အမေ---
ရန်ကုန်မှာ မိုးတွေသဲသဲမဲမဲရွာတဲ့အချိန်တွေဆို
ကျနော့်စိတ်တွေ အဝေးပြေးကားကြီးစီးစရာမလိုပဲ
အမေနဲ့ရွာဆီ ရောက်နေတတ်တယ်.....
မှတ်မိသေးတယ်အမေ---
မိုးရေတွေကြားထဲ အမေနဲ့ကျွန်တော်
ဈေးရောင်းသွားရင်း မြောင်းဘောင်တန်းမှာ
သရက်သီးတွေကောက်....
အိမ်အပြန် မိုးခြိမ်းသံတွေကြားမှာ
ကုက္ကိုလ်ပင်အောက်က ရပ်စောင့်နေတတ်တဲ့အဖေ
ညစာထမင်းလက်ဆုံစားဖို့
ညီလေး ညီမလေးတွေက
နွားစင်ကြီးအောက်မှာ အမြဲမျှော်နေတတ်တယ်
မိုးသဲတဲ့တချို့ညတွေဆို ....
အိမ်ခေါင်မိုးကမိုးမလုံလို့
ခေါင်းရင်းခန်းက အမေ့စောင်ခြုံထဲပြေးဝင်
မောင်နှမတွေ စုပြုံအိပ်ရတာ
ဇိမ်ခံဖဲမွေ့ယာတေနဲ့တောင် မလဲနိုင်ပါဘူးအမေ
ပျော်ရွှင်စရာအတိတ်က လွမ်းစရာပုံရိပ်ကလေးတွေ
ခုတော့လဲ မိသားစုနဲ့အဝေး
မွန်းကျပ်တဲ့မြို့ပြလူနေမှုစနစ်မှာ
ရုန်းရင်း ကန်ရင်း လှုပ်ရှားရင်း
အမေ့အိမ်လေးနဲ့ခွဲခဲ့ရတာ နှစ်တောင်အတော်ကြာခဲ့ပြီ
လွမ်းတယ်အမေ.....
ရန်ကုန်မှာ မိုးတွေညှို့လာရင်
အမေရှိတဲ့ကျေးလက်ကအိမ်
အမေ့ရင်ခွင်ထဲကို
မိုးရေဖွေးတဲ့ လယ်ကွင်းပြင်တွေဖြတ်လို့
အပြေးလာချင်မိတယ်......
Photo-credit