ဒီခေတ်ထဲမှာ လူတွေဟာ တဖြည်းဖြည်းနဲ့ စာအုပ်အထူကြီးတွေ
မဖတ်ချင်ကြတော့ပါဘူး။ (အကုန်လုံးတော့မဟုတ်ပါ..ဖတ်ချင်တဲ့
သူတွေလည်းရှိနေပါသေးတယ်)။ ဘာလို့ စာအုပ်အထူကြီးတွေ
မဖတ်ချင်တော့တာလည်းဆိုရင် Technology ရဲ့ အခန်းကဏ္ဍ
အများကြီးပါဝင်နေပါတယ်။ ကျွန်တော်တို့နိုင်ငံလို နည်းပညာ
အခန်းကဏ္ဍ ရုတ်တရက်ကြီး တိုးတက်လာတဲ့နိုင်ငံလို နိုင်ငံမျိုးမှာ
ဆိုပိုဆိုးပါတယ်။ ကွန်ပျူတာကတစ်ဆင့်...ဖုန်းကိုပြောင်းသုံး...
Gtalk, Gmail က တစ်ဆင့် Facebook ကို ပြောင်းသုံးတဲ့
Generation က ပမာဏနည်းပါတယ်။ လက်ထဲကို ဖုန်းချက်ချင်း
ရောက်လာပြီး Facebook အကောင့်ဖွင့်သုံးတဲ့ ပမာဏကပိုများ
ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Facebook ပေါ်မှာ စာဖတ်ကြတဲ့
သူများစု (ကျွန်တော်အပါအဝင်) ဟာ စာအရှည်ကြီးတွေမဖတ်ချင်
ကြပါဘူး။ ဘာလို့လည်းဆိုတော့ Facebook ကို စာအုပ်တစ်အုပ်
လိုမြင်ပြီး သုံးကြတာ မဟုတ်လို့ပါပဲ။ Facebook ကို Relaxation
လုပ်ဖို့ သုံးကြတာများပါတယ်။ စာတိုလေးတွေဖတ်မယ်...ဗီဒီယို
လေးတွေကြည့်မယ်..ပုံလေးတွေတင်မယ်...စသဖြင့် ရည်ရွယ်ချက်
နဲ့သုံးကြတဲ့အတွက် စာအရှည်ကြီးတွေဆို ကျော်သွားကြတာများ
ပါတယ်။ ဒီ Habit ဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲကို တဖြည်းဖြည်း
နဲ့ ဝင်လာပါတယ်။ စာဆိုရင် လိုရင်းနဲ့တိုရှင်းရေးထားတာကို ဖွဲ့နွဲ့ထား
တာထက် ပိုသဘောကျလာပါတယ်။ တစ်ခါတစ်ရံလောက်ပဲ ဖွဲ့နွဲ့ထား
တာကို သဘောကျမိပြီး များသောအားဖြင့် လိုရင်းတိုရှင်း ခေါင်းထဲ
အမြန်ရောက်တဲ့စာကိုပဲ သဘောကျမိကြပါတယ်။ ဒီလိုစာမျိုးကို
Digestible Content လို့ခေါ်ပါတယ်။ အစားအစာနဲ့ ယှဉ်ပြောရရင်
အစာကြေလွယ်တဲ့ အစားအစာလို့ ပြောလို့ရပါတယ်။
ဘာလို့ Digestible Content ကို ကြိုက်ကြတာလဲ...
“အချိန်မရှိဘူး” ဆိုတဲ့စကားလေး ပြောဖူးလား...ကျွန်တော်တော့
ဒီစကားကို ခဏခဏ ကြားဖူးနေတယ်။ လူတိုင်းလိုလိုပြောကြ
တယ်။ ဒီစကားရဲ့ တကယ့် ဆိုလိုရင်းက “အချိန်မပေးချင်ဘူး”
ဆိုတာနဲ့ ထပ်တူကြပါတယ်။ စာအုပ်ကြီးကိုင်ဖတ်ဖို့ အချိန်မရှိပါ
ဘူးကွာ...လို့ပြောတာဟာ စာအုပ်ကြီးကိုင်ဖတ်ဖို့ ငါအချိန်မပေး
ချင်ဘူးကွာနဲ့ တကယ်တော့ တူညီနေပါတယ်။ ဘာလို့အချိန်မရှိ
တာလဲ...တကယ်တော့ ကျွန်တော်တို့ များသောအားဖြင့် ဖုန်းတစ်
လုံးနဲ့ အလုပ်ရှုပ်နေကြလို့ပါ။ (အလုပ်ရှုပ်ချင်ယောင်ဆောင်နေကြ
လို့ပါ)။ ဖုန်းဟာ စွဲလမ်းမှုတစ်မျိုးဖြစ်ပါတယ်။ စာရေးသူ ကျွန်တော်
အပါအဝင် မလွန်ဆန်နိုင်တဲ့ နည်းပညာစွဲလမ်းမှုတစ်မျိုးဖြစ်ပါ
တယ်။ တကယ်တော့ အဲ့ဒီဖုန်းသုံးတဲ့အချိန်ထဲက မိနစ်၃၀လောက်
ဖဲ့ပေးရင်တောင် တစ်လမှာ အနည်းဆုံး စာအုပ် ၂အုပ်လောက်
ပြီးပါတယ်။ ဒါပေမယ့် တော်တော်များများ ဖုန်းပေါ်က ဖတ်ရလွယ်
တဲ့စာကိုပဲသဘောကျလေ့ရှိကြပါတယ်။
ကျွန်တော်ဟာ Digestible Content ကြိုက်သူတစ်ယောက်ပါ။
ကျွန်တော်စာတွေ စရေးထဲက နားလည်ရလွယ်တဲ့စာပဲ ရေးခဲ့ပါ
တယ်။ အဖွဲ့အနွဲ့ဆိုတာ အရမ်းရှားပါတယ်။ ကျွန်တော့်ကို ကျွန်တော်
စာပေသမား မဟုတ်ဘူးလို့ ပြောလည်း စိတ်မဆိုးပါဘူး။ ကျွန်တော်
ရေးတဲ့စာတွေမှာ အနုပညာဖန်တီးမှုတစ်ခုဆိုတာထက် စာဖတ်
သူ တော်တော်များများရဲ့ နားထဲကို တိုက်ရိုက် ရောက်အောင်၊
နားလည်ရလွယ်အောင်ပဲ အားထုတ်လေ့ရှိပါတယ်။ ကျွန်တော့်
စာအရေးအသား ဖွဲ့နွဲ့ပုံကို ချီးကျူးခံချင်တဲ့ စိတ်နဲ့မရေးခဲ့ပါဘူး။
စာဖတ်သူပေါင်းစုံ နားလည်ရလွယ်အောင် ရေးခဲ့ပါတယ်။ပညာ
တတ် အတန်းအစားတွေနားလည်ရအောင်ပဲရေးရင်..ပညာ
ကောင်းကောင်း သင်ခွင့်မရတဲ့သူတွေ ဘယ်လိုလုပ်ဖတ်နိုင်
မှာလဲ။ အချို့တွေက နားလည်ရလွယ်တဲ့စာတွေကို “လူပြိန်းကြိုက်”
လို့ ပြောလေ့ရှိကြပါတယ်။ အဲ့ဒီအသုံးအနှုန်းကိုတော့ သဘော
မကျပါဘူး။ သာမန်လူတွေ၊ အသိဥာဏ်မရင့်သန်သေးတဲ့
လူတွေကို နားလည်အောင်ရေးပေးတဲ့ Content ဆိုတာလည်း
ရှိသင့်ပါတယ်။ အားလုံးဟာ မွေးတုန်းက လူပြိန်းတွေချည်းပါပဲ။
သင်ပေးတဲ့သူကောင်းလို့၊ ပတ်ဝန်းကျင်ကွာခြားလို့၊ ပျိုးထောင်
သူ ကွာခြားလို့ အသက်ကြီးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်
အသိဥာဏ်မတူကြတော့တာပဲရှိပါတယ်။ ကိုယ်က ရှေ့ရောက်နေ
လို့ ဆိုပြီး ဗဟုသုတနည်းနေသူတွေကို ထားခဲ့လို့မရပါဘူး။ အသိ
ဥာဏ်နည်းလှချည်လားဆိုပြီး ထိုင်အော်နေမယ့်အစား ကိုယ်သူတို့
ကို ဆွဲတင်ဖို့ ဘာတွေလုပ်ပေးလို့ရမလဲဆိုတာ ပိုစဉ်းစားသင့်တယ်
လို့ထင်ပါတယ်။ စာဖတ်ကျင့်မရှိတဲ့သူတစ်ယောက်ကို စာကြီးပေကြီး
တွေ ဖတ်ပါလို့ ပြောတာဟာ ပိုက်ဆံမရှိတဲ့သူတစ်ယောက်ကို
iPhone ဝယ်ကိုင်ပါလားလို့ ပြောတာနဲ့ အတူတူပါပဲ။
ဖြည်းဖြည်းချင်းဆွဲခေါ်မှ ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ အရင်
ဆုံး Digestible Content လေးတွေနဲ့ ဆွဲခေါ်ပြီး အခြားကောင်းမွန်
တဲ့စာတွေကို လမ်းညွှန်မှသာ သူတို့လိုက်နိုင်မယ်လို့ထင်ပါတယ်။
ကျွန်တော် နားလည်ရလွယ်တဲ့စာလေးတွေရေးပေမယ့် စာဖတ်ရ
တာ ကြိုက်လာတဲ့ စာဖတ်သူတွေကို အခြားစာအုပ်ကောင်းတွေ
ညွှန်ပေးလေ့ရှိပါတယ်။ သူတို့လည်း တစ်ဖြည်းဖြည်းနဲ့ စာပေကောင်း
တွေကို စိတ်ဝင်စားလာကြပါတယ်။ အချို့ဆို စာဖတ်ဝါသနာတောင်
ရသွားကြပါတယ်။
Digestible Content ဟာ ဖန်တီးသူအတွက် လွယ်လား...
အချို့ က Digestible Content ရေးရတာ လွယ်တယ်ထင်ကြ
တယ်။ အကြောင်းအရာသေးသေးလေးကို ချဲ့ကား၊ဖွဲ့နွဲ့ပြီးရေးတာ
ဟာခက်သလို...အကြောင်းအရာ အကြီးကြီးကို ထိထိမိမိဖြစ်
အောင်ချုံ့ရတာလည်း လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ အရသာ
မပျက်အောင် ချုံ့ရတာက ပိုခက်ပါတယ်။ ကျွန်တော့်စာအုပ်
တွေမှာဆိုရင် စာမျက်နှာရေ သိပ်များလေ့ မရှိပါဘူး။ တတ်နိုင်
သမျှ ချုံ့ထားပါတယ်။ စာရွက်ရေနည်းလို့ သိပ်မကြိုက်တဲ့သူတွေ
လည်း ရှိကြပါတယ်။ ဒါကတော့စာဖတ်သူတွေ သဘောထား
ကွဲလွဲခွင့်ရှိပါတယ်။ ကျွန်တော်ကတော့ အချိန်အကြာကြီးပေး
ဖတ်ပြီး ခေါင်းထဲမှာ သိပ်မကျန်တဲ့စာထက် အချိန်သိပ်မပေးရပဲ
ခေါင်းထဲကို တန်းတန်းမတ်မတ်ဝင်တဲ့ စာမျိုးကို ပိုသဘောကျလေ့
ရှိပါတယ်။ (ချွင်းချက်...တစ်ခါတစ်လေ Relax လုပ်ချင်လို့ဖတ်တဲ့
အခါမျိုးမှာတော့ အရှည်ကြီးတွေလည်း ဖတ်ပါတယ်။)
ဒီစာက စာကြီးပေကြီးကို မဖတ်နဲ့လို့ပြောတာ လုံးဝမဟုတ်ပါ။
ဖြေးဖြေးချင်း အဆင့်တက်သွားဖို့ တိုက်တွန်းချင်တာပါ။ Digestible
Content ဟာ အားသာချက်ရှိသလို အားနည်းချက်ရှိပါတယ်။
စာအရှည်ကြီးကို ဖတ်ရလွယ်အောင်၊စာဖတ်သူမပျင်းအောင်
ချုံ့ထားရတဲ့အတွက် လိုအပ်ချက်တွေ ရှိနို်င်ပါတယ်။ Digestible
Content ဖတ်ရတာ သဘောကျလာပြီဆိုရင် စာအုပ်စာပေကောင်း
တွေ ဆက်ပြီးဖတ်ပါ။ တစ်ဖြည်းဖြည်း စာပေကောင်းတွေကိုပါ
သဘောကျလာပါလိမ့်မယ်။ လွယ်လွယ်ဖတ်တဲ့အဆင့်မှာတော့
မရပ်ပါနဲ့။ အခြား နာမည်ကျော် စာရေးဆရာများစွာရဲ့
ကောင်းမွန်တဲ့ စာပေတွေဆီ ကူးပြောင်းပါ။ စာဖတ်ခြင်းကို
တဖြည်းဖြည်းမွေ့လျှော်လာပါလိမ့်မယ်။
စာကြွင်း "Content" ဆိုသောအသုံးအနှုန်းဟာ စာတစ်ခုတည်း
ကိုရည်ညွှန်းတာမဟုတ်ပါ။ ဓာတ်ပုံ၊ စာ၊ ဗီဒီယို၊ အသံစသဖြင့်
အားလုံးကိုလည်း Content လို့ခေါ်ပါတယ်။ အထက်ပါစာမှာ
တော့ "စာ"အကြောင်းကို အလေးထားပြီးရေးထားတာပါ။
ဒီစာဟာ ကျွန်တော့်ရဲ့ အမြင်သာဖြစ်ပြီး လွတ်လပ်စွာ သဘောထား
ကွဲလွဲနိုင်ပါတယ်။
ဖတ်မိသမျှကိုပြန်လည်ဝေမျှသည်
Smt 62