မြန်မာ-အိန္ဒိယ နယ်စပ် မိုရေးမြို့ဆန္ဒပြပွဲကြောင့် တမူးနယ်စပ်ဂိတ် ပိတ်

Words
120
Reading
1 min
Listen
Play
7y

Shared From Dlike

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့တွင်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲအဓိကရုဏ်းကြောင့် မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် တမူးနယ်စပ်ဂိတ်ကိုပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

မိုရေးမြို့ဒေသခံများသည် တမူးမြို့နန်းဖာလုံဈေးမှ ၎င်းတို့ဝယ်ယူလာသည့် ကုန်ပစ္စည်းများကို လုံခြုံရေး တင်းကျပ်စွာစစ်ဆေးမှုကြောင့် မိုရေးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်စစ်သားများကို သြဂုတ်လ ၂၁ ရက်နေ့မှ စတင်၍ ကားလမ်းအားလုံးကိုပိတ်ထားခြင်း၊ လမ်းမများပေါ်တွင် ကားတာယာများနှင့် ပီပါများကို မီးရှို့ခြင်း၊ တုတ်၊ ဓားများကိုင်ကာ လူအုပ်စုလိုက် လမ်းမများပေါ်တွင် သွားလာနေကြခြင်းဖြင့် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားနေသည့်အတွက် စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ နန်းဖာလုံဈေးအနီးရှိ နယ်စပ်ဂိတ်ကို သြဂုတ်လ ၂၂ ရက်နေ့အထိ ပိတ်ထားကြောင်း နန်းဖာလုံဈေးသူဈေးသားများက ပြောကြားသည်။

"ဂိတ်ပိတ်ထားတော့ ဈေးတွေလည်း မဖွင့်ကြဘူး။ ဆိုင်တွေလည်း မဖွင့်ကြဘူး။ ဆိုင်ရှင်းချင်တဲ့သူလောက်ပဲ ဖွင့်ကြတယ်။ ပိတ်ထားကြတာများတယ်" ဟု နန်းဖာလုံဈေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ချိုက ပြောဆိုသည်။

တမူးမြို့နယ်တွင် မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်အဖြစ် ဂိတ် ၁ နှင့် ဂိတ်၂ ဟူ၍ နှစ်ခုရှိပြီး ဂိတ်၂ သည် နန်းဖာလုံဈေးအနီးရှိကာ တစ်ပိုင်တစ်နိုင်ဝယ်ယူခြင်းကို ခွင့်ပြုထားသည့် ဂိတ်ဖြစ်သည်။

ဂိတ် ၁ သည် နှစ်နိုင်ငံ နိုင်ငံသားများအပါအ၀င် တတိယနိုင်ငံသားများပါ တရားဝင် နယ်စပ်ဖြတ်သန်းသွားလာမှုကို ခွင့်ပြုထားသည့် ဂိတ်ဖြစ်ကာ ကွမ်းသီးအပါအ၀င် အခြားကုန်စည်များကို ကားများဖြင့် တင်ဆောင်သွားလာခွင့်ပြုသည့် ဂိတ်ဖြစ်သည်။

ဆန္ဒပြမှုကြောင့် ဂိတ် ၂ ကို ပိတ်ထားသော်လည်း ဂိတ် ၁ ကိုမူ ပိတ်ထားခြင်းမရှိကြောင်း၊ သို့သော် ဂိတ်နှင့် မိုရေးမြို့အကြား ကားလမ်းပေါ်တွင် အတားအဆီးများ ပြုလုပ်ကာ လူများဖြင့် စောင့်ကြပ်မှုများရှိနေခြင်းကြောင့် အသွားအလာမရှိကြကြောင်း ကုန်သည်များက ပြောကြားသည်။

ယင်းအခြေအနေကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှာ ရပ်တန့်သွားခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

Source of shared Link



မြန်မာ-အိန္ဒိယ နယ်စပ် မိုရေးမြို့ဆန္ဒပြပွဲကြောင့် တမူးနယ်စပ်ဂိတ် ပိတ် | Ecency