ll ကျွန်တော်က ကဗျာဆရာဖြစ်ချင်တယ်လို့ပြောတော့ ညီမလေးက သဲ့သဲ့လေးရယ်တယ် ll
လောကဓံဆိုတာ
အဆိပ်ပြင်းတဲ့မြွေတစ်မျိုးပေါ့
ညီမလေး အလမ္ပာယ်ဆရာဖြစ်ဖို့ပဲ လိုတယ် ၊၊
ညှိခြယ်လို့မရတဲ့ အရာထဲမှာ အပြာရောင်တွေပါတယ် ညီမလေး ၊
ဘာပဲဖြစ်ဖြစ်
မာနတွေ ဝါဝင်းနေပါစေ ၊၊
ကျွတ်ဆတ်နေတဲ့ သက္ကရာဇ်တွေအားလုံး
ကိုယ့်အရိပ်ကို ပြန်မိုးနေကြတာချည်းပဲ
ကြည်လင်တဲ့ ရေတစ်ခွက်နဲ့
အသက်တစ်ရက်ရှင်ရလည်း တန်တယ် ၊၊
ညလေ ည
မှောင်ပြရတယ် ညီမလေး
အဆီတဝင်းဝင်းနဲ့မြို့ပြတွေကို သွားရည်မကျနဲ့ ၊၊
တစ်ချို့ပင်လယ်တွေမှာတော့ မျက်နှာနှစ်ခုပေါ့
သွေးထွက်မပြပေမယ့်
ဒဏ်ရာတွေက သိပ်ခမ်းနားတယ် ၊၊
ထားခဲ့ ညီမလေး
အရာအားလုံး ထားခဲ့ ၊၊
ကဗျာကလွဲပြီး ဘာမှမထားတဲ့အခန်းငယ်ထဲ
သံယောဇဉ်ပါးပါးလေးနဲ့နွေးကြမယ် ၊၊
ခန့်ဝေး