဘဲ လက်ခံဖို့ရာ ပြန်ဖြေပါတယ်.
တစ်ချို့ကလည်း စိတ်ဆိုးသွားကြတာရှိတယ်.
ခံစားနေရချိန်မို့ ကျွန်မကိုစိတ်ဆိုးလည်း နားလည်ပေးပါတယ်. ကျွန်မကို စိတ်ဆိုးလို့ ခံစားနေရတာ သက်သာမယ်ဆို စိတ်ဆိုးချင်သလောက်ဆိုးပါ.
အဲဒါနဲ့ပက်သက်ပြီးပြန်ဖြေဖို့ရာ စကားလုံးရှားပါးလို့ ...
ကျွန်မ ဖောက်ပြန်ခံရရင်နဲ့ဘဲ ပြန်ဖြေပါရစေ ...
တကယ်လို့များ အကြောင်းကြောင်းကြောင့် ချစ်သူဖောက်ပြန်ရင် ...
# ရည်းစားဘဝမှာဆိုရင် တစ်ခါတည်း အဆက်အသွယ်ဖြတ်လမ်းခွဲပါမယ်.
အဲ့အတွက်နောင်တမရသလို မလွမ်းဆွတ်ပါဘူး.
ဘာဖြစ်လို့လည်းဆို ကိုယ့်ပေါ် သူစိတ်ဝင်မစားတော့လို့ ဖောက်ပြန်တာမို့ ဆက်လက်တွဲနေလည်း သူ စိတ်ဟာ တစ်ခြားတစ်ယောက်မှာရှိနိုင်တယ် သံသယစိတ်နဲ့ ရီလေးရှင်းရှစ်အဆင်မပြေသလို
ပျက်သွားတဲ့ ယုံကြည်မှုဟာ တစ်သက်လုံးပြန်တည်ဆောက်တောင် မလွယ်ပါဘူး.
ယုံကြည်မှု မရှိတဲ့ ရီလေးရှင်းရှစ် ဘယ်လိုမှ မခိုင်မြဲပါဘူး.
* တကယ်လို့ အိမ်ထောင်ပြုပြီးမှ အိမ်ထောင်ဖက်ဖောက်ပြန်ဆို ...
ပထမအကြိမ် : ခွင့်လွှတ်ပါမယ်.
အိမ်ထောင်ရေးဟာ ရည်းစားဘဝဆို ဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့မရပါ.
သူ့မိဘ ကိုယ့်မိဘ သူနဲ့ကိုယ်နှစ်ယောက်တည်းမဟုတ်တဲ့ မိသားစု နှစ်စု ပက်သက်မှုမှာ ... မိသားစု ရ
ဂုဏ်သိက္ခာတွေ စဉ်းစားရပါတယ်.
ဒုတိယအကြိမ် : ခွင့်လွှတ်ပါမယ်. warning လေးတော့ပေးမယ်.
တတိယအကြိမ် : လမ်းခွဲဖို့ စတင်စဉ်းစားပါတော့မယ်.
ဒါ သူနဲ့ကိုယ် နှစ်ယောက်တည်းရှိတဲ့ မိသားစုပါ.
တကယ်လို့ ... သူနဲ့ကိုယ့်မှာ သားသမီးဆိုတာတွေရှိလာရင်တော့ အိမ်ထောင်ဖက် ဖောက်ပြန်လည်း ဘယ်လိုဖြစ်ဖြစ် အိမ်ထောင်ဖက်ကို သေတပန်သက်တစ်ဆုံး သည်းခံပေါင်းသင်းပါမယ်.
ဘာလို့လည်းဆို သားသမီးတွေအတွက်ပါ.
ကိုယ်တိုင်စိတ်မချမ်းသာလို့ နှလုံးကွဲသေချင်သေပါစေ.
သားသမီးတွေ မိတကွဲ ဖတကွဲ မဖြစ်စေဖို့ ကိုယ့်ကိုယ်ကိုစတေး ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်ကို တစ်သက်လမ်းမခွဲပါဘူး.
ဒီလောက်ပါဘဲ.
ဒါ ကျွန်မ ခံယူချက်နဲ့ ဆုံးဖြတ်ချက်တွေပါ.
တကယ့်လက်တွေ့မှာ ပြောင်းလဲမှာလားဆို မပြောင်းလဲပါဘူး.
ယခု တစ်ယောက်တည်း ... နောင်တစ်ချိန် ကျွန်မ အိမ်ထောင်များပြုဖြစ်ခဲ့လို့ ... မတော် အဲ့လိုမျိုးကြုံတွေ့ရရင် အဲ့လိုဘဲဆုံးဖြတ်ပါမယ်.
လူတစ်ယောက်နဲ့ တစ်ယောက် ...
ခံယူချက် ...
ခံစားချက် ...
ဆုံးဖြတ်ချက်တွေ မတူလို့
မှန်ကန်သော ...
ဘဝအတွက် ...
အချစ်အတွက် ...
အကောင်းဆုံး ဆုံးဖြတ်ချက်များချနိုင် အေးချမ်းပျော်ရွှင်သောဘဝများတည်ဆောက်နိုင်ပါစေ.
အသိတစ်ယောက်မေးတယ် ...
နင် အိမ်ထောင်မပြုဘူးလားတဲ့.
ပြုဖို့ အစီအစဉ်မရှိဘူး ... ရည်းစားထားဖို့လည်းမရှိဘူးဆိုတော့ မေးသူ မျက်ခုံးတွေပင့်တက်သွားတယ် ...
အံ့သြသွားပုံပါ.
မိန်းကလေး အသက်အရွယ်တစ်ခုရောက်တာနဲ့ ဒါမျိုးက အမေးခံရတာလူတိုင်းနေမှာပါ.
အိမ်ထောင်ပြုခြင်းမှာ ကောင်းခြင်း မကောင်းခြင်းရှိသလို ...
တစ်ယောက်တည်း နေခြင်းမှာလည်း ကောင်းခြင်း ဆိုးခြင်းရှိတယ်.
ဘယ်အရာမှ အလုံးစုံပြည့်စုံတယ်ရယ်လို့မှမရှိတာ.
တစ်ယောက်တည်းသမားကတော့ ...
လူတွေပြောတဲ့ အထီးကျန်ခြင်း (ဒါကလည်း ကိုယ့်စိတ်အပေါ်မှာမူတည်တယ်ထင်ပါတယ်. တစ်ယောက်တည်းဘဝရဲ့ အေးချမ်းသာယာခြင်းကို နှစ်သက်သူက အထီးကျန်ခြင်းဆိုတာ တွေးမိမှာတောင်မဟုတ်ဘူး. အိမ်ထောင်သည်တိုင်း အထီးမကျန်ဘူးလည်း မဟုတ်ဘူးလေ. တစ်အိပ်ယာတည်း အတူအိပ်နေပြီး စိတ်တွေ အထီးကျန်နေသူတွေလည်း ရှိနိုင်တာဘဲ.) ...
ဘဝကို တစ်ယောက်တည်းရုန်းကန်ရခြင်း (ဒါကလည်း မိသားစုရှိသူတွေက အမျိုးသမီးဖို့ ယောင်္ကျားဖို့ သားဖို့ သမီးဖို့ ပိုရုန်းရနိုင်ပါတယ်.) ...
စသည်ဖြင့် မကောင်းဘူးထင်ရတဲ့အချက်တွေရှိသလို ... တစ်ယောက်တည်းဘဝမှာ ပျော်မွေ့သူတွေကတော့ ...
သိပ်ကို အေးချမ်းတဲ့ ...
ပူပင်သောကနည်းတဲ့ ...
အကုသိုလ်နည်း (ရည်းစားမရှိ ... အိမ်ထောင်မရှိတော့ အနည်းဆုံးရန်ဖြစ်ရ စကားများရသူနည်းမယ်လေ.) ...
တွယ်တာမှုနည်းလို့ ပူပင်ရတာလည်းနည်း စသည်ဖြင့် ကောင်းတဲ့အချက်တွေလည်းအများကြီး.
အိမ်ထောင်ရေးမှာတော့ ...
သာယာချမ်းမြေ့တဲ့အိမ်ထောင်ရေး မိသားစုဘဝတွေ တည်ဆောက်နေသူတွေအများကြီးဖြစ်သလို ...
ရည်းစားဘဝ နှစ်ပေါင်းများစွာ ကောင်းအတူ ဆိုးအတူကျော်ဖြတ်ပြီး အိမ်ထောင်သက်တမ်းသိပ်မကြာခင် လမ်းခွဲကြသူတွေ ဒု နဲ့ ဒေး ...
လက်ထပ်တယ်ဆိုတာ စာရွက်ပေါ်မှာ လက်မှတ်ထိုး လိုက်ရတာလွယ် မလွယ်တာထက် ...
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဖတ်ဖူးတဲ့စာလေးလိုပေါ့
' လက်ထပ်တယ်ဆိုတာ သူရယ် ကိုယ်ရယ် နှစ်ယောက်တည်းမဟုတ်ဘူး. သူ့ကိုလက်ထပ်ခြင်းဟာ သူ့အကျင့်စရိုက်နဲ့ သူ့မိသားစုကို လက်ထပ်ရခြင်း ' ဘဲတဲ့.
ဒါလေးကို ကျွန်မ နှလုံးသားထဲ စွဲမြဲခဲ့တယ်.
ရည်းစားဘဝမှာ ဘယ်လောက်ထိ သူ့အကြောင်းသိနိုင်လဲမသိပေမယ့် ... ကိုယ့်အပေါ်အချစ်လျော့မှာစိုးလို့ ...
ရည်းစားရှေ့ အီးအီးပေါက်တာတို့ နှာချေးကလော်တာတို့တော့ လုပ်မှာမဟုတ်ဘူးလေ.
အိမ်ထောင်သည်ဘဝတွေမှာ တစ်အိမ်တည်းအတူနေကြရင် သူ့အီးအီးပေါက်သံလည်း ကိုယ်ကြားချင်ကြားရမယ် ... အနံ့လည်းရချင်ရမယ် ... သူနှာချေးကလော်နေတာလည်း ကိုယ်မြင်ရမယ် စသည်ဖြင့်ရှိမယ်လို့ တွေးကြည့်မိပါတယ်.
ဒါတင်ဘယ်ကမလဲ ...
ကိုယ်က သူ့မိဘ သူ့မိသားစုကို ကိုယ့်မိဘ ကိုယ့်မိသားစုလိုချစ်နိုင်ဖို့ ...
သူက ကိုယ့်မိဘ ကိုယ့်မိသားစုကို သူ့မိဘ သူ့မိသားစုလိုချစ်နိုင်ဖို့ ...
ဆွေမျိုး ... ပတ်ဝန်းကျင် စသည်ဖြင့်တွေကြား လိုက်လျောညီထွေနေထိုင်ဖို့ ...
သားသမီးတွေရလာရင်လည်း ...
သားသမီးတွေအတွက်ငွေကြေးအလုံအလောက်ရှိဖို့ ...
သူတို့ကိုပြုစုပျိုးထောင်ဖို့ ...
ရှေ့ဆက်လျှောက်ရမယ့်ခရီးမှာ ...
အချစ်တွေထက် ကိုယ်ချင်းစာတရား ... နားလည်မှု ... ညည်းခံခွင့်လွှတ်မှုတွေက ပိုအရေးကြီးမယ်ထင်ပါတယ်.
ကိုယ်အိမ်ထောင်ဖက်က ...
အသောက်အစား ... လောင်းကစား ... ဖောက်ပြန်မှုကင်း ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်ဖို့ဆိုတာကလည်း ...
ကိုယ့်ကံကြမ္မာကိုယ်မမြင်ရသလိုပါဘဲ ...
တစ်ချို့ကလည်း စကားပုံလိုပါဘဲ ...
' မရခင်က ဖျာလိုလိပ် ထိပ်ပေါ်တင်. ရပြီးတော့ ဖျာလိုခင်း ခြေနဲ့နင်း ' တဲ့.
မယူခင်ကအကောင်း ယူပြီးမှ ဖောက်သွားသူတွေကလည်း ပတ်ဝန်းကျင်မှာ မြင်ရ ကြားရလို့ ကိုယ့်ကိစ္စမဟုတ်သည့်တိုင် သူများကိစ္စမြင်ရရုံနဲ့ စိတ်မကောင်းဘူး.
အိမ်ထောင်သက် နှစ် ၂၀ ကျော် နှစ် ၃၀ ကျော်ထိတောင်
မသေခင်ချိန်ထိ တစ်သက်လုံး သာယာချမ်းမြေ့ပါ့မလား မသေချာဘူး.
ပတ်ဝန်းကျင်မှာတွေ့ရတာတွေအပေါ် မှီပြီးပြောတာပါ.
ဒါပေမယ့် ... သက်ဆုံးတိုင် အဖိုးကြီး အဖွားကြီးဖြစ်တဲ့အထိ တစ်ယောက်လက်တစ်ယောက်တွဲ
တစ်ယောက်ကိုတစ်ယောက်ဖေးမ ...
အကြင်နာတွေနဲ့ သာယာချမ်းမြေ့ကြသူတွေလည်း အများကြီးပါ.
နောက်ဆုံးတော့ အိမ်ထောင်ရေးဆိုတာ ထီထိုးရသလိုပါဘဲ.
ကိုယ်ဝယ်လိုက်တဲ့လက်မှတ် ပေါက်မယ်ထင်ပြီးဝယ်ခဲ့တာ.
ပေါက်မပေါက်က ကိုယ့်ကံပေါ့.
ထီလက်မှတ်က မပေါက်လည်း ပိုက်ဆံဆုံးတာဘဲရှိတာ.
အိမ်ထောင်ရေးကတော့ လမ်းခွဲချိန်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးလိုက်ရတာတွေ အများကြီးထင်ပါတယ်.
တစ်ယောက်တည်းနေနေ ...
အိမ်ထောင်ပြုပြု အဓိကက ကိုယ့်စိတ် ... ခံယူချက် ... ဘဝနေထိုင်မှုအပေါ်မူတည်ပါတယ်.
ဥပမာ ... သိပ်ချမ်းသာချင်တဲ့ မိန်းကလေးနဲ့ ဘဝကိုရိုးရှင်းစွာဖြတ်သန်းချင်တဲ့ ယောင်္ကျားလေး ရည်းစားဘဝမှာ အဆင်ပြေကောင်းပြေနိုင်ပေမယ့် လက်ထပ်ပြီးချိန် နှစ်ယောက်တစ်ဘဝတည်ဆောက်တဲ့အခါ တစ်ဖက်ဖက်ကအလျော့မပေးရင် ရှေ့ခရီးဆက်လျှောက်ဖို့မလွယ်လောက်ဘူး.
ယောင်္ကျားလေးက မွေးရာပါ အေးဆေးစွာနေချင်သူ ...
မိန်းကလေးက မွေးရာပါ ချမ်းသာချင်သူ ...
' အသွင်တူမှ အိမ်သူဖြစ် ' ဆိုတာ အကြောင်းရှိလို့ ဒီစကားပေါ်လာတာပေါ့.
တဏှာချစ်ဟာ ကိုယ့်အတွက်ကိုယ်ကြည့်တာပါဘဲ.
မေတ္တာချစ်ဟာ သူ့အတွက်မို့ သူ့ကိုချစ်လို့ သူ့ဆန္ဒဦးစားပေးရင် ကိုယ့်အတ္တတွေကို ခဝချ ပြာဖြစ်လိုက်ရတာပါဘဲ.
သူ့ဆန္ဒ နဲ့ ကိုယ့်အတ္တလွန်ဆွဲ ...
သူကလည်း သူ့ဘက်ကိုသူဆွဲ ...
သူကလည်း ကိုယ့်ဘက်ကိုကိုယ်ဆွဲရင် ...
ဘယ်နှစ်ကြာကြာချည်ခဲ့တဲ့ သံယောဇဉ်ကြိုးဖြစ်ဖြစ် ပြတ်တောက်ရတာပါဘဲ.
မိန်းကလေးဖြစ်ဖြစ်
ယောင်္ကျားလေးဖြစ်ဖြစ်
ချောတာ မချောတာ
ပညာတတ်တာ မတတ်တာ
ပိုက်ဆံရှိတာ မရှိတာ ...
ဘာမှနဲ့မဆိုင်ဘဲ ...
ချစ်ကံကောင်းတယ်ဆိုတာ အတိတ်ဘဝတွေက ကံတွေနဲ့ ယခုဘဝကံတွေက ရာခိုင်နှုန်း အတော်များများပါသေးတယ်မို့လား.
နှလုံးသားရှိသူတိုင်းအချစ်ရှိကြတာပါဘဲ.
အချစ်ဆိုတာ ...
သူ့လက်ကိုတွဲထားမှ ...
သူ့နဲ့ လက်ထပ်စာချုပ်ပေါ် လက်မှတ်ထိုးမှ (အဲ့လို လက်မှတ်ထိုး သူ့ကို ကိုယ်ပိုင်ပြီထင်ပေမယ့် တရားဥပဒေအရပိုင်ပေမယ့် သူ့စိတ်နှလုံးကို ကိုယ်တစ်သက်လုံးပိုင်ဖို့ မသေချာပါဘူး.) ...
သူ့မျက်နှာကို နေ့တိုင်းကြည့်နေရမှ မဟုတ်ပါဘူး ...
ဒီကမ္ဘာကြီးပေါ် သူကျန်းမာစွာရှိနေပြီး သူလုပ်ချင်တာတွေလုပ် သူ့ဘဝနဲ့သူပျော်တယ်ဆို ကိုယ်ကျေနပ်အေးချမ်းရတာမျိုးပါ.
သူ့မှာ ပိုင်ရှင်မရှိသေးသ၍ သူလိုအပ်လာရင် ကူညီပေးဖို့ အမြဲအဆင်သင့်ရှိတတ်တဲ့ သူငယ်ချင်းကောင်းလိုမျိုး ...
ကိုယ်ဂျီကျချင်ရင်လည်း အချိန်မရွေးလှမ်းဂျီကျတတ်တဲ့ ညီမလေးတစ်ယောက်လိုမျိုး ...
သူနေထိုင်မကောင်းချိန် သူ့မေမေကိုမှီမှာမဟုတ်ပေမယ့်လည်း မိခင်တစ်ယောက်လို စောင့်ရှောက်မှုပေးနိုင်သူမျိုး ...
အချိန်တန်လို့ ရေစက်ကုန် သူကိုယ့်ထက် ရေစက်ပိုပါသူနဲ့ လက်တွဲမယ်ဆို အချိန်မရွေးဖြတ်တောက် စွန့်လွှတ်နိုင်ဖို့ အသင်ပြင်ထားတဲ့ သံယောဇဉ်မျိုး ...
ရေစက်ကသက်ဆုံးတိုင်ပါတယ်ဆိုလည်း ... တွယ်တာမှုနည်းနည်းနဲ့ သူ့ကို အကုသိုလ် အနည်းဆုံးပေး ... သူ့ကုသိုလ်ကောင်းမှုတွေအတွက် ပါရမီဖြည့်ရသူမျိုး ...
ဒီလောက်ပါဘဲ ...
ဒီလိုချစ်ခြင်းက အဓိပ္ပါယ်မရှိဘူး ထင်ချင်ထင်လို့ရသလို ကြိုက်သလို သဘောထားကွဲလွဲလို့ရပါတယ်.
အဓိကက ချစ်ခြင်းမေတ္တာမှာ အတ္တအနည်းဆုံး နဲ့ အကုသိုလ်ကင်းချင်မိတာပါ.
တစ်ယောက်တည်း နေနေ ...
အိမ်ထောင်ပြုပြု ...
အကုသိုလ်နည်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကိုယ်ချစ်ရသူတွေကို ကုသိုလ်များများပြုဖို့ ပါရမီဖြည့်ဖက်တွေဖြစ်ရင်
နောင်ကျင်လည်ရမယ့် သံသရာအတွက် ကောင်းမှာပေါ့နော်.
တစ်ယောက်တည်းပါဘဲ ... ဒါပေမယ့် ... မေတ္တာအချစ်တွေအောက်မှာ သောကနည်းနည်းနဲ့ အေးချမ်းနေပါတယ်.